MPU

အခု ရက်ပိုင်း MPU နဲ့ တော်တော်လေးကို အဆင်မပြေဖြစ်တယ်။ unique မှာ သွားဝယ်တိုင်း အမြဲလိုလို လိုင်းကြနေတော့ သီးသန့် ATM ဆီသွားရတယ်။ laptop ဝယ်ဖို့ ၁၀ သိန်းကျော်သည့် အခါမှာ ညနေ ဆိုတော့ ဘဏ် ပိတ်တာရယ် နောက်ပြီး ဘဏ်မှာ မစောင့် ချင်တာကြောင့် ၂ ရက် ခွဲထုတ်ရတယ်။ တကယ်ကို အဆင်မပြေတာ အမှန်ပဲ။

ကျွန်တော် နားမလည်နိုင်တာက MPU POS က ဘာလို့အမြဲ လိုလို လိုင်းကျနေသလဲဆိုသည့် အချက်ပဲ။ အရင်က dial up သုံးသည့် အတွက်ကြောင့် နှေးတယ် အဆင်မပြေဘူး။ အခု 4G sim card တွေ ပါသည့် POS တွေ ပြောင်းထားတာ တွေ့တယ်။ အရင်ကလောက် မကြာတော့ဘူး။ ဒါပေမယ့် အမြဲတန်း connection fail ဖြစ်နေတယ်။ MPU နဲ့ ပေးဖို့ အခွင့်အရေးက ၃၀ ရာခိုင်နှုန်း လောက်ပဲရှိတယ်။ ပေးမယ်လုပ်တိုင်း လိုင်းကျနေတယ် အစ်ကို ဆိုတာပဲတွေ့တယ်။ သူတို့လည်း POS device လေးကို ပြပါတယ်။ connection fail ဖြစ်နေတယ်ဆိုပြီး ပြနေတယ်။ restart အကြိမ်ကြိမ်လုပ်ပေမယ့် မရသည့် အတွက်ကြောင့် အမြဲ ATM က သွားထုတ်နေရတယ်။

ပြဿနာ

ကျွန်တော်ကတော့ MPU ကို ရန်ကုန်မှာ နေရာတိုင်း အသုံးပြုနိုင်လောက်အောင် ဖြစ်စေချင်တယ်။ MPU ကို နေရာတိုင်း အသုံးပြုဖို့ အတွက် အသစ် အသစ်တွေ လုပ်နေမယ့် အစား လက်ရှိဖြစ်နေသည့် ပြဿနာ တွေ ကို အရင် ရှင်းစေချင်တယ်။ ဖြစ်နေသည့် ပြဿနာတွေက

၁။ ခဏခဏ လိုင်းကျနေခြင်း
၂။ လကုန်ရက် ATM တွေမှာ ငွေထုတ်မရခြင်း
၃။ online payment အတွက် email လိုအပ်ခြင်း
၄။ bank to bank transfer လုပ်မရခြင်း

Developer တွေ အနေနဲ့ online မှာ အသုံးပြုမယ် ဆိုရင်

၁။ အသုံးပြုသူ နည်းပါးခြင်း
၂။ စမ်းဖို့ အတွက် ဘဏ်ကို ဖုန်းခေါ်ရခြင်း
၃။ ကိုယ်ပိုင် UI မဖန်တီးနိုင်ခြင်း
၄။ store card မရခြင်း

စတာတွေ ကြုံနေရတယ်။

Developer ပြဿနာ ထက် သာမာန် အသုံးပြုသူ ပြဿနာတွေ ကို အရင် ရှင်းဖို့ လိုတယ်။

ခဏခဏလိုင်းကျခြင်း

ဘာလို့ အမြဲလိုလို POS device တွေက အလုပ်မလုပ်တာလဲ။ အလုပ်မလုပ်ခဲ့ရင် ဘယ်ကို ဆက်သွယ်ဖို့ လိုလဲ။ နောက်ထပ် ပြဿနာက ပေးနေရင်း connection fail ဖြစ်သွားရင် ဘဏ်ထဲက ပိုက်ဆံ ဖြတ်တယ်။ success တော့ မဖြစ်သွားဘူး။ ကိုယ့် account ထဲ ဝင်ဖို့ ၂ ပတ် ပြန်စောင့်ရတယ်။ ကိုယ်က ပစ္စည်းဝယ်ဖို့ ငွေ အတိအကျ နဲ့ ဆိုရင် အဲမှာ ပြဿနာ ဖြစ်ပြီပဲ။ ဝယ်ဖို့ ပစ္စည်းက MPU နဲ့ပေးမှ ဝယ်လို့ မရ။ ကိုယ့်ငွေတွေက ၂ ပတ်လောက် hold လုပ်ထားခံထိတယ်။ လကုန်ထိပါသွားရင် ဘဏ်တိုးလည်း မရ။ အဲဒီပြဿနာ ကြောင့် ဝယ်မယ့် ပစ္စည်းထက် ငွေ ၂ ဆ မရှိရင် MPU နဲ့ မပေးရဲဘူး။ ၂ ဆ လောက်ရှိရင်တော့ MPU နဲ့ ပေးဖို့အမြဲကြိုးစားကြည့်ပါတယ်။

ဒီပြဿနာကို MPU အနေနဲ့ ဘဏ် နဲ့ ညှိပြီး ဖြေရှင်းပေး စေချင်တယ်။ MPU နဲ့ ဘယ် ဆိုင်ကမှ မရောင်းချင်ကြဘူး။ လိုင်းကျသွားရင် ပြန်ရှင်းပြရတာ အလုပ်ရှုပ်ပြီးတော့ ဈေးဝယ်သူက သူ့ပိုက်ဆံ ထိရင် ဒေါသထွက်လို့ ရှင်းပြရတာ ခက်တယ်။ နောက်ပြီး သူ့မှာ ငွေမလောက်တောရင် လက်ရှိ ဝယ်ထားသည့် ပစ္စည်းတွေ ရောင်းလို့ ရမှာ မဟုတ်တော့ဘူး။

POS လိုင်းကျနေတာနဲ့ ချက်ခြင်း ဖုန်းခေါ်ပြီး ဖြေရှင်းဖို့ customer support ရှိစေချင်တယ်။
Connection fail ဖြစ်သွားလို့ void ရရင် ၂ ပတ်ထက် ပိုမြန်စေချင်တယ်။ ဖြစ်နိုင်ရင် ၃ ရက်လောက် နဲ့ ငွေပြန်ရရင် အကောင်းဆုံးပဲ။ ပေးနေရင်း တန်းလန်း လိုင်းမကျသွားရင်တော့ အကောင်းဆုံးပဲပေါ့ဗျာ။

လကုန်ရက် ATM တွေမှာ ငွေထုတ်မရခြင်း

ဒီဲပြဿနာက ဘဏ်က ဖြစ်တာလည်း MPU infrastructure က ဖြစ်တာလား ဆိုတာကို သိချင်တယ်။ MPU ရဲ့ လက်ရှိ infra က ရန်ကုန် တစ်မြို့လုံး တပြိုင်တည်း ATM , online, POS စတာတွေ သုံးဖို့ အဆင်သင့် ဖြစ်ပြီလား ဆိုတာကို စဉ်းစားဖို့လိုတယ်။ မဖြစ်သေးရင် ဘာကြောင့် မဖြစ်သေးတာလဲ သိချင်မိတယ်။ MPU ပေါ်လာတာ ကြာလှပြီ။ အခု အချိန်ထိ အသင့် မဖြစ်သေးဘူးလား။ ဘာကြောင့်လဲ။ ဘယ်လို ဖြေရှင်းလို့ ရမလဲ ဆိုတာကို စိတ်ဝင်စားမိတယ်။

online payment အတွက် email လိုအပ်ခြင်း

OTP code ကို email ထဲ ပို့တာက အခု ၂၀၁၈ မှာ အလုပ်မဟုတ်တာ အမှန်ပဲ။ ဖုန်း SMS အတွက် ပိုက်ဆံ ပေးရတယ်။ ဒါကို ကျွန်တော် လက်ခံတယ်။ SMS charge အတွက် ကျွန်တော်တို့ transaction rate မှာ အခု percentage ထက် ပိုယူလိုက်ရင် အဆင်ပြေတယ်။ လူသုံးများလာရင် SMS charge က ပြန်ပြီး cover ဖြစ်လာနိုင်တယ်။ မြန်မာတစ်နိုင်ငံလုံး မဆိုနဲ့ ရန်ကုန်မှာ လူတော်တော်များများမှာ email မရှိဘူး။ ecommerence အတွက် email လိုတယ်ဆိုတာက အဓိပ္ပာယ် မရှိလှဘူး။ email ကလည်း OTP အတွက် ပဲလိုအပ်တာ။ ဘဏ်တွေတောင် သူတို့ ibankng login အတွက် SMS charge ကို အရှုံးခံထားပြီး အသုံးပြုသူ အဆင်ပြေဖို့အတွက် လုပ်ထားသေးတာပဲ။ ဘာလို့ MPU က sms ဖိုးကို တွက်နေလဲဆိုတာတော့ မသိဘူး။ Mass amount နဲ့ SMS ပို့မှာ ဖြစ်လို့ telecon တစ်ခုခု နဲ့ ညှိပြီး ဈေးသက်သာ အောင် မလုပ်နိုင်ဘူးလား ဆိုတာလည်း တွေးစရာ ဖြစ်နေတယ်။ ဖြစ်နိုင်ရင် MPU logo ပါသည့် card တိုင်းဟာ ဘဏ်မှာ register လုပ်ထားလည့် ဖုန်းနံပတ်နဲ့ MPU နဲ့ online မှာ ပေးလို့ရသင့်တယ်။ ဘဏ်တွေ အနေနဲ့လည်း ecommerence ဖွင့်ဖို့ အတွက် ပြောစရာ မလိုပဲ ဖုန်းနံပတ် ရှိတာနဲ့ တစ်ခါတည်း တွဲပြီး ဖွင့်ပေးစေချင်တယ်။ ဖုန်းနံပတ်ပြောင်းမယ်ဆိုရင်တော့ ဘဏ်ကို ဆက်သွယ်ပြီး ပြောင်းဖို့တော့ လိုလိမ့်မယ်။ iBanking ရတာနဲ့ MPU မှာ ရသင့်တယ်။ အခုတော့ MPU card ကိုင်ထားသည့် သူတော်တော်များများဟာ online မှာ သုံးလို့ရတယ် ဆိုတာ ကို မသိကြဘူး။

