Transforming UCS(X)

မြန်မာနိုင်ငံအတွင်းရှိ ကွန်ပျူတာတက္ကသိုလ်များ အဆင့်မြှင့်တင် ပြုပြင်ပြောင်းလဲရေးအတွက် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကြီးမှူးကျင်းပသည့် အစည်းအဝေးတွင် တင်ပြခဲ့သည့် အစီရင်ခံစာ (ပထမ မူကြမ်း ဖြစ်ပြီး ပြည့်စုံအောင် ဆက်လက် ဖြည့်စွက်သွားပါမည်)

ရက်စွဲ၊ ၂၀၁၂ခုနှစ် ဇူလိုင်လ ၂၂ရက်

အကြောင်းအရာ ။ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာရပ်များ မြင့်မားတိုးတက်ရေးအတွက် အကြံပြု တင်ပြခြင်း
ရည်ညွန်းချက် ။ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၏ ၁၃.၇.၂၀၁၂ ရက်စွဲပါ စာအမှတ် ဆသန/စမ/ ၁၁၆/၂၀၁၂ (၁၉၁၈)

နိဒါန်း

၁။ အထက်အကြောင်းအရာပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းသည် ကွန်ပျူတာပညာနှင့် အသက်မွေးဝမ်းကျောင်းပြုနေသူ Professional ပညာရှင်များ၊ လုပ်သားများ၊ ကွန်ပျူတာပညာ လေ့လာလိုက်စားနေသူ ကျောင်းသားများ စုစုပေါင်း တစ်သောင်းကျော်ဖြင့် ဖွဲ့စည်းထားသော အကျိုးအမြတ်အတွက် မရည်ရွယ်သည့် အစိုးရမဟုတ်သော အသင်းအဖွဲ့ တစ်ခု ဖြစ်ပါသည်။

၂။ အသင်း၏ အလုပ်အမှုဆောင်အဖွဲ့ကို ကွန်ပျူတာတက္ကသိုလ်များမှ ဘွဲ့ရထားသည့် ကျောင်းသားကျောင်းသူဟောင်းများ အပါအဝင် ကွန်ပျူတာပညာရပ်တစ်မျိုးမျိုးကို အသုံးချ၍ အသက်မွေးဝမ်းကျောင်း ပြုနေသော Computer Professional ကွန်ပျူတာပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။

အစီရင်ခံစာ၏ ရည်ရွယ်ချက်

၃။ မိမိတို့ အသင်းသားများနှင့် တိုက်ရိုက်သက်ဆိုင်သော ကဏ်ဏ္ဍတစ်ခုဖြစ်ပါ၍ ရည်ညွှန်းစာပါ ရန်ကုန်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်များကို Centers of Excellence အဖြစ်သတ်မှတ်၍ တိုးတက်လာစေရန် သော်လည်းကောင်း၊ ကျန် ကွန်ပျူတာတက္ကသိုလ်များကိုလည်း တိုးတက်လာစေရန် သော်လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ်များမှ မွေးထုတ်ပေးလိုက်သော ဘွဲ့ရ ကွန်ပျူတာပညာရှင်များ၏ အရည်အသွေးကို ပိုမိုတိုးတက်မြင့်မားလာစေရန် သော်လည်းကောင်း စသည့်ရည်မှန်းချက်များဖြင့် ခေတ်နှင့် ဆီလျော်သင့်မြတ်သော ပြုပြင်ပြောင်းလဲမှုများတွင် ဤအသင်း၏ အလုပ်အမှုဆောင်အဖွဲ့နှင့် အသင်းသားများ၏ စွမ်းအားတို့ဖြင့် တတ်အားသရွေ့ ပါဝင်ကူညီ ဆောင်ရွက်လိုပါကြောင်း ကနဦး တင်ပြလိုပါသည်။

၄။ တိုတောင်းသော ကာလအတွင်း ပြုစုခဲ့ရခြင်း ဖြစ်၍ ဤအစီရင်ခံစာသည် စာတမ်းတစ်စောင်သဖွယ် Background Information, Survey Data, Analysis, Expert Opinions စသည့် အင်္ဂါရပ်များဖြင့် ပြည့်စုံခြင်း ရှိမည် မဟုတ်သော်လည်း ပါမောက္ခချုပ်ဟောင်းများ၊ ပါမောက္ခနှင့် ကထိကနည်းပြ ဆရာဆရာမဟောင်းများ၊ ကျောင်းသားကျောင်းသူဟောင်းများတို့၏ ထင်မြင် အကြံပြုချက်များစွာကို ပေါင်းစပ်ရေးသားထားသည့် အစီရင်ခံစာ တစ်စောင် ဖြစ်ပါသည်။ လက်ရှိ တာဝန်ယူထားသည့် ဆရာ/ဆရာမများ၊ မိဘများနှင့် ကျောင်းသားများထံမှ ထင်မြင်ချက်များကိုပါ ဖြည့်စွက်လျှင် ပိုမို ပြည့်စုံသည့် မြင်ကွင်းတစ်ခုကို ရရှိမည် ဖြစ်ပါသည်။

