Time to go android development

Android ဆိုတာကိုတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး။ Android စထွက်ကာစက iPhone ကို ယှဉ်နိုင်လောက်တဲ့ အရည်အသွေးတွေ မရှိပေမယ့် အခုအချိန် Android 2.1 မှာ တော်တော်လေးကို ပြီးပြည့်စုံလာသလို SDK ကလည်း တော်တော်လေးကို ကောင်းမွန်လာပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ Mobile Development ဆိုတာက တခြား Sotware Development ထက်စာရင် ပိုပြီး အောင်မြင်တဲ့ ဈေးကွက်လို့ ဆိုရမယ်။ လူတိုင်း Computer မသုံးတတ် ၊ မသုံးနိုင်ပေမယ့် လူတိုင်းနီးပါး ဖုန်းဝယ်သုံးကြတယ်။ နောက်ပြီး Mobile Software အတွက် ပိုက်ဆံကို မနှမြောကျတာလည်း တွေ့ရပါတယ်။ Software အခွေတွေဟာ ခိုးကူးခွေတွေကြောင့် တစ်ခွေ ၁၀၀၀ နဲ့ ပေါပေါ ရပေမယ့် လူတိုင်း Mobile Application တွေကို မသွင်းတတ်တာက တစ်ကြောင်း နောက်ပြီး Mobile Application crack တွေကို အင်တာနက်မှာ download ချပြီး သွင်းလို့ရတယ်ဆိုတာကို မသိတာက တစ်ကြောင်း တို့ကြောင့် mobile application တွေကို ဆိုင်မှာ သွင်းခိုင်းကြတာများတယ်။ နောက်ပြီး software တွေကိုလည်း ဝယ်သုံးလိုက်ကြတာများတယ်။ လက်ရှိ လူသုံးများတဲ့ mobile ကတော့ Nokia ပဲပေါ့။

အခုအချိန်မှာ Touch တွေ ခေတ်စားလာတဲ့အမျှ Android ဟာလည်း အောင်မြင်လာတာပဲ။ မြန်မာနိုင်ငံမှာလည်း မကြာခင်ကာလမှာ Android ဟာ အောင်မြင်လာနိုင်စရာ ရှိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ Android ဟာ OS က free ဖြစ်လို့ပါ။ လက်ရှိ မြန်မာနိုင်ငံမှာ တရုတ်ဖုန်းတွေ ဈေးကွက်တည်း စဝင်လာတာကိုလည်း တွေ့ရပါတယ်။ တရုတ်ဖုန်းတွေ Nokia လိုမျိုး Symbian OS ကိုထည့်သွင်းထား ပါပေမယ့် နောင်တချိန်မှာ Android ကိုပြောင်းလဲလာဖို့ အလားအလာရှိပါတယ်။ ဘာလို့ Android ကို အခုအချိန်မှာ စလေ့လာဖို့လိုသလဲဆိုတော့ ဈေးကွက်ပြောင်းလဲလာခဲ့ရင် အသင့်ရှိနေအောင်ပါ။

Android က iPhone App ထက်စာရင် apk ကို တိုက်ရိုက်သွင်းလို့ရတယ်။ ဒါဟာ မြန်မာနိုင်ငံအတွက် သင့်တော်တဲ့ အချက်ပဲ။ ဆိုင်တွေမှာ apk file ပေးထားပြီး သွင်းခိုင်းပြီး ရောင်းချတာပဲ ဖြစ်ဖြစ် apk file ကိုပဲ internet ကနေ free ပေးတာပဲဖြစ်ဖြစ် သင့်လျော်ပါတယ်။  Apk ဆိုတာကတော့ နားလည်အောင်ပြောရရင် Android app installer file ပေါ့။ Android SDK နဲ့ရေးပြီး complie လုပ်လိုက်ရင် APK file ရပါတယ်။ အဲဒီ APK file ရရင် Android တွေ မှာ သွင်းလို့ရပါပြီ။ မြန်မာနိုင်ငံဈေးကွက်ပုံစံအရ hardware လိုက်ရောင်းချလာတာတွေလည်း ရှိနိုင်တယ်။ Android OS တင်ထားပြီး APK အရံသင့် သွင်းထားတဲ့ hardware တွေ ရောင်းချလာနိုင်တယ်။ ဥပမာ။။ Dictionary လိုမျိုးပေါ့။ Android OS ရဲ့ အားသာချက်က Screen အရွယ်အစားမရွေးတာပဲ။ နောက်ပြီး hardware ကောင်းရင်ကောင်းသလောက် မြန်ဆန်တာကိုတွေ့ရပါတယ်။ Nexus One ဟာ Android ဖုန်းတွေထဲမှာ သဘောကျစရာအကောင်းဆုံးနဲ့ လက်ရှိ အကောင်းဆုံး Android လို့တောင် ဆိုလို့ရပါတယ်။

သမာရိုးကျ APK ရောင်းတာထက် မြန်မာနိုင်ငံအနေနဲ့ hardware နဲ့တွဲပြီး ရောင်းချတာ ပိုအောင်မြင်နိုင်တဲ့ အလားအလာရှိပါတယ်။ Dictionary ပဲဖြစ်ဖြစ် အခြား ကိုယ်ပိုင် Software ပဲဖြစ်ဖြစ်ပေါ့။ သေးသေးလေးမဟုတ်ပဲ apk file တွေ ခိုးကူးမှာ ကြောက်ရတဲ့ လုပ်ငန်းရှင်တွေအတွက် အဲလိုမျိုး hardware လိုက်ရောင်းချလာဖို့ ရှိလာနိုင်တယ်။ မြန်မာနိုင်ငံမှာ အဓိကလိုအပ်တာက Android Developer တွေပါ။ လက်ရှိ mobile developer တွေအနေနဲ့လည်း Android ကိုစလေ့လာသင့်နေပါပြီ။ java အခြေခံရှိတဲ့သူတွေအနေနဲ့ လေ့လာဖို့ အရမ်းလွယ်ပါတယ်။ Android SDK ကို http://developer.android.com/sdk/index.html မှာ download ချနိုင်ပါတယ်။ နောက်ပြီး Eclipse နဲ့ တွဲရေးဖို့အတွက် android ADT plugin ကို http://developer.android.com/sdk/eclipse-adt.html အဲဒီမှာ သွင်းနိုင်ပါတယ်။ Android SDK ကိုသွင်းရတာ အစက ခက်ခဲပေမယ့် gooling လုပ်ပြီးတော့ ဖြစ်စေ MZ မှာ ဖြစ်စေ မေးမြန်းနိုင်ပါတယ်။

ကျွန်တော်ကတော့ iPhone Objective C ပဲလုပ်ဖြစ်တယ်။ Android ကိုတော့ သွားဖို့ အစီအစဉ်မရှိဘူး။ ဘာလို့လည်းဆိုတော့ Apple Fan ဖြစ်နေလို့ပဲ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.