Art of Love (base on Art Of War) — 3

၃။ ထိုးစစ်ဆင်ရန် စီမံခြင်း

တိုက်ပွဲတစ်ရာ ၊ အောင်ပွဲတစ်ရာ ရရှိနိုင်ရန် အကောင်းအဆုံးအချက်သည် အဓိကမဟုတ်။ ရန်သူတပ်များ မတိုက်ခိုက်ပဲ ဒူးထောက် အညံ့ခံစေခြင်းသည် မှန်ကန် ကောင်းမွန်သော အဓိက အချက်ဖြစ်သည်။

အချစ်ရေးတွင်လည်း ထိုနည်းတူပင်။ ဘယ်လို နည်းပညာ သုံးရမည်ဟူသည် အဓိက မဟုတ်။ ကိုယ့်အချစ်ကို သူသိရှိကာ ကိုယ့်အား ယုံယုံကြည်ကြည်နှင့် ပြန်ချစ်လာခြင်းသည်သာ ကောင်းမွန်သော အဓိက အချက်ဖြစ်သည်။

အချစ်ရေးတွင် အဓိက အရေးကြီးဆုံးမှာ ကိုယ့်အပေါ်လိုလိုလားလား ပြန်ချစ်လာရန် ဖြစ်သည်။ ။ ဒုတိယ အကောင်းဆုံးအချက်မှာ ကိုယ့်အပေါ် ယုံကြည် အားကိုးပြီး ပြန်ချစ်လာရန် ဖြစ်သည်။တတိယ အချက်မှာ သူရွေးချယ်ဖို့ ထိုက်တန်သူ ဖြစ်ကြောင်း သိရန်လိုအပ်သည်။ အနိမ့်ဆုံး ရည်မှန်းချက်မှာ သူ့အားကိုယ်ချစ်နေသည်ကို သူသိပြီး စဉ်းစားပေးရန် ဖြစ်သည်။

အချစ်ရေးတွင် အချိန်တိုတိုတွင် သူ ကိုယ့်အပေါ်လိုလိုလားလား ပြန်ချစ်လာရန်ဖြစ်သည်။ သူ လိုလိုလားလား ပြန်မဖြစ်သေးသော်လည်း ကိုယ်ဟာ အားကိုးရပြီး သူရွေးချယ်သင့်သည်ဟု ယုံကြည်ကာ ရွေးချယ်လာနိုင်ရန်ကြိုးစားရမည်။ သူ့အချစ်ကို ရပြီးမှ သူလိုလိုလားလား ပြန်ချစ်အောင် ထပ်မံ ဖန်တီးယူနိုင်သည်။ ဤသည်မှာ ထိုးစစ်ဆင်ရန် အတွက် မဟာဗျူဟာပင်ဖြစ်သည်။

ယေဘူယျအားဖြင့် သူကိုယ့်အပေါ်သူချစ်နေသည်ဟု သေချာလျှင် အဖြေရအောင် အမြန်တောင်းဆိုသင့်သည်။ သိပ်မသေချာသေးပါက ကိုယ့်အား ချစ်လာအောင် သူ့အနားတွင် အမြဲလိုလို အသင့်ရှိနေရမည်။ သူချစ်မချစ်မသိသေးလျှင် သူ ဘေးနားတွင် အချိန်တိုင်း ရှိနေပေးရမည်။ သူ့အနေနဲ့ ကိုယ့်အား မသိသေးလျှင် ကိုယ့်အား ဂရုပြုမိစေရန် ဆောင်ရွက်ရမည်။ သူ ကိုယ့်အား အလိုလိုနေရင်း သို့မဟုတ် အကြောင်း တစ်ခုခုကြောင့် မုန်းနေလျှင် ပရိယာယ်သုံးပြီး သူပြန်ချစ်လာအောင် ကြိုးစားရမည်။ မိမိအားလုံးဝ မုန်းနေလျှင် သူတကယ်မချစ်လျှင် ဆက်မလုပ်သင့်ပေ။ တနည်းဆိုသော် သူကိုယ့်အပေါ် သဘောထားဘယ်လောက်ရှိသည်ကို မချိန်ဆတတ်ပါက ရှုံးနိမ့်မှုနဲ့ ကြုံတွေ့နိုင်သည်။

အချစ်တွင် ကိုယ့်အရည်အချင်းသည် အဓိကကျသည်။ ကိုယ်သည် ဘက်စုံ ပြည့်စုံ ဖြစ်နေသူမှသာ သူ့အချစ်ကို မြန်မြန်ရနိုင်မည်။ ကိုယ့်အကျင့် ကိုယ့်စရိုက်များကို သူမကြိုက်ပါက အချစ်ရေးကြိုးစားရာတွင် အခက်အခဲဖြစ်နိုင်သည်။

