Six Years Old

ဒီလ ၁၁ ရက်နေ့ ဆိုရင် blog ရေးတာ ၆ နှစ် ရှိပြီ။ စရေးကာစကတော့ ကျောင်းက အကြောင်းလေးတွေ ရေးချင်တာ နောက်ပြီးတော့ အဲဒီ အချိန်တုန်းက blogspot ဆိုတာကြီးက ခေတ်စားတဲ့ အချိန်ဆိုတော့ ဘာလဲ သိရအောင် စမ်းရေးနဲ့ စရေးဖြစ်သွားတာပဲ။ အဲဒီ ကတည်းက စရေးလိုက်တာ အခုဆို ၆ နှစ်တောင် ရှိသွားပြီ။ Blogspot ကို မြန်မာနိုင်ငံ က ပိတ်လိုက်တော့ ကိုယ်ပိုင် host ပြောင်းရတယ်။ အဲဒီတော့ saturngod.net ဆိုတဲ့ domain နဲ့ wordpress ကို host လုပ်ပြီး ရေးဖြစ်တယ်။ ဒီကြားထဲမှာ Drupal ကို ပြောင်းပြီးတော့ ရေးဖြစ်ခဲ့သေးတယ်။ သို့ပေမယ့် နောက်ပိုင်းမှာ wordpress ကိုပဲ ပိုပိုသဘောကျလာတာနဲ့ wordpress နဲ့ ပဲ ရေးဖြစ်တော့တယ်။ ကျောင်းတုန်းက ရေးခဲ့တာတွေ အခုအချိန်မှာ ပြန်ဖတ်ကြည့်တော့ တချို့အရာတွေက ရယ်ဖို့ကောင်းတယ်။ တချို့ အရာတွေက ထင်တောင် မထင်မိလောက်အောင် ကိုယ့်ကိုယ် အံဩမိတယ်။ အဲဒီ အချိန်တုန်းက အဲဒီလို စိတ်ဓာတ် ရှိခဲ့တာပဲ။ အဲဒီတုန်း က အဲလို တွေးခဲ့ဖူးတာပဲဆိုပြီး အတိတ်က အချိန်တွေကို ပြန်ပြန်ရောက်သွားမိတယ်။

လွန်ခဲ့တဲ့ ၅ နှစ်လောက်က program တစ်ခုလုံးကို အစအဆုံး ပြီးအောင် ရေးခဲ့တာ လက် ငါးချောင်းတောင် မပြည့်ခဲ့သလို project တစ်ခုလုံး ဘယ်လို အလုပ်လုပ်လဲ ဆိုတာလဲ မသိပါဘူး။ ကျောင်းတက်တုန်းက ရေးထားတာတွေ ဖတ်မိပြီး တချို့ဟာတွေက တော်တော်ရယ်စရာ ကောင်းတယ်။ ကိုယ့်ကိုယ် သိလှပြီ ထင်ပြီး လုပ်ချင်တာတွေ လုပ်ခဲ့တာပဲ။ အဲဒီတုန်းက တကယ်ကို ဘာမှ မသိတာ အမှန်ပဲ။ ကိုယ်သိတာလေးနဲ့ လုပ်ချင်တာလုပ်နေခဲ့တာ တော်တော်များတယ်။ ကိုယ်သိတာဆို ချက်ခြင်း blog ပေါ်မှာ ကောက်ရေးခဲ့တယ်။ သူများတွေ မသိသေးဘူးဆိုပြီး ချက်ခြင်း ရေးတာပဲ။ အဲတုန်းက အခုလို internet ကောင်းကောင်းမွန်မွန် မသုံးနိုင်တာလည်း ပါတယ်။ ရေအိုင်ထဲက တကယ့်ဖားသူငယ်လို့ ဆိုရမယ်။ internet ထဲမှာ ကျွန်တော်လိုချင်တာတွေ ရှာမရဘူး။ dial up ကို topup နဲ့ သုံးရပြီး site တော်တော်များများက access denied ဖြစ်နေတယ်။ dial up အတွက် top up က ၁၀ နာရီ ကို 8000 လား မသိဘူးပေးရတယ်။ သေချာတော့ မမှတ်မိတော့ဘူး။ မုန်းဖိုးတွေ စုပြီးတော့ dial up သုံးဖြစ်တယ်။ dial up ဆိုတာကို အခုခေတ် လူငယ်အချို့ မှီပါ့မလား မသိဘူး။ internet သုံးဖို့အတွက် ဖုန်းလိုင်းနဲ့ ချိတ်ရတယ်။ connect လုပ် ပြီးရင် အသံတွေ မြည်လာပြီးမှ internet ချိတ်လို့ရတယ်။ internet ချိတ်လို့ရချင်တဲ့ အခါမှလည်း ရတယ်။ အခုချိတ် အခုရ မဟုတ်ဘူး။ နောက်ပြီး internet ချိတ်လိုက်ရင် ဖုန်းပြောလို့ မရတော့ဘူး။ တစ်ခါတလေ ဖုန်းကို တောက်လျှောက် ခေါ်တဲ့ လူရှိရင် internet က ပျက်သွားတတ်တယ်။ ဖုန်းပြောပြီးရင် internet ပြန်ချိတ်ရတယ်။ speed က 32 kbs ရရင် ပျော်လို့ မဆုံးဘူး။ တော်တော်မြန်နေပြီလို့ ဆိုလို့ရတာကို။