၅။ ဤအစီရင်ခံစာကို တင်ပြရသည့် ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
(က) မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းသည် မြန်မာနိုင်ငံ၏ ကွန်ပျူတာတက္ကသိုလ်များ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်လိုကြောင်းနှင့် ပါဝင်ဆောင်ရွက်ပေးနိုင်သည့် စွမ်းအား ရှိကြောင်း တင်ပြခြင်း၊
(ခ) ကွန်ပျူတာတက္ကသိုလ်များနှင့် ပုဂ္ဂလိက ကွန်ပျူတာလုပ်ငန်းကဏ်ဏ္ဍများအကြား ပေါင်းကူးတံတား (Bridge between Academic and Industry) အဖြစ် ဆောင်ရွက်ပေးခြင်း၊
(ဂ) မြန်မာနိုင်ငံ၏ နည်းပညာဖွံ့ဖြိုးရေးခေါင်းစဉ်အောက်မှ တစ်ဆင့် ရရှိလာမည့် နိုင်ငံတကာ အကူအညီများကို တက္ကသိုလ်များ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းနယ်ပယ်များ စနစ်တကျ ပူးပေါင်း၍ လက်ခံဆောင်ရွက်ပေးခြင်း။

အခြေခံပညာမှစ၍

၆။ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် ပြည်နယ်တိုင်းဒေသကြီး ကွန်ပျူတာအသင်းများသည် အခြေခံပညာကဏ်ဏ္ဍမှစ၍ အခြေခံကွန်ပျူတာပညာ သင်ကြားပို့ချနိုင်ရေး၊ လေ့လာနိုင်ရေး အတွက် ပညာရေးဝန်ကြီးဌာနကို ကူညီပူးပေါင်းဆောင်ရွက်လျက် ရှိပါသည်။ အောက်ပါ လုပ်ငန်းများအတိုင်း ဖြစ်ပါသည်-
(က) ဆရာအတတ်သင်ကျောင်းများ (Teachers Training Colleges) များကို ကွန်ပျူတာနှင့် ဆက်စပ်ကိရိယာများ ထောက်ပံ့ခြင်း၊ ကွန်ပျူတာပညာကို သင်ကြားပို့ချနိုင်သည့် နည်းပြများ ဖြစ်လာရန်အတွက် လေ့ကျင့်သင်ကြားပေးခြင်း၊
(ခ) အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများကို အခြေခံကွန်ပျူတာတတ်မြောက်ရေး စီမံကိန်းများ ရေးဆွဲ၍ (ကွန်ပျူတာတက္ကသိုလ်များ၏ ပံ့ပိုးကူညီမှုဖြင့်) လေ့ကျင့်သင်ကြားပေးခြင်း၊
(ဂ) ပညာရေးနယ်ပယ်တွင် ကွန်ပျူတာအသုံးချမှုများကို ပြိုင်ပွဲများပြုလုပ်၍ ဆုပေးခြင်း။

၇။ ယခုအခါ ပညာရေးဝန်ကြီးဌာနသည် အလယ်တန်းမှစ၍ အခြေခံကွန်ပျူတာကို သင်ကြားသွားရန် စီစဉ်လျက် ရှိသည်ဖြစ်ရာ ကွန်ပျူတာတက္ကသိုလ်များသို့ ဝင်ရောက်လာမည့် ကျောင်းသားများ၏ အရည်အသွေး မြင့်မားလာစေရေးအတွက် သက်ဆိုင်ရာဌာနများသို့ အောက်ပါအတိုင်း အကြံပြုလိုပါသည်-
(က) အလယ်တန်းမှစ၍ သင်ကြားမည့် အခြေခံကွန်ပျူတာဘာသာရပ်များကို သင်ရိုးညွှန်းတန်း ရေးဆွဲရာတွင် ပြင်ပမှ ကျွမ်းကျင်ပညာရှင်များ၊ ကွန်ပျူတာအသင်းမှ တာဝန်ရှိသူများနှင့် ကွန်ပျူတာတက္ကသိုလ်မှ သင်ကြားရေးမှူးများတို့ဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့၏ အကြံပြုချက်များကို ရယူခြင်း၊
(ခ) ကွန်ပျူတာပညာသည် အင်္ဂလိပ်စာနှင့် သင်္ချာကို အခြေခံထားသည် ဖြစ်သောကြောင့် ၎င်းဘာသာရပ်နှစ်ခုကို ခေတ်နှင့် ဆီလျော်စွာ ကွန်ပျူတာ၊ အင်ဂျင်နီယာ အစရှိသည့် သိပ္ပံဘာသာရပ်များသို့ ဦးတည်ထားသည့် ကျောင်းသားများကို တိုးမြှင့်သင်ကြားပေးခြင်း။

တက္ကသိုလ်ဝင်ခွင့်လက်ခံရေး

၈။ ကွန်ပျူတာတက္ကသိုလ်သို့ ဝင်ရောက်ခွင့်ကို အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်-
(က) တက္ကသိုလ်ဝင်တန်းအောင်မှတ်ကို သတ်မှတ်ခြင်း၊
(ခ) အောင်မှတ် မှီထားသူများကို ထပ်မံ၍ ကွန်ပျူတာတက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုစေခြင်း (Defence Service Academy ဝင်ခွင့်ကဲ့သို့)၊ ထိုသို့ စစ်ဆေးရာတွင် ကွန်ပျူတာအသင်းများမှ ပညာရှင်များ၊ ပါမောက္ခချုပ်ဟောင်းများ၊ ဆရာ/ဆရာမဟောင်းများ၊ လက်ရှိ ဆရာ/ဆရာမများ ပူးပေါင်း စစ်ဆေးခြင်း၊
(ဂ) တက္ကသိုလ်တစ်ခုချင်းစီတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် သင်ကြားရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ စာသင်ခန်းများ၊ စာသင်ကြားမှု ထောက်ကူပစ္စည်းများ စသည့် ပံ့ပိုးမှု Facilities အပေါ် အခြေခံ၍ ဝင်ခွင့်လက်ခံမည့် Intake အရေအတွက်ကို သတ်မှတ်ခြင်း။

ကွန်ပျူတာတက္ကသိုလ်များ

၉။ Center of Excellence များအဖြစ် ရန်ကုန်နှင့် မန္တလေးကွန်ပျူတာတက္ကသိုလ်များကို သတ်မှတ်ခြင်းမှာ သင့်မြတ်ပါသည်။ အောက်ပါအတိုင်း ၎င်း COE များကို ပြုပြင် ပြောင်းလဲသွားခြင်းဖြင့် အဆင့်မြင့် ကွန်ပျူတာပညာရပ်များနှင့် ဘွဲ့များ ပို့ချသင်ကြားနိုင်ပါသည်-
(က) အကန့်အသတ်ရှိသော resource များဖြစ်သည့် နည်းပြများ၊ ပစ္စည်းကိရိယာများကို နှစ်နေရာထဲတွင် စုစည်းထားပြီး အရည်အသွေးမြင့်မားသော ကွန်ပျူတာတက္ကသိုလ်ကြီးများ ဖြစ်အောင် ဆောင်ရွက်ခြင်း၊
(ခ) ယခင်က ရှိခဲ့ဖူးသော London Guild Hall University နှင့် ပူးပေါင်းပြီး BCSc Hons degree များ ချီးမြှင့်ခဲ့သကဲ့သို့ နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊
(ဂ) နိုင်ငံတကာမှ အကောင်းဆုံး ၅၀ စာရင်းဝင် တက္ကသိုလ်များနှင့် ပူးပေါင်းပြီး ယင်းတို့၏ နည်းပြများကို ဖိတ်ခေါ်ခြင်း၊ သင်ရိုးညွှန်းတန်းများ ညှိနှိုင်းပြီး ပူးတွဲဘွဲ့များ ပေးအပ်ခြင်း၊

၁၀။ ကျန် ကွန်ပျူတာတက္ကသိုလ်များအနက်မှ ပုသိမ်၊ မော်လမြိုင်နှင့် တောင်ကြီးတက္ကသိုလ်များ ကိုလည်း ဒုတိယဦးစားပေး အဆင့်မြှင့်တင်ပြီး ဆောင်ရွက်သင့်ပါသည်။ အခြား ကွန်ပျူတာတက္ကသိုလ်များကို တတိယဦးစားပေး အဆင့်မြှင့်တင်ပြီး အချိန်ကာလတစ်ခု သတ်မှတ်၍ ဆောင်ရွက်သင့်ပါသည်။

၁၁။ တက္ကသိုလ်များသည် ၎င်းတို့၏ resource များ၊ staff များ၊ facilities များ စသည့် အရင်းအမြစ်များအပေါ် အခြေခံ၍ specialized area များကို ရွေးချယ် သတ်မှတ်ထားသင့်ပါသည်။ ဥပမာ – research based, application based, applied technology based, career based စသည်ဖြင့် ဖြစ်ပါသည်။

သင်ကြားပို့ချရေးဆိုင်ရာ တတ်မြောက်မှု

၁၂။ ကွန်ပျူတာတက္ကသိုလ်များမှ ဆရာ/ဆရာမ အများစုသည် Bachelor of Education (B.Ed.) ဘွဲ့ရများ မဟုတ်သဖြင့် သင်ကြားရေးပိုင်းတွင် လိုအပ်ချက် အနည်းငယ် ရှိကောင်းရှိနိုင်ပြီး အတွေ့အကြုံ ရင့်ကျက်လာမှသာ အတွေ့အကြုံအရ သင်ကြားပို့ချရေးဆိုင်ရာ ကျွမ်းကျင်မှုကို တည်ဆောက်သွားနိုင်ခြင်း တွေ့ရပါသည်။

၁၃။ သိပ္ပံနှင့် နည်းပညာတက္ကသိုလ်များအားလုံး စုပေါင်း၍ အင်ဂျင်နီယာဘာသာရပ်များနှင့် ကွန်ပျူတာဘာသာရပ် များကို အဆင့်မြှင့်တင် သင်ကြားပို့ချနိုင်ရေးအတွက် Science Teachers Training College များ ဖွင့်လှစ်၍ Train the Trainers အစီအစဉ်များ ဆောင်ရွက်သွားနိုင်ပါသည်။

ဆရာ/ဆရာမများ၏ နည်းပညာ အစဉ်အမြဲ update ဖြစ်နေစေရန်

၁၄။ ကွန်ပျူတာတက္ကသိုလ်များ (အထူးသဖြင့် ရန်ကုန်နှင့် မန္တလေး)တွင် သင်ကြားပို့ချနေသည့် ဆရာ / ဆရာမများသည် နည်းပညာပိုင်းတွင် အထူးပြု သင်ယူခဲ့သူများ ဖြစ်သဖြင့် နည်းပညာ တတ်ကျွမ်းနားလည်မှုမှာ ဆိုစရာ မရှိသော်လည်း ဆရာဝန်များသည်လည်း အစဉ်အမြဲ ဆေးပညာနှင့် ကုသမှု အတွေ့အကြုံ ယူနေရသကဲ့သို့ ကွန်ပျူတာတက္ကသိုလ်ဆရာ/ဆရာမများသည်လည်း နည်းပညာနှင့် အသုံးချမှု အတွေ့အကြုံများ အစဉ်အမြဲ update ဖြစ်နေရန် လိုအပ်ပါသည်။

၁၅။ ကွန်ပျူတာတက္ကသိုလ်များမှ ဆရာမများကို အောက်ပါနည်းလမ်းများဖြင့် အစဉ်အမြဲ တိုးတက်နေသည့် ဆရာမများအဖြစ် ပြောင်းလဲ ဆောင်ရွက်နိုင်ပါသည်-
(က) နိုင်ငံခြားတက္ကသိုလ်များတွင် ပြုလုပ်လေ့ ရှိသည့် Sabbatical Leave (ကျောင်းမှ ၁-၂နှစ် ခွင့်) များပေး၍ ပါမောက္ခများကို ပြည်တွင်းတွင်သော်လည်းကောင်း၊ ပြည်ပတွင် သော်လည်းကောင်း သုတေသနလုပ်ငန်းများ လုပ်ကိုင်စေခြင်း၊ နိုင်ငံခြား တက္ကသိုလ်တစ်ခုတွင် သုတေသနပြုခြင်း၊ ဧည့်ကထိကအဖြစ် သွားရောက် သင်ကြားပို့ချခြင်း၊
(ခ) ကထိကများ၊ နည်းပြများကို နိုင်ငံခြားသို့ စေလွှတ်၍ ပညာသင်ယူစေခြင်း၊
(ဂ) ကွန်ပျူတာအသုံးချမှု မြင့်မားသော အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းနယ်ပယ်များတွင် အချိန်ပိုင်း အကြံပေးများအဖြစ် ဝင်ရောက် ဆောင်ရွက်ခွင့်ပြုခြင်း၊
(ဃ) အုပ်ချုပ်ရေးအဖွဲ့နှင့် စီမံရေးရာဌာနများမှ တာဝန်ရှိသူများကသာ ကြီးကြပ်၍ တက္ကသိုလ်၏ လုံခြုံရေး၊ သန့်ရှင်းရေး၊ စည်းကမ်းထိန်းသိမ်းရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်ရေး၊ အစရှိသည့် စီမံကိစ္စရပ်များကို ဆောင်ရွက်ခြင်းအားဖြင့် သင်ကြားရေးပိုင်းမှ ဆရာမများအား သင်ကြားရေးနှင့် မိမိတို့ ကိုယ်တိုင် update ဖြစ်စေရန် သင်ယူမှုများတွင် အာရုံစိုက်စေခြင်း၊
(င) Student-centered teaching, two-way interactive teaching စသည့် teaching method များကို ဆရာမများအား လေ့ကျင့်သင်ကြားပေးပြီး လက်တွေ့ပိုမို အသုံးချရန် အားပေးခြင်း၊
(စ) ဆရာမများ၏ သင်ကြားမှုကို ခံယူနေသော ကျောင်းသားများထံမှ Feedback များ တောင်းခံခြင်းဖြင့် မိမိတို့၏ သင်ကြားမှုစနစ်များ ပြုပြင်ပြောင်းလဲ တိုးတက်စေနိုင်ခြင်း။

Syllabus နှင့် Curriculum ပြန်လည်သုံးသပ်သတ်မှတ်ခြင်း

၁၆။ ယခင်က ငါးနှစ် သင်ကြားခဲ့ရာမှ သုံးနှစ်သို့ ပြောင်းလဲခဲ့ခြင်း၊ ယခုအခါ ယခင်အတိုင်း ငါးနှစ် ပြန်လည် ပြောင်းလဲ သတ်မှတ်ခြင်းမှာ သင့်မြတ်ပါသည်။

