Happy at MZ Gathering

ဒီတစ်ခေါက် ရန်ကုန်ပြန်တာ တော်တော်အကျိုးရှိသွားတာကတော့ MZ က လူငယ်တွေနဲ့ တွေ့လိုက်ရတယ်။ လက်ရှိ pro မဟုတ်သေးတဲ့ သူတွေရဲ့ စကားကို ကြားချင်နေတာ ကြာလှပြီ။ MZ က လူငယ်တွေက အခုမှ စလေ့လာကစ လူတွေ နောက်ပြီး အခြား လိုင်းကနေ computer ကို စိတ်ဝင်စားလို့ ရောက်လာတဲ့ လူငယ်တွေ တော်တော်များများပါတယ်။ Pro တွေလည်း ပါတယ်။ လာတဲ့သူတွေကတော့ လုပ်ချင် ကိုင်ချင် လေ့လာချင်စိတ် အပြည့်ရှိတဲ့သူတွေလည်း မမှားပါဘူး။

MZ Gathering ကို ၄ နာရီ လောက်ချိန်းထားပေမယ့် မုန့်ဝယ်တာနဲ့ဆိုတော့ နောက်ကျသွားတယ်။ ကျွန်တော်က ၄ နာရီ ခွဲလောက်မှ ရောက်ဖြစ်တယ်။ မိုးက ရွာတာနဲ့ လူတွေ ကွဲကုန်ပြီ မှတ်တာ တော်သေးတာက exiter နဲ့ gipsy တို့ ရောက်နေတော့ ဆိုင်ထဲကို နေရာရွှေ့ထားပေးလို့။ ကျွန်တော် ရောက်မှပဲ ပွဲ စဖြစ်တာပေါ့။ ရောက်ရောက်ခြင်း လူတွေ မိတ်ဆက်တော့ ဟိုးအရင်တုန်းက ကျွန်တော် သိတဲ့ ကလေးတွေတောင် လူငယ်တွေ ဖြစ်ကုန်ပြီပဲ ဆိုတာ သိရတယ်။ ဟိုအရင် planet forum တွေ ခေတ်စားတုန်းက ကလေးတွေတောင် တော်တော်အသက်တွေကြီးလာပြီပဲ။ ငါလည်း တော်တော်အသက်ကြီးသွားပြီပဲလို့တောင် တွေးမိသေးတယ်။

ပွဲမှာတော့ အဓိက လူတစ်ယောက်ခြင်းစီရဲ့ Unicode ပေါ်အမြင်နဲ့ လူငယ်တွေ အမြင်ကို ဆွေးနွေးခိုင်းတယ်။ သူတို့တွေရဲ့ အမြင်တွေက လက်တွေ့ကျတယ်။ သူတို့ရဲ့ နေ့စဉ် ကြုံနေရတဲ့ အခြေအနေကိုပဲ အဓိက ပြောဆိုကြတာပဲ။ Unicod ကို လက်ရှိ သုံးနေတဲ့သူ တော်တော်နည်းတယ်။ နောက်ပြီး Unicode သွင်းထားတဲ့ သူတွေလည်း နည်းနေသေးတယ်။ တော်တောများများကတော့ လက်ရှိ ဇော်ဂျီကိုသုံးနေပေမယ့် နောက်ပိုင်း Unicode ကို ပြောင်းဖို့ စိတ်အား ထက်သန်တယ်။ ပြဿနာကတော့ Supporting ပဲ။ ဘယ်မှာ သွားမေးရမှန်းမသိတဲ့ ပြဿနာပဲ။ Myanmarsar.info က ထူးတေဇာ လာလို့ သူ့ site နဲ့ ပတ်သက်ပြီး supporting ကိစ္စတွေ ပြောဖြစ်သေးတယ်။ ဆိုးတဲ့ ပြဿနာတစ်ခုက Unicode ပြောင်းဖို့ ကိစ္စကို unicode နဲ့ ရေးထားတဲ့ အတွက်ကြောင့် ဖတ်လို့မရတာပဲ။ ဒါလည်း ဟုတ်တာပဲ။ ကျွန်တော်က web မှာ font embed လုပ်လိုက်ပေမယ့် RSS မှာက font embed မရဘူး။ ဒါကြောင့် unicode font ကို သွင်းခိုင်းဖို့ ကိစ္စမှာ ပြဿနာဖြစ်တာပဲ။ Unicode ကို ပြောင်းချင်ပေမယ့် ပြောင်းရမယ့် ကြောက်နေတဲ့သူတွေလည်း ရှိတယ်။ ကြောက်ရတဲ့ အကြောင်းကလည်း supporting ပြဿနာ ဆိုတာထက် communication ပြဿနာပဲ။ ကိုယ်ရေးတာ သူမမြင်တော့မှာ သူရေးထားတာ ကို မမြင်တော့မှာ ဖြစ်သွားမှာ ကြောက်ကြတာတွေလည်း ရှိတယ်။ အဲဒီ ပြဿနာကတော့ ကျွန်တော်လည်း ဖြစ်တာပဲ။ ဒါကြောင့် iPhone မှာ ဇော်ဂျီ သွင်းထားပြီး iPad မှာ unicode နဲ့ သုံးတယ်။ တစ်ခု နဲ့ မမြင်ရရင် နောက်တစ်ခုနဲ့ ကြည့်လို့ရအောင်ပေါ့။

နောက်တချက်က keyboard တွေထဲက ကြိုက်တာ ရွေးလို့ ရတယ်ဆိုတာကို မသိတဲ့သူတွေ ရှိတယ်။ keyboard နဲ့ input ကို မကွဲတဲ့ လူတွေ အများကြီးပဲ။ ဒါတွေကို နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းပြ ရမယ်။ ဒါမှမဟုတ် ကောင်းမွန်တဲ့ documentation လိုတယ်။ အဲဒါတွေ ဖြေရှင်းဖို့ လိုသေးတယ်။ Unicode ပေါ်မှာ လက်ရှိ အမြင်တွေကို တော်တော်သိသွားတယ်။ computer သမားတွေတောင် ဒီလောက်ပဲ သိသေးရင် လုံးဝ End User တွေဆို တော်တော်ဆိုးမှာ။ Unicode ပြောင်းမယ်ဆိုရင် အကုန် တူတူ ပြောင်းမှပဲရမယ်။ Myidgroup က ကိုကြည့်ရှောင်တို့ ကိုဇူးဇူး တို့ လာတယ်။ သူတို့လည်း Unicode ပြောင်းတော့မယ်။ ကိုရောင်စိန် ကတော့ database ပို့ထားတယ်။ ထပ်စမ်းရအုံးမယ်။ လက်ရှိ သူတို့ database ကို စမ်းကြည့်တာ ကျွန်တော် ရေးထားတဲ့ PHP နဲ့ပဲ အဆင်ပြေတယ်။ အခြား converter တွေနဲ့ က ထင်သလောက် အဆင်မပြေဘူး။ import လုပ်တဲ့အခါမှာ error တွေ ဖြစ်နေတယ်။ ကျွန်တော့် code ကိုလည်း သူတို့ရဲ့ data ပေါ်မူတည်ပြီး ပြန်ပြီး လုပ်နေတာကြောင့်လည်း ပါတာပေါ့။ MZ ကတော့ အသင့်ဖြစ်နေပြီ။ ပြောင်းဖို့ အချိန်ကို စောင့်ဖို့ပဲ ကျန်တော့တယ်။

နောက်ပြီး လက်ရှိ လူငယ်တွေ ပေါ် အမြင်မေးကြည့်တယ်။ သူတို့ပြောကြတာကတော့ chat နဲ့ အချိန်ကုန်နေတယ်။ သင်တန်းတွေ တက်နေကြတာများတယ်။ နောက်ပြီး internet ကို အကျိုးရှိစွာ မသုံးတတ်ကြဘူး။ ကျွန်တော် ရန်ကုန်ရောက်တော့ connection က မကောင်းတဲ့ အချိန် ဖြစ်နေတော့ ကျွန်တော်တောင် ဘာမှ တောင် သေသေချာချာ မသုံးဖြစ်ဘူး။ vanilla MZ အတွက်ကပဲ အချိန်ပေးလိုက်တာများတယ်။ စာ ဖတ်ဖို့အတွက် Readitlater နဲ့ပဲ ဖတ်နေရတယ်။ အစအဆုံး ပြီးအောင်တော့ မစောင့်နိုင်ဘူး။ အကုန် download ဖို့ readitlater ထဲကို ထည့်။ ပြီးမှ ipad ကနေ readitlater ကို offline ရအောင် download ချ။ အိမ်ရောက်မှ အေးဆေးဖတ်ပဲ။ နောက်ပြီး website တော်တော်များများ ဝင်မရဘူး။ readitlater api လည်း ကောင်းကောင်းသုံးလို့မရလို့ လက်ရှိ သုံးနေတဲ့ app ထဲက read it later function က အလုပ်မလုပ်တော့ ခက်တာတွေလည်း ကြုံခဲ့ရတယ်။

ဒါကြောင့် internet ကို ကောင်းကောင်း အသုံးမချနိုင်ဘူးဆိုတာကိုတော့ ကောင်းကောင်းနားလည်လိုက်တယ်။ နောက်ပြီး သင်တန်း သံသရာ ။ အဓိက ယုံကြည်မှုတွေ ရှိလာအောင် လက်တွေ့ များများ မလုပ်တာကြောင့်လည်း ပါတာပေါ့။ ဘာပဲ ပြောပြော MZ ပွဲကို လာတဲ့ လူငယ်တွေကို အားရတယ်။ သူတို့မှာ တကယ်တတ်ချင် တကယ်ဖြစ်ချင်တဲ့ ဆန္ဒတွေ ရှိတယ်။ တချို့လူငယ်တွေ လေးတွေက တော်တော့်ကို ငယ်သေးတယ်။ ကျွန်တော် သူတို့ အရွယ်တွေတုန်းက သူတို့လောက်တောင် လေ့လာဖို့ အခွင့်အရေးတွေ မရခဲ့ဘူး။ အဲတုန်းက planet forum တစ်ခုလောက်ပဲ ရှိခဲ့တာ။ မေးစရာနေရာလည်း များများစားစားမရှိခဲ့ဘူး။ လူကတော့ ၂၅ ယောက်လောက်ပဲ လာပေမယ့် သူတို့ပြောတာတွေ မေးတာတွေ တော်တော်လေး နားထောင်လိုက်ရတယ်။ ကျွန်တော် ပြောချင်တဲ့ Mobile Application Development အကြောင်း ပြောချင်ပေမယ့် လက်ရှိ မြန်မာနိုင်ငံနဲ့ နည်းနည်းလေး အလှမ်းဝေးတယ်။ လာတဲ့လူတွေထဲမှာ လက်တွေ့ လုပ်ငန်းခွင်ဝင်နေတဲ့သူ နည်းသလို အခုမှ စတင်လေ့လာနေတဲ့သူတွေ နောက်ပြီး ဘယ်လိုင်းကို သွားရမလဲ မသိတဲ့သူတွေပါနေတာကြောင့်လည်း မပြောဖြစ်ခဲ့တာပါ။

ဘာပဲ ပြောပြော ကျွန်တော်တို့ အခြား ပွဲတွေလို မဟုတ်ပဲ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးခဲ့တဲ့ ပွဲ ၊ နောက်ပြီး လူတိုင်း ကိုယ့်အမြင်ကို ပြောကြတဲ့ ပွဲလေးဆိုလည်း မမှားပါဘူး။ အဲ… တစ်ယောက်ကတော့ အိမ်သာ သွားနေလို့ မပြောဖြစ်လိုက်ဘူး။ သူ့ကို အစက စောင့်အုံးမလို့ပဲ ဒီဘက်မှာ ပြောနေတာ အရှိန်မပျက်သွားအောင် ကျော်ပြီး ပြောလိုက်ရတာကြောင့်ပါ။ အဲဒါလေးတစ်ခုတော့ စိတ်မကောင်းဖြစ်မိတယ်။

လာခဲ့တဲ့သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ နောက်ပြီး ပွဲကို စီစဉ်ပေးခဲ့တဲ့ Gipsy ကိုလည်း ကျေးဇူးတင်တယ်။ ပွဲကို အဆင်ပြေအောင် နေရာရွှေ့ပေးခဲ့တဲ့ Exiter နောက်ပြီး လိုအပ်တာတွေ ဝိုင်းကူပေးခဲ့တဲ့ ညမီးအိမ် နောက်ပြီး iPad ကြီးနဲ့ ရောက်လာတဲ့ ထူးတေဇာ အပြင် လာရောက်ခဲ့တဲ့ သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