တစ်ခါတစ်လေ အချို့အကြံပေးများကြောင့်လည်း အခက်ကြုံစေသည့် အချက် သုံးချက်ရှိသည်။ အကြံပေးများသည် သူ့အားအဖြေတောင်းချိန် မတန်သေးပဲ အတင်းအဖြေတောင်းခိုင်းခြင်း သို့မဟုတ် လက်လျော့သင့်သည့် အချိန်မဟုတ်ပဲ လက်လျော့ခိုင်းမှု ။ ထိုအချက်သည် မိမိ စိတ်ကို ရှုပ်ထွေးစေနိုင်သည်။ အချို့ အကြံပေးများသည် အချစ်ရေးကို သေချာမသိပဲ ကိုယ်လည်း မကြုံတွေ့ဘူးသေးပဲ မှန်းဆကာ အကြံပေးတတ်သည်။ ထိုအချက်သည်လည်း မိမိအား စိတ်ကို ရှုပ်ထွေးစေတတ်သည်။ အချို့အကြံပေးများသည် နည်းဗျူဟာ ကွပ်ကဲမှု ပြဿနာကို မချိန်တတ်ပဲမိမိအား ခိုင်းစေခြင်းကြောင့်လည်း မိမိသည် စိတ်ဒွိဟ ဖြစ်စေတတ်သည်။

မိမိစိတ်ရှုပ်ထွေးခြင်း စိတ်ဒွိဟဖြစ်ခြင်းတို့ကြောင့် မိမိပြိုင်ဘက်ကို အခွင့်ရေးရသွားစေနိုင်သည်။ မိမိအပေါ်မှာလည်း သူ စိတ်ထားပြောင်းလဲသွားနိုင်သည်။ တနည်းဆိုသော် မိမိပြိုင်ဘက် အောင်ပွဲခံရေးအတွက် ဖန်တီးပေးလိုက်သလို ဖြစ်သွားနိုင်သည်။

အောင်ပွဲ ခံနိုင် မခံနိုင် သိရှိနိုင်ရန် အချက် ငါးချက်ရှိသည်။

မည်သည့်အချိန်တွင် သူ့အား အဖြေတောင်းလျှင် ရနိုင်မည်။ သူ့အားဖွင့်ပြောလျှင်ရနိုင်မည်။ မည်သည့်အချိန်တွင် အဖြေမတောင်းသင့် သူ့အား ဖွင့်မပြောသင့်ဟု သိခြင်းသည် အောင်ပွဲ ခံနိုင်သည်။

မိမိ အပေါင်းအသင်း သူ့အပေါင်းအသင်း အကူအညီကို လိုအပ်သလို အသုံးချနိုင်လျှင် အောင်ပွဲခံနိုင်ခြင်းဖြစ်သည်။

မိမိ နှင့် သူ တစ်စိတ်တစ်ဝမ်းတည်း ရင်းနှီးကျွမ်းဝင်လာကာ မိမိအားကူညီသူများနှင့် စိတ်ဆန္ဒ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေလျှင် အောင်ပွဲ ခံနိုင် သည်။

မိမိသည် သူချစ်နေကြောင်းကို သိပြီး မိမိချစ်နေကြောင်း သူမသိသေးချိန်တွင် ဖွင့်ပြောခြင်းသည် အောင်နိုင်ခံရေးအကြောင်း ဖြစ်သည်။

အတွေ့အကြုံမရှိသော အကြံပေးများ ဝင်နှောင့်သူများ မပါပဲ မိမိ ကိုယ်ပိုင်အရည်အချင်းကောင်းများ အပြည့်အဝ အသုံးချနိုင်လျှင် အောင်ပွဲခံနိုင်မှု အကြောင်းရင်း တစ်ရပ်ဖြစ်သည်။

အထက်ပါ အချက်ငါးချက်ကို သိထားမှသာ မုချ အောင်ပွဲခံနိုင်လိမ့်မည်။

ဤနည်းဖြင့် သူ့အကြောင်းကို ကိုယ်လည်းသိ ကိုယ့်အကြောင်းကို ကိုယ်လည်းသိ။ ထိုသူတို့သည် အမြဲအောင်ပွဲရလိမ့်မည်။ သူ့အကြောင်းကို မသိဘဲ ကိုယ့်အကြောင်းသာ ကိုယ်သိသူ သို့မဟုတ် သူ့အကြောင်းကို သိပြီး မိမိအကြောင်းကို မသိသူတို့သည် တစ်ခါတစ်ရံသာ အောင်နိုင်တတ်သည်။ သူ့အကြောင်းလည်း ကိုယ်မသိ ကိုယ့်အကြောင်းလည်း ကိုယ်မသိသူတို့သည် အရှုံးနှင့် အမြဲရင်ဆိုင်ရလိမ့်မည်။

ဤသည်မှာ ထိုးစစ်ဆင်ရန် စီမံခြင်း ပြီး၏။ နောက်တစ်ပိုင်းသည် တပ်ဖွဲ့များ ဖြန့်ထားခြင်း ဖြစ်သည်။ စောင့်ဖတ်ကြကုန်သော်။

2 Comments

  1. hana says:

    :D
    ရည်းစားဘယ်နှစ်ယောက်လဲ မောင်စေတန်

    1. saturngod says:

      အခုအချိန်ထိ တစ်ယောက်ပဲ ရှိပါသေးတယ် ခင်ဗျာ။ တစ်ယောက်ထဲပဲ စွဲစွဲမြဲမြဲပါ။ Art of love အပိုင်း ၁ ရဲ့ ပထမအချက်ကို ပြန်ဖတ်ရန် :P

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.