bank to bank transfer လုပ်မရခြင်း

တကယ်တန်း MPU ရဲ့ အဓိက ရည်ရွယ်ချက်က ပြည်တွင်း ဘဏ်တွေ အချင်းချင်း တိုက်ရိုက် မဟုတ်ပဲ MPU နဲ့ ကြားခံပြီး ငွေထုတ်လို့ ရဖို့ပဲ။ ဒါကြောင့် KBZ ကဒ်နဲ့ AYA မှာ ငွေထုတ်လို့ ရအောင် ဖန်တီးထားတယ်လို့ နားလည်တယ်။ ဒါဆိုရင် ဘာလို့ online transfer က မရလည်း ဆိုတာတော့ နားမလည်နိုင်သေးဘူး။ bank to bank transfer သာ ရခဲ့ရင် ကျွန်တော်တို့အနေနဲ့ အချိန်တွေ အများကြီး သက်သာသွားမယ်။ အခုတော့ KBZ မှာ စောင့်ပြီး ငွေထုတ်။ Aya မှာ ငွေပြန်သွင်းဖို့ ထပ်စောင့်။ KBZ ကနေ Aya ကို လမ်းလျှောက်ပြီးသွားရ။ ဝေးရင် ကားနဲ့သွားသည့် အခါ ဓာတ်ဆီဖိုးပါ ထပ်ကုန်ရသေးတယ်။ Bank To Bank , Fast transfer အတွက် charges အနည်းငယ်ယူရင်တောင် ပေးမယ့် လူတွေ အများကြီး ရှိတယ်လို့ ယုံကြည်တယ်။ ဘာဖြစ်လို့ အခုအချိန်ထိ မရနိုင်တာလည်း တော့ မသိဘူး။

အသုံးပြုသူ နည်းပါးခြင်း

Online မှာ MPU နဲ့ပေးလို့ရတယ် ဆိုပေမယ့် ကဒ်က ecommernece ကို မဖွင့်ထားရင် ပေးမရဘူး။ ဒါကို သုံးစွဲသူတွေ ကို နားလည်အောင် နည်း ရှင်းပြရတယ်။ ဒါက လုံးဝကို အဆင်မပြေတာ။ MPU ကဒ်ကိုင်ထားသည့် သူတိုင်းက online မှာပေးလို့ရသင့်တယ်။ ဒါမှသာ website တွေ App တွေမှာ integration လုပ်ရတာ အဆင်ပြေလိမ့်မယ်။ အခုတော့ MPU ကဒ်ကိုင်ထားသည့် သူတွေများပြီးတော့ online payment လုပ်မရတာ အတော့်ကို ဂွကျသည့် အခြေအနေပဲ။

စမ်းဖို့ အတွက် ဘဏ်ကို ဖုန်းခေါ်ရခြင်း

အရင် က ဖုန်းခေါ်ဖို့ မလိုဘူး။ test card နဲ့ test OTP ပေးတယ်။ အခုတော့ integration လုပ်ပြီးရင် စမ်းဖို့လိုတိုင်း OTP ရအောင် ဘဏ်ကို ဖုန်းခေါ်ရတယ်။ ဘဏ်လည်း အလုပ်ရှုပ်သလို ကျွန်တော်တို့လည်း အလုပ်ရှုပ်တယ်။ staging server မှာ စမ်းဖို့ဘာလို့ ခက်ခဲနေတာလည်း နားမလည်နိုင်လောက်အောင်ပါပဲ။ နောက်ပြီး client တွေက payment လက်ခံဖို့ ဘာသုံးသင့်လဲ မေးရင် MPU ကို ချန်ထားခဲ့တော့တယ်။ integration လုပ်ရတာ အဆင်မပြေတာကြောင့်လည်း ဘာတယ်။ client က MPU ပါထည့်ပေးပါ ဆိုမှသာ ထည့်ပေးတော့တယ်။ ဖြစ်နိုင်ရင် အရင်လို test card နဲ့ test OTP လည်း အသုံးပြုလို့ ရရင် ကောင်းမယ်။

ကိုယ်ပိုင် UI မဖန်တီးနိုင်ခြင်း နှင့် store card မရခြင်း

ဒီ ၂ ခုကတော့ future development အနေနဲ့ ထားလိုက်လို့ ရတယ်။ အခုတော့ လိုလှတယ် မဟုတ်သေးဘူး။

Marketing

MPU အနေနဲ့ marketing ကို ကြီးကြီးကျယ်ကျယ် လုပ်တာတော့ မတွေ့မိဘူး။ ပြီးခဲ့တဲ့ မာရသွန်မှာတော့ တော်တော်ဆိုးဆိုးရွားရွား ဖြစ်သွားတာ အမှန်ပဲ။ marketing plan မရှိသလို အဲဒီအပိုင်းကိုလည်း စိတ်မဝင်စားလှဘူး နဲ့ တူတယ်။ MPU ဟာ ATM က ငွေထုတ်လို့ရရင် ပြီးလောက်ပြီလို့ပဲ စဉ်းစားထားတယ်လို့ မြင်မိတယ်။

ဖြစ်နိုင်ရင် telecon တွေ နဲ့ ပေါင်းပြီး MPU card နဲ့ online က ငွေဖြည့်ရင် promotion တွေက ဘာရတယ်။ နောက်ပြီး cash back တွေ လည်း ရစေချင်တယ်။ citymart , ocean စသည့် ဆိုင်တွေမှာလည်း MPU နဲ့ ဝယ်ရင် ဘယ်လောက် ရာခိုင်နှုန်း ဈေးလျော့တယ်။ စတာတွေကို လုပ်စေချင်တယ်။ နောက်ပြီး လ တိုင်း ဒီလ မှာတော့ ဘယ်ဘဏ်ကဒ်ကို သုံးပြီး MPU နဲ့ ဈေးဝယ်ရင် ဒီဆိုင်တွေမှာ promotion တွေ ရှိပါတယ်ဆိုပြီး marketing ကြီးကြီး လုပ်စေချင်တယ်။ ဒါမှသာ MPU ကို နေရာတိုင်း အသုံးပြုလာမှာ။ လူတွေကလည်း သုံးဖို့ သိလာမှာ။ အစ ပိုင်းမှာ ရှုံးကောင်းရှုံးနိုင်ပေမယ့် လူသုံးများလာရင် ကိုယ်က market ကို ချုပ်ကိုင်နိုင်လိမ့်မယ် လို့ ယုံကြည်တယ်။ လူသုံးများလာရင် ဆိုင်တိုင်းကလည်း MPU နဲ့ရှင်းဖို့ POS terminal တွေ နေရာတိုင်းမှာ ရှိလာလိမ့်မယ်။ ဒါဆိုရင် cashless စနစ် ဆီကို ကျွန်တော်တို့ တွေ သွားနိုင်လိမ့်မယ်။

အနာဂတ်

Samsung နဲ့ ပေါင်းပြီးတော့လည်း samsung pay မှာ MPU ရအောင်လည်း လုပ်စေချင်တယ်။ ဒါဆိုရင် samsung pay ရှိသည့် device တွေ အနေနဲ့ MPU နဲ့ ပေးလို့ ရပြီ။ Google Play မှာ MPU နဲ့ ပေးနိုင်အောင်လည်း ကြိုးစားသင့်တယ်။ လုပ်စေချင်တာတွေတော့ အများကြီး ပဲ။ သို့ပေမယ့် MPU ရဲ့ အဓိက ရည်ရွယ်ချက် နဲ့ road map ကို တော့ ကျွန်တော့် အနေနဲ့ ကောင်းမကောင်း မမြင်မိသေးဘူး။

2 Comments

  1. Zeratu says:

    2 weeks hold ကတော့ international banking rule ဖြစ်မယ် ထင်တယ်။ SG မှာလည်း တခါ online ticket ဝယ်တာ transaction fail ဖြစ်လို့ 14 days hold အလုပ်ခံရဖူးတယ်။

  2. Chan Aubi says:

    ဟုတ်တယ်ဗျာ.. Bank 2 Bank အတွက် အွန်လိုင်းကနေ လွှဲချင်ရင် ခက်လွန်းလှတယ်။..

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.