7 Comments

  1. Mg Mg Kyaw says:

    ကိုစေတန်ရေ…
    ကျွန်တော်လည်း အဲ့နေ့က လာမလို့ပဲ..
    အလုပ်မှာက အဲ့နေ့ကို ကျွန်တော်လာဖို့ ညှိတာအဆင်မပြေလို့။
    သင်တန်းသံသရာ ဆိုတဲ့စကားလုံးလေးကို သဘောကျတယ်ဗျာ။
    ဒီမှာက Chat နဲ့ပဲ အချိန်ကုန်ကျတာ ဟုတ်ပါတယ်။
    အဲ့တာကလည်း Connection ကြောင့်လို့ ထင်မိပါတယ်။
    တစ်ခါတစ်လေဆို Browser လုံးဝမတက်တဲ့ အချိန်တွေတောင် ရှိပါတယ်။
    အဲ့အချိန်ကျရင်တော့ Gtalk တို့ Pfingo တို့လို့ Application တွေက
    ရနေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ Chat နဲ့ အချိန်ကုန်တယ် ဆိုတာကလည်း
    Connection ကြောင့်လို့ ထင်မိပါတယ်။ ကျွန်တော်ဆို BLOG တောင် မလုပ်ဖြစ်တော့တဲ့ အထိပါပဲ။ Connection ကြောင့်ပါ။ ဒါက Connection ကြီးကိုပဲ လွှဲချတာ မဟုတ်ပါဘူး။ ဒီမှာ ဖြစ်နေတဲ့ ပုံစံကိုက အဲ့လို ဖြစ်နေတာ အကို။
    နောက်တစ်ချက်က “သင်တန်းသံသရာ” ဆိုတာလေးပါ။ တချို့တွေကျတော့ သင်တန်းကို တကယ် ထိထိရောက်ရောက် တက်ကျပါတယ်။ တချို့ကလည်း Style ပုံစံနဲ့ တက်ကြပါတယ်။ မင်းဘာတက်နေလဲဟေ့။ ငါ Graphic Design တက်နေတာ။ အဲ့.. အဲ့လိုမျိုးလေးတွေ Style လုပ်ပြီးတော့ တက်ကျတဲ့သူတွေရှိပါတယ်။ ကျွန်တော် သူငယ်ချင်းတစ်ယောက် ၁၀တန်းပြီးတော့ သင်တန်းတက်ပါတယ်။ ပထမတော့ ဒီကောင်တော့ တော်တော်ကြိုးစားနေပြီလို့ ထင်တာ။ သူကို ဘာတွေတက်ပြီလဲ မေးတော့ ဘာမှ မတက်ပါဘူးတဲ့။ အဲ့တာ Certificate ပေးထားပါတယ်။ ဘယ်သင်တန်းကလည်း ဆိုတာတော့ မပြောတော့ပါဘူး။ သူတက်တာက A+ ဗျာ။ ဘာဆို ဘာမှ မသိတာ။ ဘာမေးမေး မသိဘူး။ အိမ်ကလည်း တက္ကသိုလ်မတက်ခင် ကြားကာလမှာ အချိန်ကုန်မှာဆိုလို့ ဆိုပြီး ထားလိုက်တာ။ သူသားကတော့ ဂလေရိုက်နေလေယဲ။ အဲ့လိုလူမျိုးတွေက အများကြီးပဲ ရှိတယ်လို့ထင်တယ်။ တချို့တွေကျတော့ တက်ချင်တယ်။ သိချင်တယ်။ သင်တန်းကြေးတွေက များတော့ မတက်နိုင်ဘူး။ ပိုက်ဆံကို ခြစ်ခြစ်ကုပ်ကုပ်စုနေရတယ်။ သိတဲ့အတိုင်းပဲ ဒီကပေးတဲ့ လခတွေကလည်း နည်းတော့။ သမင်မွေးလိုက် ကျားစားလိုက်ပေါ့။ ဘယ်လိုမှ မစုနိုင်ဘူး။ ပိုက်ဆံလေးပြည့်တော့ တက်မယ်လုပ်တော့လည်း သင်တန်းကြေးက ဈေးတက်နေပြီ။ အဲ့လိုမျိုးတွေ။ တချို့သင်တန်းတွေကျတော့ သင်တန်းကြေးကို နှစ်ခါခွဲသွင်းတာတို့ သုံးခါခွဲသွင်းတာမျိုးတို့ကို လက်မခံတာ တော်တော်များပါတယ်။ ဒါကတော့ ကျွန်တော် သင်တန်းသံသရာ အပေါ်အမြင်ကို ပြောကြည့်တာပါ။ ပိုက်ဆံရှိသားသမီးတွေကျတော့ သင်တန်းတွေသာ တစ်ခုပြီး တစ်ခုလိုက်တက်ပြီး မိမိတက်ထားတာတွေကို ပြန်လည် အသုံးမချနိုင်တာမျိုးလည်း တွေ့ရပါတယ်။
    (အဲ့နေ့က မလာဖြစ်တာကို တောင်းပန်ပါတယ် ကိုစေတန်.)

