တက္ကသိုလ် နေ့ရက်များ

Computer တက္ကသိုလ်ဆင်း တော်တော်များများဟာ ဗေဒင်နဲ့ မကင်းကြဘူးဗျ။ ( အချို့တွေကတော့ ကဒ်တွေနဲ့ မကင်းကြဘူးပေါ့ ) အခု နှစ်တွေတော့ မသိတော့ဘူး။ ကျွန်တော်တို့ နှစ်တုန်းကတော့ ဗေဒင် တက္ကသိုလ်လို့တောင် ဆိုရလောက်အောင် ကျောင်းသား ၊ကျောင်းသူတွေ ဗေဒင်ဟောတဲ့သူတွေ ဗေဒင်မေးတဲ့သူတွေကော စုံပေါ့ဗျာ။ တစ်ယောက်နဲ့ တစ်ယောက် ဟောပုံဟောနည်း မတူညီသလို ပညာဖလှယ်တာတွေလည်း ခဏခဏ ပေါ့ဗျာ။ ထမင်းစားချိန်ရောက်ရင် ဗေဒင်ဆရာတွေဆီမှာ ဗေဒင်ဟောတဲ့သူတွေ ရောက်လာတတ်သလို တစ်ခါတစ်ရံမှာလည်း ဗေဒင် ဆရာတွေ ဝိုင်းဖွဲ့ပြီး ဆွေးနွေးကြတာတွေလည်း ရှိသေးပါ့။


နည်းပညာကျောင်းသားတွေဖြစ်ပြီး ဗေဒင် ယုံရသလားဟဲ့လို့ မေးလာချင်စိတ်တွေ ပေါ်လာမှာပေါ့။ မယုံပေမယ့် လာမေးတဲ့သူတွေရှိသလို မယုံပေမယ့် ဟောနေတဲ့သူတွေလည်း ရှိတာပဲဗျ။ တက္ကသိုလ်ကျောင်းသားဘဝဆိုတော့ ဒီလိုပဲပေါ့ဗျာ။ စာမေးပွဲနီးရင်လည်း အဆောင်အယောင်တွေကိုလည်း မြင်တွေ့နိုင်သေးတယ်။ သို့ပေမယ့် လူတိုင်း ဂရုထားနိုင်တဲ့ အဆောင်တွေတော့ မဟုတ်ဘူးပေါ့။

ကျောင်းတော်ကြီးမှာ အဟောအများဆုံးကတော့ Tarot ဗေဒင်ပဲ။ တော်တော်များများ ဟောကြတဲ့အထဲမှာ Tarot ကဒ်ဗေဒင်က အဟောအများဆုံးပဲ။ နောက်ပြီးတော့ မြန်မာ့ရိုးရာ ဗေဒင်။ မဟာဘုတ် နဲ့ သုံးတန်ပေါ် နိစ်။ မဟာဘုတ်လောက်တော့ ဗေဒင်စာအုပ် ဖတ်ပြီး တတ်နိုင်ပေမယ့် သုံးတန်ပေါ်ကတော့ လူတိုင်း မတတ်ဘူး။ သေသေချာချာ လေ့လာမှ ရတဲ့ ပညာဖြစ်တဲ့အတွက် အဲဒါနဲ့ ဟောနိုင်တဲ့သူ အတော်ရှားတယ်။ ဆန်းကျမ်း နဲ့ အင်္ဂဝိဇ္ဖာ မှာလည်း အင်္ဂဝိဇ္ဖာကို နည်းနည်းပါးပါး တတ်တဲ့သူတွေ ရှိပေမယ့် ဆန်းကျမ်းကိုတော့ မတတ်ကြဘူး။ တနည်းပြောရရင် လွယ်လင့်တကူ ဝယ်ပြီးဖတ်လို့ရတဲ့ စာအုပ်ထဲက ဗေဒင်တွေ အဟောများတာပေါ့။ ဒါကြောင့် Tarot က လူအဟောအများဆုံး ဖြစ်နေရတာပဲ။ Tarot မှာလည်း ဟောတဲ့လူက အမျိုးမျိုးပဲဗျာ။ အချို့တွေဆို တနေ့ကို ၃ ခါ ပဲဟောတယ်။ အဲ.. တချို့တွေကတော့ ကဒ်တောင် အထိ မခံတဲ့လူတွေလည်း ရှိပါ့ဗျာ။ အင်း.. ကျွန်တော့် tarot ကဒ်ဆိုရင် ကိုးတန်းအောင် ကတည်းကဆိုရင် computer hons ထိ ဆိုတော့ ၆ နှစ်လောက် တော့ ရှိပြီပေါ့။ ကျွန်တော်ကတော့ Third Year နောက်ပိုင်းမှာတော့ ဗေဒင်ဟောတာတွေ ရပ်ဆိုင်း လိုက်တယ်။ Tarot ကိုတော့ တစ်ခါတစ်လေမှ အသုံးပြုတတ်တယ်။ ကျွန်တော်ကလည်း ကိုယ့်နည်း ကိုယ်ဟန် နဲ့ ဟောတာလည်း ပါတာပေါ့။