၁၇။ ပထမ ၂နှစ် ကွန်ပျူတာသိပ္ပံနှင့် နည်းပညာ အခြေခံဘာသာရပ်များ ပူးတွဲသင်ကြားပြီးလျှင် ရန်ကုန်နည်းပညာတက္ကသိုလ်တွင် Civil, Mechanical, Architect စသည်တို့ ခွဲပြီး တက်ကြသကဲ့သို့ ကွန်ပျူတာတက္ကသိုလ်များတွင်လည်း Specialization track များ Degree များ သတ်မှတ်သင့်ပါသည်။ ထို့အပြင် အောက်ပါများကို ထည့်သွင်း စဉ်းစားသင့်ပါသည်-
(က) ပထမနှစ်တွင် compulsory အဖြစ် Pseudo Language ကို ထည့်သွင်း သင်ကြားခြင်း၊
(ခ) Programming language များဖြစ်သော C++, VB, Java စသည်တို့ကို ကျောင်းသားနှင့် ဆရာများအပေါ် မူတည်၍ ရွေးချယ်သင်ကြားခြင်း၊

၁၈။ သင်ရိုးညွှန်းတန်းများ ရေးဆွဲရာတွင် ပညာရပ်ဆိုင်ရာ လိုအပ်ချက်အပြင် လုပ်ငန်းခွင် လိုအပ်ချက်များလည်း ပါဝင်နိုင်မှသာ ခေတ်နှင့် ဆီလျော်သည့် ပညာရပ်များကို ပို့ချဆောင်ရွက်နိုင်မည် ဖြစ်သဖြင့် ကွန်ပျူတာအသင်းများမှ ပူးပေါင်းဆောင်ရွက်နိုင်ပါသည်။

တက္ကသိုလ်များ၏ အကွာအဝေး

၁၉။ ကွန်ပျူတာတက္ကသိုလ် အများစုမှာ မြို့နှင့် အလှမ်းဝေးသည့် အရပ်များတွင် တည်ရှိနေသောကြောင့် အောက်ပါအခက်အခဲများကို ကြုံတွေ့ရပါသည်-
(က) နေ့စဉ် သွားလာနေရသည့် ခရီးအတွက် အချိန်ကုန်ခြင်း၊ လူပင်ပန်းခြင်း၊ ငွေကုန်ခြင်း၊
(ခ) လျှပ်စစ်မီး ခက်ခဲခြင်း၊
(ဂ) လုံခြုံရေး စိတ်မချရခြင်း၊
(ဃ) အဆောင်နေလိုသော ကျောင်းသားကျောင်းသူများ ခက်ခဲခြင်း၊
(င) တက္ကသိုလ်တစ်ခုနှင့် ထိုက်တန်သည့် ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးရန် ခက်ခဲခြင်း။

၂၀။ ရန်ကုန်ကဲ့သို့ မြို့ထဲသို့ ပြန်လည် ရွှေ့ပြောင်းနိုင်သော တက္ကသိုလ်များကို ရွှေ့ပြောင်းပေးပြီး မရွှေ့ပြောင်းနိုင်သော တက္ကသိုလ်များအတွက် လမ်းပန်းဆက်သွယ်ရေး၊ နေထိုင်နိုင်ရန် အဆောင်များနှင့် အခြားကိစ္စရပ်များ အဆင်ပြေအောင် ပုဂ္ဂလိကကဏ်ဏ္ဍနှင့် ပူးပေါင်း၍ စီစဉ် ဆောင်ရွက်ပေးသင့်ပါသည်။

လက်တွေ့ချိန် / သင်ထောက်ကူပစ္စည်းပံ့ပိုးခြင်း
၂၁။ ကွန်ပျူတာတက္ကသိုလ်များ စတင်ဖွင့်လှစ်ခဲ့စဉ်က လက်တွေ့ချိန်များ များပြားခဲ့သော်လည်း ယခုအခါ ကျောင်းသားအရေအတွက် များပြားလာခြင်းကြောင့် လက်တွေ့ခန်းများ မလုံလောက်ခြင်း၊ လျှပ်စစ်မီး မလုံလောက်သောကြောင့် လက်တွေ့ချိန်များ လျော့နည်းလာခြင်း စသည့် အခက်အခဲများဖြင့် ကြုံတွေ့နေရပါသည်။

၂၂။ လက်တွေ့သင်ကြားမှုကို အောက်ပါအတိုင်း ပြုပြင်ပြောင်းလဲနိုင်ပါသည်-
(က) လက်တွေ့ချိန်များ တိုးချဲ့သင်ကြားလေ့ကျင့်ပေးခြင်း၊
(ခ) တန်ဖိုး မကြီးသော်လည်း လက်တွေ့သင်ကြားရေးတွင် များစွာ အထောက်အကူ ပြုနိုင်သည့် ကိရိယာများကို အစဉ်အမြဲ ဈေးကွက်မှ ဝယ်ယူတပ်ဆင်ပေးခြင်း၊
(ဂ) အဆင့်မြင့် ကိရိယာများကို နည်းပညာကုမ္ပဏီကြီးများနှင့် ပူးပေါင်း၍ Computer Lab များ၊ ICT Lab များ ဖွင့်လှစ်ပေးခြင်း၊
(ဃ) ကွန်ပျူတာအသင်းများမှ ပညာရှင်များကို ဖိတ်ခေါ်၍ လက်တွေ့ချိန် အချို့ကို ကူညီပို့ချစေခြင်း၊
(င) လက်တွေ့စမ်းသပ်ရန် ရံပုံငွေများ တိုးမြှင့်ပေးခြင်း၊
(စ) မြန်နှုန်းမြင့်မားသော အင်တာနက်ဝန်ဆောင်မှုများကို ချိတ်ဆက်ပေးခြင်း၊
(ဆ) အဆင့်မြင့် စာကြည့်တိုက်ကြီးများ ဖွင့်လှစ်ထားရှိခြင်း။

