Resume

တချို့တွေက CV လို့ ခေါ်ကြပြီး တချို့တွေက Resume လို့ ခေါ်ကြတယ်။ အဓိကတော့ အလုပ်လျှောက်ဖို့ ကိုယ်ရေး အကျဉ်းပေါ့။ Resume ကတော့ cover letter လေးပါတတ်ပြီးတော့ CV ကတော့ မပါလာပါဘူး။ သိပ်တော့ အကွာကြီး မဟုတ်လောက်ပါဘူး။

အခုတလော Resume တွေ ဖတ်ကြည့်ဖြစ်သည့် အခါမှာ ကျောင်းပြီးကာစ fresh graduated တွေက resume ကောင်းကောင်း မရေးတတ်တာကို တွေ့ရတယ်။ နောက်ပြီးတော့ တချို့တွေက ပုံစံတူတွေ များတော့ စာစီစာရိုက်ဆိုင်မှာ form ပုံစံ ရှိပြီး အဲဒါလေးကိုပဲ ဖြည့်လိုက်တာများလားလို့တောင် ထင်မိတယ်။

ကျွန်တော် စင်္ကာပူ စရောက်ကာစ Resume ကောင်းကောင် မရေးတတ်လို့ ကိုမျိုးအောင် (ကိုဒီဘီ) ကို အကူအညီတောင်းခဲ့ပြီးတော့ သူ့ resume ကို အခြေခံပြီး ပြန်ပြင်ရေးခဲ့ဖူးတယ်။ ပြီးတော့ အခြား စင်္ကာပူက သူငယ်ချင်းတော်တော်များများ ဖတ်ပြီးတော့ လိုအပ်တာတွေ ပြောပြပြုပြင်ခဲ့ပေးပါတယ်။

Email Subject

Resume တခုကို ပို့တဲ့ အခါမှာ subject က အရေးပါပါတယ်။ ဘယ် position အတွက် လျှောက်တယ်ဆိုတာကို subject မှာ ထည့်ပေးဖို့ လိုအပ်ပါတယ်။ တချို့ company တွေဟာ position တွေ အများကြီးခေါ်တဲ့ အတွက် resume တစ်ခု ရောက်လာရင် hr က သက်ဆိုင်ရာ မန်နေဂျာဆီကို forward လုပ်ဖို့ လိုအပ်ပါတယ်။ subject ထဲမှာ position မပါလာခဲ့ရင် resume ကို ဖွင့်ဖတ်မှ ဖြစ်ပါတော့မယ်။ တကယ်လို့ မအားသေးလို့ဆိုပြီး နောက်မှ ဖတ်မယ် ၊ နောက်ပြီး မေ့သွားမယ်ဆိုရင် ကိုယ့်အတွက် နစ်နာလှပါတယ်။ ဒါကြောင့် email subject မှာ position ကို လျှောက်မယ်ဆိုတာကို ရေးဖို့ လိုပါတယ်။

Cover letter

Cover letter ကတော့ ကိုယ့်ကိုယ် မိတ်ဆက်စာပေါ့။ Email ရရင်ခြင်း ပထမဦးဆုံး Cover letter တစ်ခုကို ဖတ်ဖြစ်ကြပါတယ်။ Cover letter မှာ ကိုယ် လျှောက်မယ့် position ,ကိုယ့် working expereinece နောက်ပြီးတော့ ကိုယ် ဘာတွေကို တတ်ကျွမ်းလဲ ဆိုတာတွေ အတွက်ပါ။ Cover letter ကို ဘယ်နေရာလျှောက်လျှောက် တစ်မျိုးတည်း အသုံးပြုဖို့ မသင့်ပါဘူး။ လျှောက်မယ့် position ရဲ့ requirement စတာတွေပေါ်မှာ မူတည်ပြီးတော့ cover letter ကို အနည်းငယ်ပြုပြင်ပြောင်းလဲ ရပါတယ်။

Resume

Resume ကို Micorsoft Word ဖြစ်ဖြစ် PDF ဖြစ်ဖြစ် ဖန်တီး ဖို့ လိုပါတယ်။ လူတိုင်းမှာ မရှိနိုင်သည့် page marker နောက်ပြီး အခြား file format တွေ မသုံးသင့်ပါဘူး။ .docx နှင့် .pdf file တွေကတော့ ဘယ် စက်မဆို ဖွင့်လို့ ရပါတယ်။ .docx ကို အသုံးပြုသည့် အခါမှာတော့ microsoft word မသုံးပဲ mac မှာ pages သုံးသည့် သူတွေ အနေနဲ့ format လေးတွေ နည်းနည်း လွှဲနိုင်တယ်။ ဒါကြောင့် .pdf file ကို ပိုပြီး အဆင်ပြေနိုင်တယ်။

Summary/Objective

ပထမဆုံး အပိုင်းမှာ Summary ကို ထည့်သွင်းသည့်ပါတယ်။ မန်နေဂျာက တစ်ခါတစ်ရုံ ကိုယ့်အောက်က တစ်ယောက်ကို resume ဖတ်ဖို့ ပေးသည့်အခါမှာ email forward မလုပ်ပဲ resume file တွေ အများကြီးပေးတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် cover letter ရေးသည့် အပြင် resume file ထဲမှာလည်း summary ကို ထည့်သွင်းရေးပါတယ်။ Summary ဆိုတာကို​တော့ ကိုယ့် အကြောင်း highlight ပေါ့။ ကိုယ်ဟာ ဘယ်လို လူလဲ။ ဘာတွေ အခုလက်ရှိလုပ်နေပြီး ဘာတွေကို လုပ်ဖို့ စိတ်ဝင်စားတယ် ဆိုတာမျိုးပေါ့။

ဒါမှမဟုတ် Objective ကို ရေးသားဖို့ လိုပါတယ်။ Objective က ကိုယ် ဟာ ဘယ် position ကို လျှောက်ဖို့ နောက်​ပြီး အဲဒီ position ဟာ ကိုယ့်နဲ့ ဘာကြောင့် ကိုက်ညီလဲဆိုတာကို အဓိက ဖော်ပြရေးသားဖို့ လိုအပ်ပါတယ်။

Skills

ကိုယ် ဘယ်အပိုင်းကို ဘယ်လောက် ထိ အားသာတယ် အားနည်းတယ် စသည်ဖြင့် ရေးသားဖို့ပါ။ ဒီ အပိုင်းက အတိုဆုံးနဲ့ အရှင်းဆုံးပါ။ ဒီ အပိုင်းကို ဖတ်ပြီးတော့ interview ခေါ်သင့် မခေါ်သင့်ကို ဦးစွာ ဆုံးဖြတ်တတ်ကြပါတယ်။ ဥပမာ

Swift *****
Objective-C *****
Android **
PHP ****
Javascript ****
HTML5 *****
CSS 3 ***
Node.js ***
MySQL ****
Mongodb ***

အဲလိုလေး ရေးထားလိုက်တာကို ကြည့်လိုက်ရုံနဲ့ ဒီလူဟာ ဘယ်အပိုင်း အားသာတယ် အားနည်းတယ် ဘာတွေကိုတော့ စိတ်ဝင်စားမှု ရှိတယ်ဆိုတာကို သိနိုင်ပါတယ်။ တော်တော်များများ resume တွေကို skills အပိုင်း မပါလာကြပါဘူး။

Education

ပြီးရင် ဘယ်ဘွဲ့ကို ဘယ်နှစ်ကနေ ဘယ်နှစ် အဓိ သင်ကြားခဲ့တယ်ဆိုတာကို ရေးဖို့ လိုပါတယ်။ အမြင့်ဆုံး ဘွဲ့ ပဲ ရေးဖို့လိုပါတယ်။ BCSc က တစ်ခု BCSc(hons) က တစ်ခု Master က တစ်ခု အဲလို ရေးသားဖို့ မလိုပဲ အမြင့် ဆုံး ဘွဲ့ တစ်ခုကို ရေးသားပေးရင် ရပါပြီ။ အများအားဖြင့် နည်းပညာ company တွေက ဘွဲ့ကို သိပ်ပြီး မကြည့်ကြပါဘူး။