ဗေဒင်ဆိုရင် လက္ခဏာလည်း ပစ်ပယ်လို့မရေပေဘူး။ လက္ခဏာကို အသေအချာလေ့လာတဲ့သူတွေလည်း ရှိသေးတယ်။ နောက်ပြီးတော့ ဇာတာ။ ဇာတာကတော့ သုံးတန်ပေါ်လိုမျိုးပဲ ကျောင်းမှာ လူတိုင်း မဟောနိုင်ဘူး။ ဇာတာ ကိုင်ပြီး ဟောနိုင်တဲ့ သူတွေ တော်တော်ရှားတယ်လို့လည်း ဆိုလို့ရတယ်။ ဗေဒင်ဟောနေပေမယ့် ဇာတာနဲ့ ဟောတာကို မသိတဲ့ ကျောင်းသား ကျောင်းသူတွေလည်း အများသား။ ကျောင်းမှာ ဆရာမ အတန်းမလာဘူးဖြစ်စေ နေ့လည် ထမင်းစားချိန်မှာ ဖြစ်စေ ဗေဒင် ဝါသနာပါတဲ့သူတွေ စုပြီး ဗေဒင်ဟောကြတာတွေ ပညာတွေ ဖလှယ်တာတွေလည်း ရှိခဲ့ဘူးတယ်ဗျာ။ တော်တော်တော့ ပျော်ဖို့ကောင်းသားဗျ။ တက္ကသိုလ်တက်လိုက်တာ သူငယ်ချင်းတွေရဲ့ ကျေးဇူးကြောင့် လက္ခဏာ အကြောင်းတွေ ပိုသိလာတယ်။ နောက်ပြီး ဇာတာ နဲ့လည်း ဟောတတ်သွားတယ်။ ဇာတာကိုတော့ မတွက်တတ်ဘူး။ program နဲ့ပဲ တွက်လိုက်တာပဲ။ ပြီးတော့ print ထုတ် ပြီး ဟောပေါ့ဗျာ။ တစ်ခါတစ်လေတော့လည်း အိမ်ကို ယူပြီး တွက်ရတာတွေ ရှိတယ်။ ပြက္ခဒိန် နဲ့ ဂြိုလ်သွား ဂြိုလ်လာတွေ ကြည့်ပြီး ဟောတဲ့ အခါတွေလည်း ရှိတာပေါ့။ နောက်ပြီးတော့ ဘာမှ မဟောခင် စိတ်အကြောင်း အနည်းအငယ် သိရအောင် Zodiac ကိုမေးပြီး အဲဒီ  အကြောင်းလေးတွေလည်း စိတ်ဝင်စားအောင် ပြောပြတာတွေလည်း ရှိသေးတယ်။ အော်… အဲနေ့မှ မွေးတာဆိုတော့ ဘာ sign ပေါ့။ ဒါဆိုရင်တော့ ဒီလို ဒီလို တွေ ရှိတတ်တယ်။ တကယ်တော့ လူတွေဆိုတာ ကိုယ့်အကြောင်းကို ပြောပြရင် အရမ်းကြိုက်တဲ့ သတ္တဝါဗျ။ ဟုတ်တာ ၃၀% လောက်ပါသွားရင် မှန်တယ် မှန်တယ်ဆိုပြီး ဖြစ်သွားပါလေရော။ လူဆိုတာကလည်း ကိုယ့်အရှေ့မှာ ကိုယ့်ကောင်းကြောင်းတွေ ပြောပြနေရင် ပြုံးပြီး ပျော်နေတတ်တဲ့ သတ္တဝါဆိုလည်း မမှားဘူး။ Zodiac တွေ အကြောင်းပြောရင် ကောင်းတာတွေကို များများပြောပြီး မကောင်းတဲ့ အကျင့်ကို နည်းနည်းလေး ထည့်ပြောတတ်တယ်။ အဲဒီ အခါ… ဟုတ်တာပေါ့.. ဟုတ်တယ်.. ပြင်ဖို့ ကြိုးစားတာ မရဘူးဟယ်… စတာလေးတွေလည်း ပြန်ဖြေတတ်တာတွေလည်း ရှိပြန်တကော။

