Project Manager

သူငယ်ချင်းတစ်ယောက် အခုတက်နေတဲ့ သင်တန်းမှာ project လုပ်တော့ project manager ဖြစ်လို့ ဘာလုပ်ရမှန်း သေသေချာချာ မသိလို့ ဒီမှာပဲ ကျွန်တော် သိသလောက် ရေးပေးပါ့မယ်။ ကျွန်တော်လည်း သင်တန်းတက်တိုင်းလိုလို project ထပ်ရင် project manager အဖြစ် တာဝန်ယူရမြဲပါ။ နောက်ပြီး customer တွေအတွက် ရေးဆွဲရတဲ့ အခါမှာလည်း project manager အဖြစ်ဆောင်ရွက်ရပါတယ်။

ဒါပေမယ့် ကျွန်တော့် အယူအဆနဲ့ တခြားလူတွေရဲ့ အယူအဆ တူညီမှ တူညီလိမ့်မယ်။ ကျွန်တော်ကတော့ ဘာလုပ်ချင်လဲဆိုတာထက် ဘာလုပ်နိုင်လဲဆိုတာကို ဦးစားပေး စဉ်းစားတတ်တယ်။ ကိုယ့်မှာ အချိန်ဘယ်လောက်ရမလဲ။ ကိုယ့် skill ကကော သူပြောသလို ဆောင်ရွက်နိုင်မလဲ။ နောက်ပြီး ကိုယ့် member တွေကကော skill ဘယ်လောက်ရှိလဲ။ နောက်ပြီး သူတို့ကတော့ ဒီ project အတွက် time ဘယ်လောက်ပေးနိုင်မလဲ။ သူတို့မှာလည်း တခြား ကိစ္စတွေရှိသေးတယ်လေ။ သူတို့ တာဝန်မယူချင်လို့ ကိုယ့်ကို project manager တင်မြှောက်ထားတာပေါ့။ ဒါပေမယ့် Project လုပ်ရင် ကိုယ်တစ်ယောက်တည်းလုပ်လို့လည်းမဖြစ်ဘူး။ ကိုယ်လုပ်ရင် ကိုယ်ပဲ တတ်သွားမယ်။ ကိုယ့် member တွေ သက်သာပေမယ့် သူတို့ မတတ်ပဲ ဖြစ်သွားမှာပေါ့။ ဒါကြောင့် ကိုယ်က ဘာလုပ်နိုင်မလဲ။ သူတို့ကိုကော ဘယ်လောက် တာဝန်ပေးလို့ရမလဲ။ သူတို့တစ်ယောက်ခြင်းစီကို တာဝန်ခွဲချပေးဖို့ သူတို့ကိုလည်း ဒီ project ကို အချိန် အများကြီးမပေးရဖို့အပြင် ဒီ project အတွက် time waste မဖြစ်ဖို့။ သတ်မှတ်ချိန်အတွင်းပြီးဖို့ တစ်ယောက်ခြင်းဆီကို သတ်မှတ်ချိန်တွေ ခွဲဝေပေးဖို့လိုပါတယ်။

