After UCSY

အခု UCSY မှာ IT camp လုပ်တာ တွေ့တော့ အတော်လေးကို ဝမ်းသာမိတယ်။ ကိုယ်တိုင် မသွားနိုင်တာကတော့ စိတ်မကောင်းဘူး။ ကိုသီဟ ၊ ကိုအိမောင် ၊ ကိုသာသာ ၊ ထူးမြင့်နောင် တို့လည်း သွားပြီးပြောကြတာ တွေ့ရတယ်။ ကျောင်းမှာ အဲလိုလေးတွေ တကယ်လုပ်ဖို့ လိုအပ်တယ်။ ကျောင်းက ကျောင်းသူ ကျောင်းသားတွေဟာ အပြင်ကနဲ့ ဝေးကွာပြီး လက်ရှိ ရန်ကုန်က ပွဲတွေလည်း သိပ်သွားတာ မရှိသလို ဘာတွေ လေ့လာသင့်သလဲဆိုတာကိုလည်း သေချာမသိတာ များတယ်။ မနက်ကျောင်းသွား ။ ၁ နာရီ ခွဲ ၂ နာရီ လောက် ကားစီး။ ညနေလည်း ကျောင်းကားစီးပြီး ပင်ပင်ပန်းပန်း ပြန်လာ။ ပြီးရင် ကျူရှင်တက်။ ဒါနဲ့ပဲ တနေ့တနေ့ အချိန်ကုန်နေပြီး ကျောင်းပြီးမှ တကယ့် လုပ်ငန်းခွင်ထဲ ရောက်တော့ ထင်ထားတာထက် ပိုရုန်းကန်ရတယ်။ IT camp မှာ ကျောင်းက ကလေးတွေကို ထူးမြင့်နောင် ကိုသိလားဆိုပြီး ကိုသီဟ ကမေးတော့ မသိဘူး လို့ ဆိုကြတယ်။ computer ကျောင်းသားတွေဟာ တကယ့်ကို လက်တွေ့ မြန်မာနိုင်ငံ computer လောက နဲ့ ဝေးကွာနေတာ အမှန်ပဲ။ ဒီတစ်ယောက်ပွဲမှာ web , git , SVN , MVC စတာတွေ အတော်များများ ပြောသွားတာကို ဖတ်လိုက်ရတယ်။ နားထောင်တဲ့ ကျောင်းသား ကျောင်းသူတွေတော့ မသိဘူး ကျွန်တော်ကတော့ ခေါင်းစဉ်တွေကြည့်ပြီး တကယ်ကို အားရကျေနပ်မိတာ အမှန်ပဲ။

ကျွန်တော် က UCSY 15 batch က ဖြစ်ပြီး 2007 နှစ်ကုန်ခါနီးမှာ ကျောင်းပြီးပြီးတော့ 2008 မှာ B.C.Sc(Hons) ရတယ်။ စင်္ကာပူမှာ ၂၀၀၉ အောက်တိုဘာလမှာ စပြီး အလုပ်လုပ်ဖြစ်တယ်။ အခု လက်ရှိတော့ 2c2p မှာ iOS Developer အနေနဲ့ အလုပ်လုပ်နေတယ်။ 2c2p ဟာ bangkok မှာ ရုံးချုပ်ရှိပြီးတော့ စင်္ကာပူ ၊ အင်ဒိုနီးရှား ၊ ကမ္ဘောဒီးယား ၊ ဖိလစ်ပိုင် ၊ မြန်မာ ၊ မလေးရှား စတဲ့နိုင်ငံတွေမှာ ရုံးခွဲတွေရှိပါတယ်။ အဓိက လုပ်တဲ့ လုပ်ငန်းကတော့ online payment ပါ။ Group CEO နှင့် founder ကတော့ ကိုအောင်ကျော်မျိုးပါ။ Bangkok မှာ အလုပ်လုပ်ရင်း အလုပ်ကနေ ထွက်ပြီး ကိုယ်ပိုင် လုပ်ငန်း စလုပ်ရင်းနဲ့ အခုအခြေအနေ ထိရောက်အောင် ကြိုးစားခဲ့တာပါပဲ။ 2c2p အကြောင်းပြောရတာ မြန်မာတွေထဲမှာ ဒီလို လူတွေ ရှိတယ် ဆိုတာ သိစေချင်လို့ပါ။