ကျွန်တော် သိတဲ့ ဗေဒင် ဆရာ ဆရာမ ဆိုရင်တော့ ၃ ယောက်လောက်ပဲ သိတယ်။ ကျွန်တော် အပါအဝင် ၄ ယောက်ပေါ့။ သူတို့ ၃ ယောက်ဆီက လှည့်ပြီး ပညာတွေလည်း ယူခဲ့တာ အများကြီးပဲ။ အဲဒီထဲက တစ်ယောက်ကတော့ ဗေဒင် ဟောတာ ညှက်နေပြီလို့ ဆိုရမယ်။ သူပေးတဲ့ နည်းလေးက အတွဲလာဟောရင် ရနိုင်တယ်လို့သာ ဟောလိုက်။ မရဘူးမြင်လည်း ရနိုင်တယ်လို့သာ ဟော။ လက္ခဏာပဲဖြစ်ဖြစ် ဗေဒင်ပဲ ဖြစ်ဖြစ် အခုလုပ်ထားတဲ့ ကံပေါ်မှာ မူတည်ပြီး ရှေ့ကိုပဲ ဟောတာ။ သူတို့ကောင်းတာ လုပ်ရင် ကောင်းတာတွေ ပြောင်းသွားမယ်။ ဒါကြောင့် စိတ်ချမ်းသာအောင်ပဲဟောပေးလိုက်တဲ့။ ဟုတ်တော့လည်း ဟုတ်တာပဲ။ ကံတွေက အမြဲပြောင်းနေတယ်။ လက္ခဏာကြည့်လာတာ ၃ နှစ် လောက် ဒီလူတွေပဲ ဆိုတော့ တစ်နှစ်နဲ့ တစ်နှစ် မသိမသာလေးတွေ ကွာကုန်တာလည်း သတိထားမိတယ်။ ရယ်တော့လည်း ရယ်ရသားဗျ။ ၃ နှစ်လောက်အတွင်းမှာ မေးတဲ့သူတွေကလည်း ဒီလူတွေပဲ။ မေးတဲ့ မေးခွန်းတွေကလည်း သိပ်ပြီး မထူးခြားနားလှပါဘူး။ လူငယ်တွေ မေးနေကျ မေးခွန်းပဲမေးနေတာပဲ။

အဲ တစ်ခါတစ်လေ လာမေးတဲ့သူတွေက ပြန်ဟောပေးတဲ့ အခါတွေလည်း ရှိပါ့။ အချို့တွေ ဖဲဗေဒင်တွေ ဟောကြသလို အချို့တွေကလည်း tissue ဗေဒင်နဲ့ ဟောတာလည်း ရှိတယ်။ တနည်းပြောရင်ဗျာ ဗေဒင်စိတ်ဝင်စားတဲ့သူတိုင်း ဗေဒင်လွယ်လွယ်ကူကူ နေရာတိုင်းမှာ သင်နိုင်တဲ့ ကျောင်းကြီးဆိုလည်း မမှားဘူးပေါ့။ သို့ပေမယ့် နက္ခတ် ကို ကြည့်တတ်တဲ့သူတော့ ကျွန်တော် မတွေ့ခဲ့မိဘူး။ ဟိုစပ်စပ် ဒီစပ်စပ် သင်ယူနိုင်တယ်ဆိုရင်တော့ ပိုမှန်တာပေါ့။ အချို့တွေဆိုရင် နဒီနက္ခတ် ကျောင်းဆင်းတွေတောင် ရှိသေးတယ်။ ကျွန်တော်ဆို သူတို့ဆီက ဇာတာ တွေ ပြန်သင်ရတာပေါ့။ လက္ခဏာ လာမေးတဲ့သူတွေကလည်း လက္ခဏာ ပတ်သက်ပြီး နားရည်ဝ နေပြီ။ အနည်းအကျဉ်း ကြည့်တတ်နေပြီ။ တစ်ခါတစ်ခါ သူတို့ သူငယ်ချင်းတွေကို ဆရာပြန်ပြီး ဟောပေးတာတွေလည်း တွေ့ရသေးပါ့ဗျာ။ ဘာပဲ ပြောပြော ကျောင်းမှာက ဗေဒင်နဲ့ ပတ်သက်ရင် ပျော်စံရာ ဆိုလည်း မမှားဘူးပေါ့။

မေးလွန်းလို့ တစ်ခါတစ်လေ စိတ်ပေါက်ပေါက်ရှိရင် ဇာတာယူပြီး တွက်ပြီး ပေးလိုက်တဲ့အခါတွေလည်း ရှိပါ့။ ခဏခဏ လာမမေးနဲ့။ နင့်အကြောင်း အကုန်ဒီမှာ ရေးပြီးပြီ။ ယူပြီး သိမ်းထားလိုက်။ ကိုယ့်ဘာသာကိုယ် ဖတ်ကြည့်တော့ ဆိုပြီး ပေးထားတဲ့ အချိန်တွေလည်း ရှိပါ့။ တကယ်တန်းတော့ ဗျာ ဗေဒင်လာမေးတဲ့သူတွေက သူတို့ စိတ်ချမ်းသာအောင် လာမေးကြတာ။ သူတို့ စိတ်ချမ်းသာအောင် ဟောပေးလိုက်ရင် ပျော်သွားတာပဲ။ မှန်တယ်ဆိုပြီး ဖြစ်သွားတာပဲ။ မမှန်ရင်လည်း နည်းနည်းလေးပဲ လွှဲတာဟ ဆိုပြီး လာထပ်မေးကြပြန်ကော။ တတိယ နှစ်မှာတော့ ကိုယ်ပိုင်နည်းနဲ့ ဟောဖြစ်လာတယ်။လူတိုင်းက tarot တွေနဲ့ နောက်ပြီး လက္ခဏာ ဆရာတွေကလည်း များလာတော့ အဲဒီ နည်းလမ်း မသုံးချင်တာနဲ့ ကိုယ်ပိုင် နည်းလမ်းကို ရှာကြံလာတာပေါ့။ second year second term ကနေ third year first term လောက်ထိ research လုပ်လိုက်ရတယ်လို့ ပြောရမှာပဲ။ အဲဒီ နည်းနဲ့ကလည်း ကျောင်းမှာ အောင်မြင်လိုက်သေးတယ်။ ဒီနည်းလမ်းက ဘယ်စာအုပ်မှာမှ မပါသလို ကိုယ်ပိုင် နည်းဖြစ်တာလည်း ပါတယ်။ အဲ.. ကျောင်းမှာ ဘယ်လောက် ဆိုးသလဲဆိုဗျာ …. နိမိတ်ကောက်နည်း ဖတ်ဖူးတော့ အဲဒီ အကြောင်းပြောပြတော့ ချက်ခြင်း အနားမှာ ရှိတာ တစ်ခုခု ကို ယူပြီး ဒါမှမဟုတ် သစ်ကိုင်းချိုးပြီး အတင်း နိမိတ်ကောက်ခိုင်းတာတွေလည်း ရှိတယ်။ ဟုတ်တယ် မဟုတ်တယ်တော့ မသိဘူး။ ယုံတဲ့ လူ မယုံတဲ့လူထက် လူငယ်သဘာဝ ပျော်ကြတာတော့ အမှန်ပဲ။ ကျောင်းမှာမှ မဟုတ်ပါဘူး။ ဘယ်မှာ မဆို ဗေဒင် တတ်တယ်ဆိုတာနဲ့ မေးချင်တဲ့သူတွေက အများသားဗျ။ ယုံတယ်လည်း မဟုတ်။ မယုံဘူးလည်း မဟုတ်။ ဒီအတိုင်း မေးကြည့်ချင်တာပဲ ရှိတာ။ အများစုကတော့ မေးပြီး မေ့ကြတာတွေလည်း အများသား။ အများစု မေးကြတာတွေက ကောင်မလေးတွေပဲ ။ မေးတဲ့ အကြောင်းကတော့ တစ်ယောက်နဲ့ တစ်ယောက်က အတူတူတွေပါပဲဗျာ။ လာမေးတော့မယ်ဆိုကတည်းက ဘာအကြောင်းမေးမလဲဆိုတာ ဗေဒင် တွက်စရာမလိုပဲ သိနေပြီးသား။ တကယ်တန်းတော့ မိန်းကလေးမို့ ဗေဒင်မေးပြီး ဖြေသိမ့်ရတယ်လို့ပဲဆိုရမလား မသိပါဘူး။ သီချင်းတွေထဲက မိန်းကလေး ဘက်ကမို့ဆိုပြီး ပြောရမလိုတောင် ဖြစ်နေပြီ။ တချို့တွေကလည်း အတွဲနဲ့ လာကြတယ်။ ဒါဆိုရင် ဘာမှ တွက်စရာမလိုဘူး။ ဘာတွေ မေးမလဲဆိုတာကို အလိုလို သိပြီးသား။ တကယ်တန်းတော့ ဗေဒင်ပညာဆိုတာ စိတ်ပညာလည်း ပေါင်းစပ် တတ်ကျွမ်းရတယ်လို့ ကျောင်းက ဗေဒင်ဆရာ သူငယ်ချင်းတစ်ယောက်က ဆိုဖူးတယ်။ စိတ်ညစ်နေတဲ့သူကို ပျော်အောင် ဖန်တီး ပေးရမယ်။ စိတ်ပျက်နေတဲ့သူတွေကို စိတ်ကြွလာအောင် ပြောဆိုပေးရမယ်။ ဒါတွေကို ဗေဒင် ဆရာတွေက လုပ်နိုင်တယ်။ မှန်တာ မှားတာ ထက် သူတို့ ပျော်ရွှင်သွားဖို့ စိတ်ကြွသွားဖို့ လိုတယ်လို့ ဆိုတဲ့သူတွေလည်းရှိသေးတယ်။ အဲ.. အဲဒီ နည်းလမ်းက tarot မှာ သုံးမရဘူး။ tarot က ကျောင်းသား ကျောင်းသူများများက ရင်းနှီးကျွမ်းဝင်ပြီးသားဆိုတော့ ဘာကဒ်ဆိုရင် ဘာဆိုတာကို အရိပ်အမြွက်သိနေပြီလေ။

ကျောင်းမှာကတော့ ကိုယ်ပိုင် နည်းလမ်း အသစ်ထွင်ပြီး ဟောတာ မရှိဘူးတော့ မဟုတ်ပေမယ့် အတော်ရှားတယ်လို့ဆိုရမယ်။ သို့ပေမယ့်လည်း သူ့အဖွဲ့နဲ့ သူ ဟောပြောနေတာ တကယ့် ဗေဒင်ကျောင်းတော်ကြီးလို့ပဲ ဆိုရမလားမသိပါဘူးဗျာ။ ကျွန်တော် တို့ နှစ်ကတော့ ဗေဒင်ကို အတော် ဝါသနာပါကြတယ်ဆိုလည်း မှန်တယ်။ ဗေဒင်လည်း အတော်မေးကြတယ်ဆိုလည်း ဟုတ်တာပဲ။ အဲ.. ယတြာတွေတော့ ချေခဲတယ်လို့ ဆိုရမယ်။ နောက်ပြီး ယတြာပေးတဲ့ လူတွေလည်း အတော်နည်းပါတယ်။ လိုလည်း မလိုအပ်ပါဘူးလေ။ ဘာကြောင့်လည်းဆိုတာတော့ အထွေအထူး ပြောစရာမလိုလောက်အောင် အပေါ်မှာ ပြောပြီးပြီပဲ။ ဗေဒင် အကြောင်းတွေရေးထားတာ တွေကိုတွေ့တိုင်း ကျောင်းသားဘဝက တက္ကသိုလ်နေ့ရက်တွေကို လွမ်းမော သတိရရင်း …….

စာကြွင်း ။။ ဗေဒင်ပညာဟာ နက်နဲ ခက်ခဲလှပါတယ်။ စာနည်းနည်းဖတ်လိုက်ရုံနဲ့ ဗေဒင် မဟောတတ်ပါဘူး။ ကျောင်းသားဘဝက အပျော်တမ်း ဟောခဲ့တာလေးတွေ ရေးထားတာပါ။ ဗေဒင်ပညာကို ဖျက်စီးလိုတဲ့ သဘောမျိုးနဲ့ ရေးသားထားခြင်းမဟုတ်ချေ။ ကျောင်းသားဘဝကို တမ်းတ လွမ်းမောသည့်အနေဖြင့်သာ ….. အရင် အချိန်တွေကို အောက်မေ့ သတိရရင်း..

11 Comments

  1. Tayza8888 says:

    သုံးတန်ပေါ်နိစ် ပါ ဦးလေးရယ် သုံးတန်ပေါ်နိစ္စ ဟုတ်ဝူးထင်တယ်နော်

    1. Anonymous says:

      thank .. fixed

  2. ဗေဒင်မေးချင်ပါတယ်..ဟီး

    1. saturngod says:

      (ေ မွးနေ့ကိုတော့ ဖျက်ထားလိုက်တယ်.. ) ဗေဒင်မဟောတာ ကြာလှပေါ့ဗျာ… အလွယ်ပြောလို့ရတာကတော့ ပညာရေးနဲ့ အကျိုးပေးတယ်.. မိဘ သို့မဟုတ် ဆွေမျိုး အထောက်အပံ့က အားကောင်းတယ်လို့ ဆိုရမှာပဲ… မဟောတာ ကြာပြီဗျ… ကျောင်းတုန်းကသာ ဟောခဲ့တာ.. အခုအချိန်မှာတော့ ဟောချင်စိတ်လည်း မရှိတော့ဘူး.. :D ဇာတာဆိုရင် စာအုပ်ပြန်ဖတ်မှ မှတ်မိတော့မယ်ထင်တယ်..