အဲဒီလို မခွဲဝေခင်မှာ အရင်ဆုံး customer ဒါမှမဟုတ် ဆရာ ဆရာမ လိုချင်တဲ့ ပုံစံကို အရင်ဆုံး ညှိယူရပါတယ်။ ကျွန်တော်ကတော့ ဆရာ ၊ ဆရာမကို customer လို့ပဲ သတ်မှတ်ပြီး project လုပ်ပါတယ်။ ဆရာ ၊ ဆရာမက customer နဲ့မတူတဲ့အချက်ကတော့ ဘယ်ဟာ လုပ်နိုင် လုပ်လို့မနိုင်ဆိုတာကို သိပါတယ်။ ဒါပေမယ့် ဆရာ ၊ ဆရာမတွေဟာ တခါတလေ ကိုယ့်ဘက်က ပေးနိုင်တဲ့အချိန်ကို မေးမြန်းဖို့ မေ့လျော့တတ်ပါတယ်။ အဲဒီလိုအခါတွေမှာ ထပ်ဖြည့်နိုင်စရာတွေ အများကြီး အချက်အလက်တွေ အများကြီး ချပြပေးတတ်ပါတယ်။ တကယ်လို့ ကိုယ်က ဆရာ ၊ဆရာမ ပြောတဲ့အတိုင်း ခေါင်းညိတ်လိုက်ရင် ကိုယ့် time က လောက်တော့မှာမဟုတ်ဘူး။ အဲဒီတော့ ကိုယ့်ကိုယ် ပြန်မေးပါ။ ကိုယ်ဘယ်လောက် လုပ်နိုင်လဲ။ ကိုယ်ဘာတွေ လုပ်ချင်လဲဆိုတာထက် ၊ ဆရာ ဆရာမ ဒါမှမဟုတ် customer ဘာတွေလိုချင်လဲဆိုတာထက် ကိုယ့်အတွက် အချိန်ဘယ်လောက်ရမလဲ ဆိုတာ ထည့်စဉ်းစားဖို့လိုပါတယ်။ customer နဲ့ဆက်ဆံတဲ့အခါမှာလည်း မဖြစ်နိုင်တာတော့ မဟုတ်ပေမယ့် ဖြစ်ဖို့ အချိန်အများကြီးပေးရမယ့်ဟာတွေကို ငြင်းသင့်ရင် ငြင်းရပါတယ်။ တိုက်ရိုက်ကြီး မငြင်းပဲ အကျိုးသင့်အကြောင်းသင့် ဖြစ်နိုင်ချေတွေ ချပြပြီး ငြင်းဆိုဖို့လိုပါတယ်။ customer တွေရဲ့ တောင်းဆိုချက်တာလိုက်နေရင် project ကြီးက ပြီးတော့မှာ မဟုတ်ပါဘူး။ အဲလိုမျိုးပဲ ဆရာ ၊ ဆရာမ ပြောတဲ့အချက်တွေ အားလုံးထည့်ဖို့ လွယ်ချင်မှ လွယ်မယ်။ ကိုယ့်အတွက် ဒီ project တစ်ခုထဲ အရေးကြီးတာမဟုတ်ဘူးလေ။ ကျောင်းစာတွေ အိမ်အလုပ်တွေ ကိုယ့်စီးပွားရေးတွေ ဒါတွေလည်း ရှိသေးတယ်လေ။ ဒါကြောင့် ဆရာ ၊ ဆရာမ တောင်းဆိုချက်တွေကို အလိမ္မာလေးသုံးပြီး ငြင်းသင့်ရင် ငြင်းရမှာပဲ။

အဲဒီအဆင့်တွေပြီးမှ လိုအပ်တာတွေကို ခွဲခြမ်း စိတ်ဖြာဖို့လိုပါတယ်။ အဲဒီ တောင်းဆိုချက်တွေ မပြီးပဲ လုပ်လို့မဖြစ်ဘူး။ တောင်းဆိုချက်တွေပြီးမှ တာဝန်ခွဲယူဖို့အဆင်ပြေမှာပါ။ ကိုယ့် member တွေရဲ့ ပင်ပန်းမှုမဖြစ်အောင် ကိုယ်လည်း ပင်ပန်းမှုမဖြစ်အောင် တာဝန်တွေကို အညီအမျှ ခွဲဝေပေးဖို့လိုပါတယ်။ ဒါမှသာ ကိုယ်တစ်ယောက်တည်း တာဝန်ယူသလိုမဖြစ်မှာပါ။

Project Manager လုပ်ရတာ တာဝန်ကြီးပါတယ်။ သတ်မှတ်ကာလအတွင်း ပြီးမြောက်ဖို့လိုပါတယ်။ ကိုယ့် member တွေပြီးသွားတဲ့ဟာတွေ ပြန်စုတဲ့အခါမှ တစ်

