နန်းကျဘုရင်

စာအုပ်ကို ဝယ်ထားတာတော့ ကြာပြီ။ သို့ပေမယ့်လည်း ဒီစာအုပ် ဖတ်မယ်လုပ်လိုက်တိုင်း အခြား စာအုပ်တွေ အရင် ဖတ်ဖြစ်နေနေတယ်။ ဒီနေ့မှပဲ ဖတ်လို့ ပြီးသွားတယ်။ အခြား မြန်မာစာအုပ်တွေ နှင့် မတူပဲ ဖြေးဖြေးနဲ့ အေးအေးဖတ်ဖြစ်သည့် စာအုပ်တစ်အုပ်လို့ ဆိုရမယ်။

သီပေါမင်း အကြောင်းဆိုလို့ ကျောင်းမှာ သင်တာကတော့ အနည်းအကျဉ်းလောက်နဲ့ သူ့ကျွန်မခံပြီ ရုပ်ရှင်ကားလောက်ပဲ ရှိတယ်။ အောင်မြင်သည့် မင်းတစ်ပါး မဟုတ်တာရယ် နောက်ဆုံးမင်းဖြစ်တာကြောင့် ထွေထွေထူးထူး အကြောင်းအရာတွေ ကို ကျောင်းမှာ မသင်တာလည်း ဖြစ်နိုင်ပါတယ်။ နန်းကျဘုရင် စာအုပ်လေးက သီပေါမင်း အကြောင်းကို တော်တော်လေး ရေးသားထားတယ်။ ဒါ့အပြင် သီပေါမင်း နတ်ရွာစံပြီးနောက်ပိုင်း သူ့မိသားစု အခြေအနေတွေပါ ရေးထားတယ်။ မြန်မာ အတော်များများက သီပေါမင်း အကြောင်းကို မသိကြဘူး။ ကျွန်တော် ကိုယ်တိုင်လည်း ဒီစာအုပ်လေး ဖတ်ပြီးမှသာ အတော်လေးကို သိလာရတယ်။ ဒီစာအုပ်မှာ မူရင်း စာရေးသူ ဆူဒါးရှား က သီပေါမင်း အပါအဝင် သူရဲ့ မျိုးဆက် ၃ ခုကို ၇ နှစ်ကြာ သုတေတန ပြုပြီး ရေးသားခဲ့ပါတယ်။

စာအုပ်ကို ဖတ်ပြီး အားမလို အားမရဖြစ်တာတွေ နားမလည်တာတွေ အတော့်ကိုပါတယ်။ ဖတ်ပြီး နှစ်ထောင်းအားရ မိတယ်ဆိုလို့ တစ်ခုမှ မရှိသလောက်ပဲ။ တစ်ခုတော့ သိလိုက်တာက သီပေါမင်း ဟာ ငယ်ငယ်က ထင်သလို ငတုံး အူတူတူ မဟုတ်ပဲ ပညာတတ်ပြီး ဆောက်လုပ်ရေး အပိုင်းကို ဝါသနာပါတယ်။ သို့ပေမယ့် အယုံလွယ်တယ်။ အသုံးကြမ်းတယ် ဆိုတာကို ဖတ်ကြည့်မှ သိတော့တယ်။ သီပေါမင်း အုပ်ချုပ်ချိန်မှာ တိုင်းပြည်က သေးသေးလေး ကျန်နေချိန်မှာတောင် အပေးအကမ်း အသုံးအစွဲက အတော်ကြီးတယ်လို့ ဆိုရမယ်။ အခြား တိုင်းပြည် ဖွံ့ဖြိုးမှု ၊ စစ် အင်အား စတာတွေ ကို စိတ်မဝင်စားပဲ နန်းတွင်းမှာ မွေး ၊ နန်းတွင်းမှာ ကြီး ပြီး စုဖုရားလတ် ကြောင့် ဘုရင် ဖြစ်လာတယ်။ ဘုရင် ဖြစ်တော့လည်း ညီလာခံမှာ ရုပ်ထွက်ပြတယ် ဆိုရုံပဲ လို့ ဆိုထားပြန်တယ်။ စုဖုရားလတ်ကြောင့် ဘုရင် ဖြစ်ပြီးတော့ စုဖုရားလတ်ကြောင့်ပဲ ပါတော်မူ ခဲ့ရတယ်။ သူ့ဘဝဟာ သူ့အတွက် အသက်ရှည်သွားရတယ်လို့ မမြင်မိဘူး။ စုဖုရားလတ် စိတ်ချမ်းသာဖို့ နဲ့ မိသားစု အတွက်သာ နေထိုင်သွားတယ်။