  3. MGMGKYAW says:

    ကိုစေတန်ဆီမှာ ဗေဒင်မေးရင် ကောင်းမလား မသိဘူး။

  4. m0rRis says:

    ဟုတ်ပဟုတ်ပ ကျွန်တော်အမျိုး ဗေဒင်ဆရာမတစ်ယောက်ပြောဖူးတယ်။ စာမေးပွဲဆို အောင်မယ်သာဟောတဲ့ ဘယ်တော့မှကျမယ်မဟောနဲ့တဲ့ အောင်မယ်ဟောလို့ကျသွားရင် ဗေဒင်ဆရာကိုမပြောအားပါဘူး။ သူဖာသာသူစာတွေလိမ့်ကျနေပါလိမ့်မယ်။ ကျမယ်ပြောပြီး အောင်သွားလို့ကတော့ ဗေဒင်ဆရာသေဖို့သာပြင်ပေတော့ :P

  5. YoungGun says:

    ကိုစေတန်တစ်ယောက် ဗေဒင်အကြောင်း ရေးထားတယ်ဆိုလို့ .. လာဖတ်ပါတယ်။ ဗေဒင်ပညာကို အထင်မသေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ ဒါထက် .. တခါတုန်းက ဇော်ဂျီလက်ကွက်လေး ပြန်ဖော်ထုတ်ပေးလို့လည်း ကျေးဇူးတင်ပါတယ်။ အဲဒီလက်ကွက် ဘားဂလိရှ်နဲ့သာ ကျွန်တော့်ဘလော့လေး အသက်ဆက်နိုင်ခဲ့တာပါ။

  6. luthitlaypar says:

    ကျွန်တော့ သူငယ်ချင်းတစ်ယောက်က ပြက္ခဒိန်ပညာရှိ အဖွဲ့ဝင်တစ်ယောက်ပါ ဗေဒင်သမားတွေ နှစ်စဉ်ဝယ်လေ့ရှိတဲ့ သန်ဓိတ်ထ (စာလုံးပေါင်းမှားပါလိမ့်မယ်) ပြက္ခဒိန် စာအုပ်ကိုလည်း တွက်ပြီး ထုတ်ဝေပါတယ်၊ သူပြောတာ ကျွန်တော့ ဖွားဇာတာက အရမ်းကောင်းတယ် ကြီးပွားချမ်းသာမယ်ပေါ့ဗျာ၊ အဲ သူ့သူငယ်ချင်း လက္ခဏာသမားတွေက ကျွန်တော့ လက္ခဏာမှာ ဒယ်ဘယ် ဘရိန်းပါနေလို့ ထူးချွန်ထက်မြက်သူတစ်ဦး ဖြစ်လိမ့်မယ်ပေါ့၊ အဲသည်မှာ ကျွန်တော်ပြောချင်တာ ကျွန်တော် အခုထိ ဘာမှဖြစ်မလာပါဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က မကျိုးစားချင်ဘူး၊ ချမ်းလဲ မချမ်းသာချင်ပါဘူး၊ ကိုယ့်ဘာသာ စာတွေဖတ်ပြီး အေးဆေးပဲနေချင်တယ်၊ အဲသည်တော့ ဘာမှလဲဖြစ်မလာပါဘူး၊ နောက်ဆုံး ပြောချင်တာက လိုချင်တာကို ရအောင်ကျိုးစားဖို့က အဓိကပဲလို့ ထင်ပါတယ် ဟုတ်ချင်မှလဲ ဟုတ်လိမ့်မယ်ပေါ့ဗျာ။

  7. K says:

    iphone မှာ ဗေဒင် Game ရေးတော့မယ့်ပုံပဲ .. LOL

  8. ကျေးဇူးပါတယ်နော်..ပညာရေးနဲ့အကျိုးပေးသလားမမေးနဲ့…ခုထက်ထိ ဖတ်ရတဲ့ဘဝကနေမလွတ်သေးဘူး
    မိဘ ဆွေမျိူး ..အင်း အမွေတော့မရသေးဘူး ဟီး

  9. Kyaw Zwar says:

    Post နဲ့တော့မဆိုင်ပါဘူးတောင်းပန်ပါတယ်၊ကိုစေတန်ကိုဘယ်သူနဲ့တူလဲလို့စဉ်စားနေတာ၊
    ရုပ်ရှင်သရုပ်ဆောင်သျှားညိုနဲ့တူတာကိုးဗျ..

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.