ကျောင်းပြီးတဲ့ အချိန်မှာ ကျွန်တော် တို့ တွေ ဘာလုပ်ကြမလဲ ဆိုတာ ကျောင်းသား ဘဝက ပြောဖူးတယ်။ သို့ပေမယ့် ပြောခဲ့သလို ဖြစ်မလာခဲ့ပေမယ့် အများကြီး အထောက်အကူပြုပါတယ်။ ကျွန်တော်နဲ့ အတူတူ တက်ခဲ့တဲ့ သူငယ်ချင်း တော်တော်များများက စင်္ကာပူမှာ လုပ်နေတာ ရှိသလို ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ သူတွေလည်း ရှိတယ်။ ကိုယ်ပိုင် လုပ်ငန်းလုပ်နေတဲ့ လူတွေလည်း ရှိတယ်။ ကျောင်းပြီးပြီး ၅ နှစ် အကြာမှာ တော်တော်များများရဲ့ ဘဝတွေက တည်တည်ငြိမ်ငြိမ် ဖြစ်နေကြပါပြီ။

အဓိက အရေးကြီးဆုံးက ကျွန်တော်တို့တွေ ဘာတွေ တတ်သလဲ ? ကျောင်းက သင်လိုက်တဲ့ သင်ရိုးထဲမှာ ဘယ်ဘာသာကို သဘောကျလဲ ? ဘာကြောင့် သဘောကျတာလဲ ? အဲဒီ မေးခွန်းကို သေသေချာချာ မဖြေနိုင်ရင်တော့ တစ်ခုခုတော့ မှားနေပြီ။ ကျွန်တော့် တုန်းကတော့ ကျောင်းက သင်တဲ့ အထဲမှာ Compiling Techniques , UML , Software Engineering စတာတွေကို သဘောကျတယ်။ Compiling Techniques က လက်တွေ့ မသုံးရပေမယ့် အခု အချိန် regular expression ရေးတဲ့ အခါမှာ စဉ်းစားတွေးခေါ်တတ်ဖို့ အများကြီး အကျိုးပြုတယ်။ UML နဲ့ Software Engineering အကျိုးကျေးဇူးကတော့ ပြောစရာ တောင် မလိုတော့ပါဘူး။ Software Engineering စာအုပ်ကတော့ စိတ်ဝင်စားတဲ့ အပိုင်းပဲ ဖတ်တယ်။ စိတ်မဝင်စားတဲ့ အပိုင်းတွေကို မဖတ်ဖြစ်ဘူး။ အဲဒီတုန်းက တစ်အုပ်လုံး သေသေချာချာ ဖတ်လိုက်ရမှာ ဆိုပြီး အခုအချိန်မှာ နည်းနည်းလေး နောင်တတော့ ရမိသား။

အလုပ်လုပ်မလား ? ကျောင်းဆက်တက်မလား ?

ကျောင်းပြီးတဲ့ အခါမှာ computer နဲ့ အသက်မွေးဝမ်းကျောင်းလုပ်မှာလား ? ဒါမှမဟုတ် နိုင်ငံခြားထွက်ပြီး master တက်မှာလား ? ကျောင်းဆက်တက်မယ်။ ပညာဆက်သင်မယ်။ အဲဒါဆိုရင်တော့ ကျောင်းက အမှတ်ကို ကောင်းအောင် လုပ်ထားဖို့လိုတယ်။ ကျောင်းက အမှတ် မကောင်းရင် နိုင်ငံခြားမှာ ကျောင်းဆက်တက်ဖို့ ခက်ခဲလိမ့်မယ်။ အလုပ်ပဲ ဝင်လုပ်မယ်ဆိုရင်တော့ ကျောင်းစာကို ကျေညက်နားလည် ထားရင် အလုပ်အတွက် ရေရှည်မှာ အထောက်အကူပြုပါတယ်။ အလုပ်လုပ်မယ်ဆိုရင်တော့ လေ့လာစရာတွေ က အများကြီးပါ။ နည်းပညာ သတင်းတွေ ပုံမှန် ဖတ်ပါ။ internet မရှိဘူးဆိုရင်လည်း နည်းပညာဆိုင်ရာ magazine တွေ ဝယ်ဖတ်ပါ။ အမြဲတန်းတော့ ဖတ်ကောင်းနေတာ မဟုတ်ပေမယ့် trend ကို သိနေဖို့လိုပါတယ်။

အင်္ဂလိပ်စာ

စာတွေ ဖတ်ဖို့ ။ မသိတာတွေ မေးဖို့။ မသိတာတွေ ရှာပြီး ဖတ်ဖို့ အင်္ဂလိပ်စာ ဖတ်တတ်။ ရေးတတ်ဖို့ လိုတယ်။ နည်းပညာ စာအုပ်တွေ အားလုံးက အင်္ဂလိပ်လိုပဲ များပါတယ်။ ဒါကြောင့် အင်္ဂလိပ်စာကို ကြိုက်သည်ဖြစ်စေ မကြိုက်သည် ဖြစ်စေ အချိန်ပေးပြီး reading , writing skill ကို လေ့ကျင့်ပေးဖို့ လိုပါတယ်။ stackoverflow လိုမျိုး website တွေက မသိတာတွေ မေးဖို့ အကောင်းဆုံး နေရာပါပဲ။ သင့်အနားမှာ တကယ်တော် တကယ်တတ်တဲ့ သူငယ်ချင်းက အမြဲ ရှိနေမှာ မဟုတ်ပါဘူး။ ကိုယ့်အားကိုယ်ကိုး ပြီး မေးရလိမ့်မယ်။ ကိုယ့်အားကိုယ်ကိုးပြီး ရှာပြီး ဖတ်ရလိမ့်မယ်။ ဒါကြောင့် အင်္ဂလိပ်စာ မဖြစ်မနေ တတ်ဖို့ လိုတယ်။

Programming Language ?

အဓိက ကိုယ်ဘာ နဲ့ လုပ်မှာလဲ ? Application Program လား ? Web Application လား ? နောက်ပိုင်း Application Program ထက် web application တွေ ခေတ်စားလာတယ်။ အဲဒီ အတွက် ဘာနဲ့ပဲ လုပ်လုပ် HTML , CSS , Javscript စတဲ့ အခြေခံကို သိထားရင် အကောင်းဆုံးပဲ။ Application Program ဆိုရင်တော့ အများအားဖြင့် C# .NET နဲ့ Java က အသုံးအများဆုံးပါပဲ။ Web Application ဆိုရင်တော့ ဘယ် language လဲဆိုတာကို စဉ်းစားရပြီ။ .NET သဘောကျလား Java သဘောကျလား , PHP , Ruby on Rail, Node.js စတာတွေထဲက ဘာကို သဘောကျလဲ ဆိုတာ စဉ်းစားရပြီ။

Company ကြီးကြီးမှာ လုပ်ချင်ရင်တော့ Java ကို လေ့လာပါ။
ပိုက်ဆံ ဝင်ငွေရှိနေတဲ့ Company မကြီးမသေး လူများများနဲ့ အလုပ်လုပ်ချင်ရင်တော့ .NET ကို လေ့လာပါ။
အဓိက web ပိုင်းကို ပဲ အစအဆုံး လုပ်ချင်ရင်တော့ PHP ကို လေ့လာပါ။
Startup လိုမျိုးတွေမှာ လုပ်ချင်ရင် Python, Ruby On Rail , Node.js ကို လေ့လာပါ။

ဒါက ယေဘူယျ အားဖြင့် ဆိုရမှာပါ။ Java ကို enterprise level တွေမှာ အသုံးများတယ်။ .NET ကိုတော့ company တော်တော်များများ သုံးကြတယ်။ ဈေးကလည်း မသေးလှဘူး။ PHP ကတော့ အများအားဖြင့် web ကိုပဲ အဓိကထားလုပ်တဲ့ company မှာ အသုံးပြုရတယ်။ သူ့ကို လေ့လာမယ်ဆိုရင် linux ကိုပဲ တွဲပြီး လေ့လာထားတာ ကောင်းမယ်။ ကိုယ်တိုင် web site တစ်ခုကို apache , nginx စတာတွေပေါ် ဘယ်လို တင်ရမလဲ ဆိုတာတွေကို နားလည်အောင်လေ့လာထားသင့်တယ်။ PHP ကိုလေ့လာရင်းနဲ့ domain ဆိုတာ ဘာ ၊ Web Server ဆိုတာ ဘာ စတာတွေပါ စပ်ဆက်ပြီး လေ့လာဖြစ်သွားလိမ့်မယ်။ စိတ်လှုပ်ရှားမှုအပြည့်နဲ့ အမြဲကြိုးစားနေရတဲ့ နေရာတွေကတော့ startup company တွေပါပဲ။ လူလည်း နည်းသလို တကယ်လည်း လုပ်ရတယ်။ အခုမှ အစ ဖြစ်တော့ နောင်ဆုံး ပေါ် နည်းပညာတွေပဲ သုံးတယ်။ web development ကို မြန်မြန်ဆန်ဆန်ပြီးဖို့ အတွက် Python , Ruby on Rails စတာတွေကို အသုံးပြုကြတယ်။ Node.js လိုမျိုး အခုနောက်ပိုင်း နာမည်ကြီးနေတဲ့ javscript server side လိုမျိုးတွေကို လေ့လာဖို့ အခွင့်အရေးတွေ ပေးလိမ့်မယ်။

ကိုယ်ဘာကို စိတ်ဝင်စားလဲ ဆိုတာ မသိသေးရင် language တွေ အကုန်လုံးကို ကျောင်းမပြီးခင်မှာ အချိန်ပေးပြီး လေ့လာထားပါ။ ကိုယ်ဘာကို သဘောကျလဲဆိုတာကို သိဖို့လိုတယ်။

မိမိကိုယ်ကို သိပြီလား ?

လုပ်ငန်းခွင် ထဲ မရောက်ခင်မှာ ကိုယ့်ကိုယ် ဘယ်အပိုင်း အားသာတယ်။ ဘယ်အပိုင်း အားနည်းတယ်ဆိုတာ သေသေချာချာ သိပြီလား ? ကိုယ်က ဘယ်ကိစ္စတွေမှာ ကောင်းကောင်းလုပ်နိုင်ပြီး ဘယ်ကိစ္စတွေမှာ အမှားတွေ များတယ်ဆိုတာ သိပြီလား ? ကိုယ့်ကိုယ်ကို သိဖို့ က အလွန်လိုအပ်ပါတယ်။ အများအားဖြင့် ကိုယ့်အားသာချက်ကို သာ လူတွေသိကြပြီး အားနည်းချက်ကို သိပ်မသိကြပါဘူး။ ဒါမှ dead line အတွက် ဆုံးဖြတ်ဖို့ အဆင်ပြေလိမ့်မယ်။ ဒီ project ဟာ ဘယ်လောက်ကြာမယ် ဆိုတာကို ဆုံးဖြတ်နိုင်မယ်။ Risk တွေ ထည့်ပြီး တွက်ဖို့လိုလာတယ်။ ဒါကြောင့် ကိုယ် ဘာ အမှားတွေ လုပ်တတ်လဲ။ အမှားတွေကို ဘယ်လို ဂရုစိုက်ပြီး မဖြစ်အောင် နေရမယ်ဆိုတာကို သတိထားမိဖို့လိုတယ်။ နောက်ပြီး ကိုယ်က programming ဝါသနာ ပါတာလား ။ graphic ပိုင်း ဝါသနာပါတာလား။ ဘာတွေ ဝါသနာပါလဲ။ ဒါတွေကိုလည်း သိထားဖို့လိုတယ်။ programming ဝါသနာ မပါပေမယ့် programming လုပ်နိုင်လား။

Dream ? Role Model ?

ဘဝ စိတ်ကူး အိမ်မက် ? ကျောင်းသား ဘဝ တုန်းက သူငယ်ချင်းတွေကို မေးကြည့်ဖူးတယ်။ တော်တော်များများက ဘဝမှာ ဘာဖြစ်ချင်သလဲ ဆိုတာကို သေသေချာချာ မပြောနိုင်ကြဘူး။ ဒီလိုပဲ Role Model တွေ မရှိကြဘူး။ ကျွန်တော်တို့ ဘဝမှာ ဘာဖြစ်ချင်သလဲဆိုတာဟာ အများအားဖြင့် Role Model ကနေ တဆင့်လာကြပါတယ်။ ကိုယ် အားကျတဲ့လူ ။ သူ့လိုဖြစ်ချင်တယ်။ အဲလိုမျိုးလေးတွေ ရှိဖို့ လိုအပ်တယ်။ ကမ္ဘာပေါ်မှာ ဆိုရင် Steve Jobs, Bill Gates, Linus Torvalds , Mark Zukerberg , Sergey brin, Larray Page, Marissa Mayer စတဲ့ လူတွေ အများကြီးပါ။ မြန်မာနိုင်ငံမှာဆိုလည်း ကိုထွန်းသူရသက် ၊ ကိုအောင်ကျော်မျိုး ၊ ကိုသောင်းစုငြိမ်း ၊ ကိုရဲမြတ်သူ ၊ ကိုမြင့်ကျော်သူ ၊ ထူးမြင့်နောင် စသည်ဖြင့် အများကြီး ရှိပါတယ်။ အိပ်မက်ကြီးကြီး မက်ပါ။ ကျွန်တော်တို့တွေ အသက်ရှင်နေသ၍ အိပ်မက်ကို လက်တွေ့ဘဝ ဖြစ်အောင် ကြိုးစားခွင့်ရှိပါတယ်။ အိပ်မက်ကိုသာ မမေ့သွားဖို့လိုပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.