ယောက် တစ်ပေါက်ဖြစ်နေတာတွေကို Project Manager ကိုပဲ ပြန်ပြီး စုပေးဖို့လိုပါတယ်။ အပေါ်ယံကြည့်ရင်တော့ Project Manger ဟာ များစွာလုပ်စရာမလိုပါဘူး။ တာဝန်တွေ ခွဲဝေလိုက်ပြီး ကိုယ့်မှာ တာဝန်နည်းနည်းပဲ ထားတတ်လို့ ထင်ရပေမယ့် တကယ်တန်းတော့ အကုန်လုံး ပြီးလို့ ရောက်လာတဲ့ဟာတွေကို ပြန်လည်စုစည်းပြီး တစ်စုတည်း တစ်ပေါင်းတည်းဖြစ်သွားအောင် ဆောင်ရွက်ရတာလည်း မလွယ်လှပါဘူး။ ပြီးရင် customer ဒါမှမဟုတ် ဆရာ ၊ ဆရာမ နဲ့ အခြေအတင် ပြောဆိုပြီး ကိုယ့်အတွက် အသက်အသာဆုံး ပြင်ရုံလေးပဲ ဖြစ်အောင် ပြောဆိုဖို့လိုပါတယ်။ တကယ်လို့ အဲလို မပြောဆိုနိုင်ဘူး ဆရာ ၊ ဆရာမ က ဒါတွေကို ပြင် ဟိုဟာတွေ ထပ်ထည့် နောက်ပြီး ဒါတွေလိုသေးတယ်။ အကုန်လုံး ခေါင်းညိတ်ရင် နောက်တစ်ကျော့ ပင်ပန်းဖို့ရှိပါတယ်။ ဆရာ ၊ ဆရာမတွေကို သေချာမေးပါ။ ဘာကြောင့် ပြင်သင့်တာလဲ။ တကယ်လို့ အဲဒါကို မပြင်ပဲ ဒီလိုလေး ပြောင်းလိုက်ရင်ကော ပြင်ရတာ သက်သာသွားတာပေါ့။ ထပ်ထည့်ဖို့ဆိုလည်း ကျွန်တော်တို့မှာ အချိန်က သိပ်မရတော့ဘူး။ ဆရာမ ဝိုင်းကူညီနိုင်မလား။ ဒါဆို ကျွန်တော်တို့ ထပ်ဖြည့်နိုင်မယ်ထင်တယ်။ ဆရာမ လိုအပ်တာတွေ တစ်ခါတည်း ထပ်ဖြည့်ပေးလို့ရတာပေါ့။ ဘယ်နေ့ အချိန်ရလဲ။ ပြင်ဖို့ ဘယ်နှစ်နာရီလိုလဲ။ ဆရာမ နဲ့ အချိန်ကို သေသေချာချာ ညှိပြီး ဆရာမကိုပဲ ပြင်ခိုင်းလိုက်ရင် အကောင်းဆုံးပဲ။ အဲလိုဆိုရင်တော့ ဆရာမတွေက ဒီလောက်တော့ ရပါတယ်ဆိုပြီး ဖြစ်သွားတတ်တယ်။ ဒီလောက်တော့ရပါတယ် မဖြစ်ရင်တော့ ဆရာမ ကိုယ်တိုင် ဒီ project မှာ အချိန်ပေးရဖို့ များနေပြီလေ။

တကယ်တော့ Project Manager ဟာ ပါးနပ်ဖို့လိုပါတယ်။ သွက်လက်ဖို့လည်း လိုပါတယ်။ အဓိကတော့ ဆုံးဖြတ်ချက်ကို မှန်မှန်ကန်ကန်ချတတ်ပြီး စကားပြောဆိုတတ်ဖို့လိုတယ်။ ကိုယ့်ဘက်ပါလာအောင် ပြောနိုင်စွမ်းကတော့ မရှိမဖြစ်လိုတယ်။ သူပြောသမျှ ခေါင်းညိတ်လို့ မဖြစ်ဘူးဆိုတာတော့ နားလည်စေချင်တယ်။ ကိုယ်က အကုန်ခေါင်းညိတ်လိုက်ရင် ကိုယ့် Member တွေ ပင်ပန်းကုန်မှာပေါ့။ ဒါမှမဟုတ် ကိုယ်ပဲ အကုန် တာဝန်ယူရမယ့်ကိန်းဖြစ်သွားမယ်။ ဒါကြောင့် သတိထားသင့်တယ်လို့ ထင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading