ဒီနေ့ iPodTouch မှာ Game ကစားရင်းနဲ့ သတိရမိသွားတယ်။ ဟိုနေ့က လင်းဇော်ဝင်းတို့နဲ့ ပထမဦး ဆုံး Game က ဘာ game လဲဆိုတာကို သွားသတိရမိတယ်။ ကျွန်တော် ပထမဦးဆုံး ကစားခဲ့တဲ့ Game ကတော့ Family Game က Mario ပဲ။ အသက်ဘယ်အရွယ်မှန်းတောင် မသိတော့ဘူး။ တော်တော်လေးတော့ ကြာပြီဆိုတာ သေချာတယ်။ အဲတုန်းက SNES လည်းမပေါ်သေးဘူး။ Game Boy လည်း မပေါ်သေးဘူးထင်တယ်။ Family မှာတုန်းကဆော့တာ Mario ပဲ။ ပြီးတော့ SNES ဝယ်ပေးတော့ Mario ပဲဆော့တယ်။ နောက်ပြီး Game Boy လေး ထပ်ရလာတော့ Mario ပဲဆော့တယ်။ သေချာတာကတော့ အဲတုန်းက ကျွန်တော် ၁၀ တန်းတောင် မရောက်သေးဘူးဆိုတာတော့ သေချာတယ်။ ခုနှစ်တွေကတော့ မမှတ်မိတော့ဘူး။ ၉ တန်း ၁၀ တန်း အရွယ်လောက်မှ Playstation ကို စဆော့တာပဲ။ ၁၀ တန်းအောင်တာ ၂၀၀၃ ဆိုတော့ Playstation ကို ၂၀၀၀ လောက်က စဆော့ဖြစ်တာဖြစ်မယ်။
Self Learning အကြောင်းပြောရင်းနဲ့ Game အကြောင်းပြောနေတာ ထင်အုံးမယ်။ တကယ်လို့ အခုအချိန်မှာ ပြန်စဉ်းစားလိုက်ရင် ဘဝမှာ self learning ကို လိုလိုလားလားနဲ့ မှတ်မှတ်ရရ စလုပ်တာက Mario စပြီး ကစားတာကပဲ။ ခလုတ်က ပေါ်အောက်နောက်ရှေ့ ပြီးတော့ A နဲ့B ပဲပါတယ်။ ဒါပေမယ့် game rule တွေ မသိဘူး။ ဒီလိုပဲ ကစားရင်းဆော့ရင်းနဲ့ ဘာဆို ဘာလုပ်ရတာတွေ တဖြည်းဖြည်းသိလာတယ်။ ဘယ်သူမှလည်း သင်ပေးတာမဟုတ်ဘူး။ ဒီလိုပဲဆော့ရင်း ကိုယ့်ဘာသာကိုယ် လေ့လာရင်း အတွေ့ကြုံက သင်ပေးသွားတာပဲ။ နောက်ပြီး SNES ကစားတုန်းကလည်း English စာတွေ ဖတ်တတ်တာမဟုတ်ဘူး။ ဒီလိုပဲ ဆော့ရင်းနဲ့ အတွေ့အကြုံက တတ်လာတာပဲ။ ဆော့ဘူးတဲ့ Game တွေကလည်း အများကြီးပါ။ ဘယ် Game ကိုမှ Guide ဖတ်ပြီး ကစားခဲ့တာမဟုတ်ဘူးလေ။ ပထမဆုံး Guide ဖတ်ပြီး ကစားဖြစ်ခဲ့တဲ့ Game ကတော့ Tom Rider ဆိုတဲ့ Game ပဲ။ English စာလည်း မဖတ်တတ် ဖတ်တတ်နဲ့ ကိုယ့်ဘာသာကိုယ် Dictionary တွေ လှန်လှော ဘာသာကိုပြန်ပြီး ဆော့တာက Tom Rider Game ပဲရှိတယ်။ အဲတုန်းကလဲ အမြဲ ဖတ်ဖြစ်တာမဟုတ်ဘူးလေ။ လမ်းပျောက်ပြီဆိုမှပဲ ဖတ်တာ။ Tom Rider II နဲ့တူတယ်။ ရေအောက်ထဲရောက်သွားပြီ ရေငုတ် သဘောင်္ပျက်ကြီးသွားရတဲ့ လမ်းက Guide မဖတ်ရင် သွားဖို့ မလွယ်ဘူးလေ။
လူငယ်တော်တော်များများ Game ကစားခဲ့ဘူးမှာပါ။ Game ကစားရင်လည်း ဘယ်အဆင့်ကို ဘယ်လိုလုပ်ရမှာလဲဟင်။ ဟိုမှာလုပ်တာ မရဘူး။ ဒါကို ဘယ်လိုလုပ်ရမှာလဲ။ တော်ရုံတန်ရုံမမေးကြပါဘူး။ ကိုယ့်ဘာသာကိုယ်ပဲ ဆော့ရင်း ကစားရင်းကနေ အဆင့်တွေ ကျော်ဖြတ်လာတာပါ။ တစ်ယောက်နဲ့ တစ်ယောက် Game Cheat တွေ share ကျတယ်။ Street Fighter II ဆော့တုန်းက တနေ့တနေ့ Power ထုတ်တဲ့ အကွက်တွေ ရှာ။ ပြီးရင် သူငယ်ချင်းတွေကို ပြန်ပြော။ သူငယ်ချင်းတွေတွေ့တာကို ကိုယ်က ပြန်စမ်း။ အဲလိုနဲ့ knowledge လုပ်ပြီး ကျွန်တော်တို့တွေ Game တွေ ဆော့ခဲ့လာတာကို မှတ်မိအုံးမှာပါ။
PS 2 ထွက်တဲ့အချိန်ကစပြီး Game ကို သေချာအောင် မဆော့ဖြစ်တော့ဘူး။ ဆိုင်မှာလောက်ပဲ သူငယ်ချင်း နဲ့ ဘောလုံးသွားကန်တာလောက်ပဲရှိတော့တယ်။ PC နဲ့ဆော့ဖို့ကလည်း Game တွေက မနိုင်ဆိုတော့ နောက်ပြီး တော်တော်နဲ့ကို Game မဆော့ဖြစ်တော့တာ။ ဒါပေမယ့် ငယ်စဉ်တုန်းက Game ဆော့ခဲ့တာက အသက်ကြီးလာတဲ့အခါမှာ self learning , sharing သဘောတရားတွေကို တတ်ကျွမ်းပြီးသား ဖြစ်တာပဲ။ ကိုယ့်ဘာသာ ကိုယ် လမ်းတွေကို ရှာဖွေ။ ကိုယ့်အားကိုယ်ကိုးပြီး အဆင့်တွေကို ကျော်ဖြတ်ပြီး Game တော်တော်များများကို ပြီးအောင် ဆော့တယ်။ နောက်ဆုံး လမ်းရှာမတွေ့ရင်တော့ Guide Book ဖတ်တာပေါ့။ Guide Book ကလည်း အဲတုန်းက အဘက စလုံးမှာဆိုတော့ ဝယ်ပေးနိုင်တာလည်း ပါတာပေါ့။ အခုအချိန်မှာ ကျွန်တော်တို့တွေ Game တွေကစားဘူးရင် ပြန်စဉ်းစားကြည့်သင့်တယ်။ ငယ်ငယ်တုန်းက ငါတို့Game တွေ ဘယ်လိုဆော့ခဲ့တာလဲ။ မရတာနဲ့ တော်ပြီ မဆော့တော့ပါဘူးကွာဆိုပြီး လွယ်လွယ်နဲ့လက်လျော့ခဲ့လား။ မရတာနဲ့ ဆော့တဲ့သူတွေကို လိုက်မေးတတ်လား။ မရတာကို ကျွန်တော်တို့တွေ ဘယ်လိုကျော်ဖြတ်ခဲ့လဲ။ နောက်ပြီး Game Cheat တွေကိုကော share ခဲ့ဘူးလား။ ဒါမှမဟုတ် သူများကစားတာကိုပဲထိုင်ကြည့်ခဲ့ဘူးတာလား။
Self Learning ဆိုတာက Game ကစားခြင်းနဲ့ အတူတူပါပဲ။ ကျွန်တော်တို့ လိုချင်တာကို တတ်ဖို့အတွက် ကိုယ့်ဘာသာကိုယ် Experience ရယ် Learning ရယ်ပေါင်းစပ်ပြီး ကျော်ဖြတ်လာတာပါပဲ။ Programming Language တွေလေ့လာရာမှာလဲ အဲလိုပဲ။ Programming စာအုပ်တစ်အုပ်ရဲ့ Chapter တစ်ခုဟာ Tomb Rider ကစားတုန်းက Chapter တစ်ခုလောက် မရှုပ်ထွေးပါဘူး။ လွယ်ကူရိုးရှင်းပြီး အဆင့်မှန်မှန်နဲ့ လုပ်သွားဖို့ပဲလိုတယ်။ အခုအချိန်မှာ Internet တွေရတော့ ကျွန်တော်တို့ ငယ်ငယ်တုန်းက Game ကစားသလောက်လဲ မခက်ခဲတော့ဘူး။ အသာတကြည် Online မှာ ရှာဖွေလိုက်ပြီး ဖတ်လိုက်ရုံပဲလေ။ POP 1 ကနေ POP 3 အထိ Game Guide လေး ဖတ်ပြီး ဆော့လာတာကို မှတ်မိသေးတယ်။ POP 4 က DVD 3 ချပ်မို့လားမသိဘူး ဝယ်မဆော့တော့ဘူး။ ကျွန်တော်တို့ Self Learning လုပ်တယ်ဆိုတာက လူတိုင်းလုပ်နိုင်တဲ့အလုပ်ပါ။ Game ဆိုတာကလည်း လူတိုင်း ကစားနိုင်အောင် ဖန်တီးထားတာပါ။ ကိုယ့်စိတ်ဝင်စားမှုအပေါ် မူတည်ပြီး Game တစ်ခုပြီးအောင် ဆော့ခြင်း မဆော့ခြင်း ဖြစ်တာပဲ။ အဲလိုပဲ Self Learning လုပ်တာကလည်း ကိုယ့်စိတ်ဝင်စားမှုနဲ့ပဲ သက်ဆိုင်တယ်လို့ ဆိုလို့ရမယ်။ ကိုယ်တကယ်လိုချင်တယ်။ ကိုယ်တကယ်ဖြစ်ချင်ရင်တော့ ကိုယ်ကိုယ်တိုင်လေ့လာဖို့ပဲရှိတယ်။ အရန်သင့် သူများ အနားမှာ လာထိုင်သင်ပေးဖို့ ဆိုတာကတော့ မလွယ်လှဘူးလေ။ အဲဒါကလည်း ကံနဲ့လည်း ဆိုင်သေးတယ်။
သင်ဟာ တကယ်လို့ Game ကစားဘူးတယ် သူတစ်ယောက်ဆိုရင်တော့ ကိုယ့်ဘာသာကိုယ် self learning လုပ်ဖို့ မကြောက်ပါနဲ့။ ငါက ဉာဏ်တုံးတယ်။ ငါက ဉာဏ်မကောင်းဘူး။ ငါက ပိန်းတယ်ဆိုတာက အကြောင်းပြချက်တွေပါ။ ဘယ်သူမှဆို Game ကစားနိုင်တယ်။ ဘယ်သူမှမဆို Level အဆင့်တွေ တဆင့်ပြီး တဆင့်ကျော်ဖြတ်နိုင်တာ။ အတွေ့အကြုံက အဓိကကျတယ်။ အတွေ့အကြုံနဲ့တောင် မအောင်မြင်သေးဘူးဆိုရင်တော့ knowledge upgrade လုပ်ပြီး ကျော်ဖြတ်ဖို့ လိုတယ်။ knowledge upgrade လုပ်ဖို့ကတော့ စာဖတ်ပြီးလေ့လာဖို့ လိုတယ်။ ဆရာ ဆရာမတွေက စာစီစာကုံး ဘယ်လိုရေးရလဲဆိုတာပဲ သင်ပေးနိုင်တယ်။ စာသားတွေ စကားလုံးတွေ ဘယ်လိုထည့်ရလဲဆိုတာကို မသင်ပေးနိုင်ဘူး။ တစ်ယောက်နဲ့တစ်ယောက် စာသား စကားလုံးတွေ တူတဲ့ စာစီစာကုံးဆိုတာကလည်း ကလေးတုန်းက ဆရာမပေးတာ အလွတ်ကျက်ရတဲ့ စာစီစာကုံးပဲရှိတယ်။ ဒါကြောင့် self learning ဆိုတာ ကြောက်စရာမလိုပါဘူး။
Cheer!!!!
Leave a Reply