  2. Jia_Li (DragonVirus) says:

    ကျေးဇူးပဲကိုစေတန်ရေ .. ဓါတ်ပုံတွေကိုစောင့်နေတာ.. ဘယ်သူများတင်မလဲလို့.. MZ မှာလဲမတင်ကြတော့မေ့နေကြပြီထင်နေတာ ..
    ပွဲလုပ်ပေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ် ..
    ပါလာတဲ့သူငယ်ချင်းကတောင်အပြန်ကြတော့ unicode အကြောင်းတွေမေးသေးတယ်… End user တွေအနေနဲ့တော်တော်အဆင်ပြေတာပြောပြတော့သူ့ computer မှာအားရင်လာသွင်းပေးဖို့တောင်ပြောသေးတယ် …

    သင်တန်းတက်တာနဲ့ပတ်သက်ပြီးတော့ထပ်ပြောချင်တာက .. ခုကဒီမှာကသင်တန်းခေတ်လို့တောင်ပြောလို့ရတယ်… မိဘတွေကအိမ်မှာနေရင်သိပ်ကြည့်မရဘူး .. သင်တန်းတက်နေရင်တော့ပိုက်ဆံကုန်ပေမယ့်ငါ့သားသမီး အရမ်းကြိုးစားနေကြတယ်လို့ထင်တာ .. ဒါနဲ့ပဲအဆူမခံရအောင်သင်တန်းပဲတက်နေကြတယ်ဆိုပါတော့ ..
    တကယ်က emoracket ပြောသလိုပဲသင်တန်းကအချိန်နဲ့ဆိုတော့တခါတလေစိတ်မဝင်စားတဲ့အချိန်မျိုးနဲ့ကြုံရင်အဆင်မပြေဘူး .. self-study ကကိုစိတ်ပါဝင်စားတဲ့အချိန်မှာလုပ်လိုက်တော့ပိုလဲတက်တယ်ပိုလဲမှတ်မိတယ် ..
    ကိုစေတန်ကတော့ပြောတော့မှာပဲ ဒီတစ်ယောက်တော့မိဘကိုပဲအပြစ်ပုံချနေတယ်လို့ ..
    တခါတလေကြတော့လဲမိဘတွေကိုယ်တိုင်ကိုကအမြင်ပြောင်းဖို့လိုတာအမှန်ပဲ ..

    ကိုစေတန်ပြောတဲ့မပြောလိုက်ရတဲ့တစ်ယောက်ဆိုတာ .. မချောကလက်နဲ့ပါလာတဲ့အကိုကြီးလားမသိဘူး ..

  3. m0rRis says:

    Photo are blur and some sort of colors are formed interference. what wrong ???

    1. saturngod says:

      hehe … I took from exiter. I will upload original version when I got.

  4. htet aung says:

    ကျွန်တော်ကတော့ ကံကောင်းတယ်နော်
    ကျွန်တော်လေးစားတဲ့ ကိုစေတန်နဲ့ သီးသန့်တွေ့လိုက်ရတယ်..
    ကိုစေတန်ရဲ့ အမြင်တွေကိုလည်း သဘောကျခဲ့တယ် ..
    လေးစားလျက်ပါ

    (gipsy ကိုလည်း ကျေးဇူးတင်ပါတယ်..gipsy ကြောင့်လည်း ကိုစေတန်နဲ့ ဆုံခွင့်ရခဲ့တာပါ)

  5. စိုင်းညီဖြိုး says:

    နောက်တစ်ခါကျရင်တော့ .. မန္တလေးကိုပါ လာနိုင်ဖို့အတွက် မျှော်လင့်ပါတယ် ။ :-)

    စကားမဆက်ပါ .. mz မှာ password ဘယ်လိုရိုက်ထည့်ထည့် wrong ဖြစ်နေတယ်။ reset လဲ လုပ်ပြီးပြီ။ wrong နေတုံးပဲ။ ဘာဖြစ်မှန်းမသိဘူးဗျ ။

    1. saturngod says:

      login ဝင်မရရင် ကျွန်တော့်ကို mail ပို့လိုက်ပါ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.