Working Experience

အလုပ်အကိုင် အတွေ့အကြုံကို ရေးသည့် အခါမှတော့ ဘယ် company မှာ ဘယ်ကနေ ဘယ်အဓိက လုပ်ခဲ့တယ် နောက်ပြီး အဲဒီ company မှာ ဘာအလုပ်တွေကို အဓိက လုပ်ခဲ့လဲ ဆိုတာကို ရေးသားဖို့လိုအပ်ပါတယ်။ project တစ်ခုခြင်း စီ ရဲ့ detail က မလိုအပ်လှပါဘူး။ အဲဒီ company မှာ ဘာတွေကို အဓိက စိန်ခေါ်မှုတွေ ဖြစ်ခဲ့တယ်။ ဘယ် language နဲ့ ဘယ်နည်းပညာကို အဓိကထား သုံးခဲ့ဆိုတာလောက် နဲ့ လုံလောက်ပါတယ်။

နောက်ပြီးတော့ ၁ နှစ် ၁ ခါ အလုပ်ပြောင်းတတ်သည့် သူတွေအနေနဲ့ အလုပ်ရဖို့ အခွင့်အလမ်းက ၂ နှစ် ၁ ခါ သို့မဟုတ် ၃ နှစ် ၁ ခါမှာ အလုပ်ပြောင်းတတ်သည့် သူတွေ ထက် အခွင့်အလမ်း နည်းပါတယ်။ ၁ နှစ် ၁ ခါ ပြောင်းတတ်သည့်သူတွေကို resume ဖတ်လိုက်ရင် ဒီလူက ၁ နှစ်ပဲ လုပ်မယ့်သူဆိုပြီး ကောက်ချက်ချတတ်ပါတယ်။ အရမ်းလူလိုမှသာ ခန့်ဖို့ စဉ်းစားပါလိမ့်မယ်။ သို့မဟုတ် ရွေးစရာလူက သိပ်မရှိဘူး။ ကိုယ့်ရဲ့ experience ကလည်း အရမ်းကောင်းပြီး အလုပ်နဲ့လည်း ကိုက်ညီမှ ရွေးဖြစ်ပါလိမ့်မယ်။ နောက်ပြီးတော့ ၁ နှစ် တည်း နှင့် အလုပ်မှာ ဘာမှ ထွေထွေထူးထူး တတ်မှာ မဟုတ်ပါဘူး။ ကျွန်တော့် အနေနဲ့ကတော့ အလုပ်တစ်ခုမှာ အနည်းဆုံး ၂ နှစ်လောက်တော့ လုပ်သင့်တယ်လို့ ထင်ပါတယ်။

Fresh graduate အနေနဲ့ကတော့ working experience ထည့်ဖို့ မရှိဘူး။ အဲဒီ အခါမှာ ကိုယ့်ရဲ့ github ပေါ်မှာ opensource လုပ်ထားတဲ့ projects လေးတွေကို link လေးတွေနဲ့ ထည့်ပြီး ရေးသားဖော်ပြနိုင်ပါတယ်။ ကျောင်းပြီးကာစ သူတွေ အနေနဲ့ အလုပ်မရခင်ကြားမှာ project သေးသေးလေးတွေ ဖန်တီးပြီးတော့ github လိုမျိုး ပေါ်မှာ တင်ပြီးတော့ community ကို ချပြထားဖို့ လိုပါတယ်။ ပုံမှန်အားဖြင့် နည်းပညာ company တွေဟာ profile ထက်စာရင် code ကို ဖတ်ကြည့်ကြတာများပါတယ်။ Code အရေးအသားပေါ်မှာ မူတည်ပြီးတော့ လူတစ်ယောက်ရဲ့ skill ကို သတ်မှတ်ပြီး interview ခေါ်သင့် မခေါ်သင့် ဆုံးဖြတ်တတ်ကြပါတယ်။

working experience ရှိထားပြီးသူတွေ အနေနဲ့လည်း github ရဲ့ profile ကို ညွှန်းဆိုပြသထားသင့်ပါတယ်။ အများကြီးပြောနေတာထက် code ကိုပြလိုက်တာဟာ ပိုပြီး အဆင်ပြေပါတယ်။ resume က စာမျက်နှာ အများကြီး ဖတ်နေတာထက် code ကို ဖတ်ရတာ ပိုပြီးတော့ အရသာတွေ့တတ်ကြပါတယ်။