Internships

၂၃။ ကွန်ပျူတာအသုံးချမှု လက်တွေ့ တတ်မြောက်သွားရန် ကျောင်းသားများကို ကွန်ပျူတာအသင်းများမှ တစ်ဆင့် ချိတ်ဆက်စေ၍ အောက်ပါအတိုင်း Intership များ ဆင်းစေနိုင်ပါသည်-
(က) ကွန်ပျူတာကုမ္ပဏီများ၊ အင်တာနက်ကုမ္ပဏီများ၊ မိုဘိုင်းကုမ္ပဏီများ၊
(ခ) ကွန်ပျူတာအသုံးချမှု မြင့်မားသော အစိုးရဌာနကြီးများ၊
(ဂ) လေကြောင်းလိုင်းများ၊ ဟိုတယ်ကြီးများ၊ စူပါမားကတ်ကြီးများ၊ အခြား စီးပွားရေး လုပ်ငန်းကြီးများ။

၂၄။ Internship ဆင်းရာတွင် လုပ်ငန်းဌာနများ၏ လက်ရှိ စနစ်များကို အနီးကပ်လေ့လာခွင့် ရရှိခြင်း၊ လုပ်ငန်းခွင်သုံး ကွန်ပျူတာ စနစ်များအတိုင်း လိုအပ်ချက်များနှင့် စွမ်းဆောင်ချက်များ လေ့လာပြီး စမ်းသပ် ရေးဆွဲခွင့်ရရှိခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါသည်။

အကြံပေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့၊ သင်ကြားရေးအဖွဲ့များ ပြင်ဆင် ဖွဲ့စည်းခြင်း
၂၅။ ခေတ်နှင့် ဆီလျော်သော တက္ကသိုလ်ကြီးများ ဖြစ်လာရန် Acadamic, Industry, International စသည့် အတွေ့အကြုံ၊ ပညာရပ်များ ပြည့်ဝသည့် ပါချုပ်ဟောင်းများ၊ ပါမောက္ခဟောင်းများ၊ ကွန်ပျူတာအသင်းများမှ ပညာရှင်ကြီးများ၊ လက်ရှိ ပါမောက္ခချုပ်နှင့် ပါမောက္ခများ စသည့် ပုဂ္ဂိုလ်ကြီးများဖြင့် တက္ကသိုလ်၏ သင်ကြားရေး၊ အုပ်ချုပ်ရေး စသည့်အဖွဲ့များတွင် ပါဝင်ဆောင်ရွက်သင့်ပါသည်-
(က) Advisory Board (ကွန်ပျူတာတက္ကသိုလ်မှ ပါချုပ်ဟောင်းများ၊ နိုင်ငံခြားတက္ကသိုလ်များမှ ပါချုပ်ဟောင်းများ၊ ကွန်ပျူတာအသင်းချုပ်မှ ဥက္ကဋ္ဌများ)
(ခ) Management Committee
(ဂ) Supervisory Board
(ဃ) Board of Studies
(င) Board of Administration (ကျောင်းသားများအနက်မှ ကိုယ်စားလှယ်များ ယင်းတို့ စိတ်ကြိုက် ရွေးချယ်ပြီး Board ထဲတွင် ပါဝင်ဆောင်ရွက်စေရန်)
(စ) Faculty (ပြင်ပမှ ပညာရှင်များကိုပါ အချိန်ပိုင်း၊ ဧည့်ကထိက စသည့် ရာထူးတာဝန်များ ပေးအပ်၍ ဖိတ်ခေါ်ရန်)

Enrichment Courses / Seminars & Workshops

၂၆။ ကွန်ပျူတာပညာရပ်များသည် လျှင်မြန်စွာ တိုးတက်ပြောင်းလဲနေသည် ဖြစ်ရာ ပုံမှန် သင်ရိုးညွှန်းတန်းထဲတွင် မပါရှိသော်လည်း ပြင်ပမှ နည်းပြများ၊ ကျွမ်းကျင်ပညာရှင်များ၊ လုပ်ငန်းအတွေ့အကြုံ ရှိသူများကို ဖိတ်ခေါ်၍ enrichment courses, seminars & workshops များ ပုံမှန် ကျင်းပသင့်ပါသည်။