နောက်ပြီးတော့ အင်္ဂလိပ် အစိုးရက သီပေါမင်း အပါအဝင် သီပေါမင်း နတ်ရွာစံပြီး သမီးတော်တွေ အပြင် မြေးတွေ အထိ ပင်စင် လစာ ထောက်ပံ့ခဲ့တယ်ဆိုတာ ဒီစာအုပ် ဖတ်မှပဲ သိရတော့တယ်။ နိုင်ငံတကာ အလယ်မှာ မျက်နှာလှအောင်ပဲလည်း ဒါမှမဟုတ် သူတို့ရဲ့ ပုံစံပဲလားတော့ မပြောတတ်ဘူး။ သို့ပေမယ့် အဲဒီဘဝဟာ ရှင်လျက်နှင့် သေနေသလိုပဲ။ မြေးတွေကိုတော့ ခရစ်ယာန်ကျောင်းမှာ ထားပြီးတော့ ကျောင်းအိပ် ကျောင်းစား လုပ်ခိုင်းတယ်။ သူတို့ကို နောင်တချိန်မှာ ထောက်ခံလောက် အောင် စီမံကိန်း ကြီးကြီးနဲ့ ရေးဆွဲထားခဲ့ဟန် တူပါတယ်။

အလုပ်မလုပ်ပဲ ငွေရသည့် အခါမှာ ငွေရဲ့ တန်ဖိုးကို မသိသလို ဘုရင် ဖြစ်ခဲ့တုန်းကလည်း ငွေတန်ဖိုး နားမလည်ခဲ့ဘူး။ ဒါကြောင့် သီပေါမင်း ကိုယ်တိုင် ဒီလို အပေးအကန်း ရက်ရောပြီး အသုံးကြမ်းတာ နောက်ပြီး ငွေမရှိရင် သူများဆီက ချေးငှား ခဲ့တာတွေ က မဆန်းသလိုပဲ။ စာအုပ် တစ်အုပ်လုံးမှာ သီပေါမင်းရဲ့ ဆွေတော်မျိုးတော်တွေဟာ အသုံးကြမ်းပြီး ပင်စင်လစာ မလောက်လို့ ချေးငှားသုံးကြတယ်လို့ ဆိုထားတယ်။

မြန်မာတစ်ယောက် အနေနှင့်ကတော့ ဖြစ်နိုင်ရင် ဒီစာအုပ်လေးဟာ ဖတ်ထားသင့်တယ်။ ဂုဏ်ယူစရာ မဟုတ်ပေမယ့် သမိုင်းအနေနဲ့ သိထားသင့်သည့် စာအုပ်ပါ။ စာအုပ်တစ်အုပ်လုံးဟာ ဖတ်နေရင်းနဲ့ ဖြစ်နိုင်ပါ့မလား ဆိုသည့် အချက်လေးတွေတော့ ပါလာတတ်ပါတယ်။ နောက်ပြီးတော့ သီပေါမင်း နန်းတက်ချိန် နန်းတွင်း အခြေအနေ အရ ပါတော်မူခဲ့တာ မထူးဆန်း သလို အင်္ဂလိပ် က ၂၂ ရက်ထဲနဲ့ သိမ်းခဲ့တာလည်း အံဩဖို့ မကောင်းမှန်း သိရပါလိမ့်မယ်။ ဒီစာအုပ်ထဲမှာတော့ ဝမ်းနည်းစရာတွေနဲ့ ဘဝ သင်ခန်းစာတွေ အပြွတ်အသိပ်ထည့်ထားတော့ ဖြည်းဖြည်းနဲ့သာ ကျွန်တော်ဖတ်ဖြစ်ခဲ့ပါတယ်။

1 Comment

  1. kaung san says:

    ဖတ်ပြီးပါ ပြီအကို။ သက်ဦးဆံပိုင် ဘုရင်တစ်ပါး ရဲ့ နောက်ဆုံးနေ့ ရက်တွေ။ ဆရာနေသန်မောင် ရေးတဲ့ မှန်နန်းဆောင်ကုလားကာများ ဆိုတာလေးလဲဖတ်ကြည့်ပါ အကို။ စားရေးဆရာ ကိုယ်တိုင် ရတနာ ဂီရိ အထိ သွားပြီးလေ့လာပြီး ရေးထားတာပါ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.