Awards

တကယ်လို့ ပွဲတွေမှာ ဝင်ပြိုင်ဘူးတယ်။ ဆုရဖူးတယ်ဆိုရင် resume ထဲမှာ ထည့်သွင်းနိုင်ပါတယ်။ working experience မရှိသေးသည့် သူတွေ အနေနဲ့ awards တွေက အလွန်ပဲ အရေးပါပါတယ်။ ဘယ်ပြိုင်ပွဲ တွေ ဝင်ဖူးတယ်။ ဘာဆုတွေ ရဖူးလဲ ဆိုတာကလည်း အလုပ်အကိုင် အခွင့်အလမ်းအတွက် အထောက်အကူပြုပါလိမ့်မယ်။

Hobbies/Interest

ကိုယ်ဟာ လက်ရှိ အလုပ်အပြင် အခြားဘာတွေကို စိတ်ဝင်စားသလဲဆိုတာကို ဖော်ပြပေးဖို့ လိုအပ်ပါတယ်။ ဒီအချက်ဟာလည်း အရေးပါပါတယ်။ stress ကို ဖြေလျော့ဖို့ရန် အတွက် အခြား ဝါသနာတွေနဲ့ လူတွေက ဖြေလျော့တတ်ပါတယ်။ မိမိ ဝါသနာ ၊ စိတ်ဖြေလျော့စရာ တွေဟာ ကိုယ့်ရဲ့ အနေအထိုင် အမူအကျင့်တွေ ကို ဖော်ပြရာ ရောက်ပြီးတော့ ကိုယ့်ရဲ့ အကျင့်စရိုက်လေးတွေကို ခန့်မှန်းနိုင်ပါတယ်။

Additional

အခြား အချက်အလက်တွေ ဖြစ်သည့် linkedin, twitter, github စသည့် public social page တွေကို ထည့်သွင်းနိုင်ပါတယ်။ သို့မှသာ သင့်ရဲ့ resume ကို စိတ်ဝင်စားပြီဆိုရင် ဆက်လက်ပြီး သင်ဘာတွေ လုပ်ခဲ့သလဲ ဘာတွေလုပ်နိုင်သလဲဆိုတာကို ကြည့်နိုင်အောင်ပါ။

Excepted Salary and Current Salary

ကိုယ်လခ ဘယ်လောက် လိုချင်လဲ လက်ရှိ company မှာ ဘယ်လောက် ရလဲ ဆိုတာကို ထည့်သွင်းပေးဖို့ လိုပါတယ်။ လက်ရှိ Salary ကို သိမှသာ ကိုယ်တောင်းသည့် salary က မများမှန်း သိနိုင်မှာပါ။ ပုံမှန် အားဖြင့် လက်ရှိ salary ကနေ ၂ ဆ ၃ ဆ လောက် ခုန်သွားပြီးတော့ တောင်းဖို့ က သိပ်ပြီးတော့ မဖြစ်နိုင်ဘူး။ Excepted salary ကို ထည့်ခြင်းအားဖြင့် ကိုယ်က ဘယ်လောက် ထိ လုပ်နိုင်တယ်ဆိုတာကို ခန့်မှန်းလို့ ရပါတယ်။ သို့ပေမယ့် ကိုယ်တကယ် လုပ်နိုင်တဲ့ အပေါ်မှာမူတည်ပြီးတော့ excepted salary ကို market တန်ဖိုး အလိုက်ရေးသားဖို့ လိုအပ်ပါလိမ့်မယ်။

Be Creative

Resume ကို ပုံမှန်သမာရိုးကျ ထက် ပိုပြီးတော့ creative ဖြစ်အောင်လည်း ဖန်တီးနိုင်ပါတယ်။ သို့ပေမယ့် မျက်စိနောက်စရာတော့ မဖြစ်စေသင့်ဘူးပေါ့။ ပုံမှန်ထက် ထူးခြားတဲ့ resume ပုံစံဆိုရင် ကိုယ်ဟာ creativity ရှိကြောင်းကို ဖော်ပြသလို လည်း ဖြစ်ပါတယ်။

အခု ကျွန်တော်တို့ company , COMQUAS ကနေ Android Developer နဲ့ Web Developer(PHP & Node.js) position ကို ခေါ်နေပါတယ်။ အလုပ်လျှောက်လိုရင်တော့ recruit at comquas.com ကို ပေးပို့နိုင်ပါတယ်။


 
22 Kudos
Don't
move!

Leave a Reply