Core Subjects & Electives

၂၇။ ကွန်ပျူတာတက္ကသိုလ်တွင် အခြားတက္ကသိုလ်များကဲ့သို့ Core Subject နှင့် Elective များ ရွေးချယ် သင်ကြားခွင့် ရှိသည့် စနစ်သို့ ပြောင်းလဲသတ်မှတ်သင့်ပါသည်-
(က) ၇၅% သည် Core (Major) Subject ဖြစ်ပြီး ၂၅% သည် Elective များ ဖြစ်ခြင်း၊
(ခ) Core Subject မှာ မယူမနေရ ဖြစ်ပြီး Pre-Requisites များ သတ်မှတ်ထားသည်မှ လွဲ၍ ကျောင်းသားမှ မိမိစိတ်ကြိုက် အစီအစဉ်အလိုက် ရွေးချယ် သင်ယူနိုင်ခြင်း၊
(ဂ) Elective မှာ Sociology, Pshychology, Environmental Studies, History, Arts, Accounting, Economics စသည်တို့ကို စိတ်ကြိုက် ရွေးချယ်သင်ယူနိုင်ခြင်း၊
(ဃ) Degree တွင် credits ပြည့်မီပါက Minor Subject ကိုပါ ထည့်သွင်းဖော်ပြခြင်း၊ ဥပမာ – Business Administration credits ပြည့်မီပါက Major Computer Science နှင့် Minor Business Administration ဘွဲ့ချီးမြှင့်ခြင်း။

အောင်မှတ်ပေးခြင်း

၂၈။ Pretest နှင့် Exam များ များပြားလွန်းပါက ဆရာ/ဆရာမများနှင့် ကျောင်းသားများအပေါ်တွင် ဝန်များပါသည်။ သို့ဖြစ်ရာ သင့်တော်သည့် Module များတွင် အောင်မှတ်၏ ရာခိုင်နှုန်းတစ်ခုကို ရေးဖြေစာမေးပွဲအမှတ်မှ သော်လည်းကောင်း၊ ကျန်အမှတ်ကို Projects, Assignments & Presentation မှ သော်လည်းကောင်း သတ်မှတ်သည့် စနစ်သို့ သော်လည်းကောင်း၊ အချို့ Module များတွင် Computer-based Examination ပုံစံသို့ သော်လည်းကောင်း ပြောင်းသင့်ပါသည်-
(က) Exam question set များကို တင်းကျပ်စွာ ဆောင်ရွက်ခြင်း၊
(ခ) Group assignments များ ချမှတ်ပေးခြင်း၊ Presentation လုပ်စေခြင်း၊
(ဂ) Individual assignments များ ချမှတ်ပေးခြင်း၊ အကဲဖြတ်အမှတ်ပေးခြင်း၊
(ဃ) ဘာသာရပ်အပေါ်မူတည်၍ တချို့ဘာသာရပ်များတွင် အောင်မှတ်၏ ၆၀% ကို စာမေးပွဲမှ သော်လည်းကောင်း၊ ၄၀% ကို Projects, Assignments & Presentation မှ သော်လည်းကောင်း သတ်မှတ်ခြင်း၊
(င) အချို့ဘာသာရပ်များတွင် စာတမ်းတင်ခြင်းက အမှတ်ပိုများခြင်း၊ Practical Project က အမှတ်ပိုများခြင်း စသည်ဖြင့် သတ်မှတ်ခြင်း၊
(စ) Module များတွင် Participation (classroom discussion, reading assignments) စသည်ကိုလည်း အမှတ်ပေးခြင်း။

၂၉။ Final year project ကို အတွေ့အကြုံရင့်ကျက်သည့် ဆရာမများက ကြီးမှူး၍ ကွန်ပျူတာအသင်းများမှ တစ်ဆင့် ချိတ်ဆက်၍ Industrial Attachment Program နှင့် တွဲ၍ လုပ်ကိုင်နိုင်ပါသည်။

Athletics & Recreation Activities

၃၀။ အားကစားအသင်းများ၊ အနုပညာအသင်းများ၊ ဘာသာရပ်အသင်းများ၊ မဂ္ဂဇင်းကော်မတီများကို ကျောင်းသားများကိုယ်တိုင် ဦးဆောင်၍ ပြန်လည်ဖွဲ့စည်းခွင့်ပြုပြီး သင်ရိုးပြင်ပ လှုပ်ရှားမှုများကို တက္ကသိုလ်၏ ပရဝဏ်အတွင်းတွင် တရားဝင် အားပေးခွင့်ပြု ဆောင်ရွက်သင့်ပါသည်။

Incubation / Business / Entrepreneurship

၃၁။ တက္ကသိုလ်၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် နည်းပညာကုမ္ပဏီများ ပူးပေါင်း၍ Research Project များ ပြုလုပ်ခြင်း၊ Research Project မှ တစ်ဆင့်တက်၍ Startup Business များ ပူးပေါင်း ထူထောင်ခြင်း၊ ဈေးကွက်သို့ ထုတ်ဝေဖြန့်ချိခြင်း စသည့် Incubation Center လုပ်ငန်းများကို ဆောင်ရွက်သင့်ပါသည်။

၃၂။ လုပ်ငန်း တည်ထောင်ခြင်း၊ စွန့်ဦးတီထွင်ခြင်း စသည့် အလေ့အထများ ကျောင်းသားများအကြား ကျယ်ပြန့်လာစေရန် Entrepreneurship ဘာသာရပ်များကိုပါ ထည့်သွင်း သင်ကြားသင့်ပါသည်။

နိဂုံး
၃၃။ ကွန်ပျူတာတက္ကသိုလ်များနှင့် ကွန်ပျူတာအသင်းများသည် အစဉ်အမြဲ လက်တွဲ ဆောင်ရွက်နေကြရမည် ဖြစ်ရာ အသင်းများ၏ နည်းပညာပြန့်ပွားမှု ဆိုင်ရာ လှုပ်ရှားမှုများကို ကွန်ပျူတာတက္ကသိုလ်များတွင် လာရောက် ဆောင်ရွက်ခွင့်ပြုခြင်း၊ ကွန်ပျူတာတက္ကသိုလ်များ၏ သုတေသနနှင့် ပညာရပ်များကိုလည်း ကွန်ပျူတာအသင်းများ၏ လှုပ်ရှားမှုများသို့ စေလွှတ် ဆောင်ရွက်စေခြင်းများကို ခွင့်ပြုသင့်ပါသည်။ အောက်ပါကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်ပါသည်-
(က) BarCamp
(ခ) BarCampX (Extended BarCamps)
(ဂ) Developer Conference
(ဃ) MCPA Mashup
(င) MCPA ပညာချွန်ဆု
(စ) နည်းပညာပြိုင်ပွဲများ
(ဆ) IT Business Plan Contests

၃၄။ သို့ဖြစ်ပါ၍ ကွန်ပျူတာတက္ကသိုလ်များ ပြုပြင်ပြောင်းလဲရေးသည် တိုင်းပြည်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရန် အရေးအကြီးဆုံး ကဏ်ဏ္ဍတစ်ခု ဖြစ်နေရာ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း အပါအဝင် မိမိတို့ ကွန်ပျူတာအသင်းများမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်ကြောင်း တင်ပြအစီရင်ခံအပ်ပါသည်။

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း

မှတ်ချက်၊ ဤအစီရင်ခံစာ (မူကြမ်း) ကောင်းမွန်ခြင်းသည် online, offline အားလုံး ပူးပေါင်းဆွေးနွေးခဲ့ရာမှ အချိန်တိုအတွင်း တန်ဖိုး မဖြတ်နိုင်သည့် ဆွေးနွေးမှုများကို ရရှိခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထို့အတွက် ဆွေးနွေးပေးခဲ့သူများ အားလုံးကို လှိုက်လဲစွာ ကျေးဇူးတင်ပါသည်။ ဤအစီရင်ခံစာ မပြည့်စုံပါက ရေးသားသူ မိမိတို့၏ ပေါ့ဆမှုကြောင့်သာ ဖြစ်ပါသည်။ ကျန်ရှိနေသေးသည့် အကြံပြုချက်များအနက်မှ ကောက်နှုတ်၍ ဤအစီရင်ခံစာကို ဆက်လက် ဖြည့်စွက်သွားမည် ဖြစ်ပါသည်။

ကိုးကား-
၁။ မြန်မာနိုင်ငံက ကွန်ပျူတာတက္ကသိုလ်များကို ဘယ်လိုနည်း ဘယ်လိုဟန်နဲ့ ပြုပြင်ပြောင်းလဲခြင်းအားဖြင့် ကွန်ပျူတာပညာရှင်များကို အရည်အသွေး မြှင့်တင် မွေးထုတ်ပေးနိုင်မယ်လို့ ယူဆပါသလဲ။ by Thaung Su Nyein, Ko Ye Myat Thu, ကိုစနေ ငပေ, Ko Htain Lin Shwe, Ko Htoo Myint Naung, Ma Sandy Khit, Ko Ye Naing, Ko Soe Thiha Naung and many others… (ဆရာမများ၊ ကျောင်းသားကျောင်းသူဟောင်းများ၊ လက်ရှိကျောင်းသားကျောင်းသူများ)

၂။ ပါမောက္ခချုပ်ဟောင်းတစ်ဦးရဲ့ အကြံပြုစာ ပေးပို့ချက်

၃။ DSA ဆင်း ရုရှားပြန် နည်းပြဟောင်း အင်ဂျင်နီယာတစ်ဦးရဲ့ အကြံပြုစာ ပေးပို့ချက်

၄။ စင်ကာပူနိုင်ငံရောက် ဆရာဆရာမဟောင်းများ၊ ကျောင်းသားကျောင်းသူဟောင်းများ တွေ့ဆုံဆွေးနွေးပြီး အကြံပြုပေးပို့ချက်

၅။ MCPA ရုံးခန်းတွင် လာရောက်ဆွေးနွေးပေးရာမှ ရရှိသော အကြံပြုချက်

၆။ ကိုစိုးသီဟနောင်ရဲ့ ဆောင်းပါးများ

၇။ ကို Swan Htet Aung ရဲ့ Comments Collection

Copyright (Copyleft) Notice

ဤစာတမ်းသည် မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းက အထက်ပါအတိုင်း ဆွေးနွေးအကြံပြုချက်များစွာမှ ကိုးကား ကောက်နှုတ်ပြုစုထားသည့် အစီရင်ခံစာ တစ်စောင် ဖြစ်ပါသဖြင့် မည်သူမဆို မည်သည့်မီဒီယာတွင် မဆို (ရုပ်၊ သံ၊ စာနယ်ဇင်း၊ အွန်လိုင်း) လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်။

ဦးသောင်းစုငြိမ်း

original source : http://on.fb.me/OaJeZs

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.