google ကို ရှာလို့ရပေမယ့် ရလာတဲ့ result ကို နှိပ်လိုက်တိုင်း access denied နဲ့ တိုးနေတတ်တယ်။ အဲဒီ အချိန်တုန်းက BC က စာအုပ်တွေ က အားကိုးရတယ်။ လိုချင်တာတွေ ဆိုရင် BC ကို သွားပြီး စာအုပ်သွားရှာ ဖတ်ရတယ်။ သိချင်တာတွေ ဆိုရင် စာအုပ်တွေထဲက ဖတ်ရတယ်။ အခုခေတ်ကတော့ google မှာပဲ ရှာမလာ stackoverflow မှာပဲ တက်မေးမလား ၊ youtube မှာပဲ video ရှာကြည့်မလား အဆင်ပြေတယ်။ generation တစ်ခုနဲ့ တစ်ခု အပြောင်းအလဲမှာ ရှေ့က generation တွေ ဖန်တီးပေးခဲ့တဲ့ အသီးအပွင့်တွေကို နောက်က generation တွေ ခံစားရပါတယ်။ ကောင်းမွန်တဲ့ ဖန်တီးမှုတွေ ရှိရင် နောက်က generation တွေ အတွက် ကောင်းမွန်တဲ့ အသိပညာတွေ ရနိုင်ပါတယ်။ ပျက်စီးစရာတွေ ဖန်တီးခဲ့ရင်တော့ နောက်က generation က ပျက်စီးမှုတွေ ခံစားရမှာပဲ။ ကျွန်တော်ဟာ Generation Y ထဲမှာ ပါဝင်ပြီး အစောပိုင်းလို့ တောင် ဆိုရတယ်။ Generation Y ဆိုတာကတော့ ၁၉၈၀ ကနေ ၂၀၀၀ အစောပိုင်း မွေးတဲ့ လူတွေပေါ့။ Generation Z တွေဟာ Generation Y တွေ ထက် တော်မှာ သေချာပါတယ်။ အခုခေတ်ဟာ တကယ့်ကို လေ့လာစရာကို မကုန်နိုင်ဘူး။

ဘဝမှာ programming language ကို ဗိုလ်တထောင် ကောလိပ်က VB နဲ့ စပြီး မိတ်ဆက်ပေးခဲ့တယ်။ OOP ကို UCSY က အခြေခံကအစ concept နဲ့ စဉ်းစားပုံ အဆုံး စာတွေ့ သင်ပေးလိုက်တယ်။ Objetive-C ကြောင့် OOP ကို လက်တွေ့ ရေးတတ်ခဲ့တယ်။ PHP ကြောင့် ဘဝမှာ ငါ ကိုယ်ပိုင် project တွေ ရေးလို့ရတယ်။ လူတိုင်းသိအောင် internet ပေါ်တင်လို့ ရတယ် ဆိုတာကို သိလာခဲ့တယ်။ ဘဝမှာ VB , Java , C++ , C#, VB.NET , VBScript , Javascript, ActionScript , PHP , Objective-C စတာတွေကို လေ့လာခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ Objective-C ကို ရေးရတာ အကြိုက်ဆုံးပဲ။ Web အတွက် javascript ကို သုံးပြီး web အတွက်ပဲ ရေးဖြစ်တယ်။ တခြား language တွေကို PHP က လွဲပြီး ကျန်တာတွေက မသိသလောက်ပဲ။ Java ကတော့ Android ရေးတဲ့ တစ်ခါတစ်ရံမှာ လေ့လာပြီး ရေးဖြတ်တယ်။ သို့ပေမယ့် တတ်ကျွမ်းတယ်လို့ မဆိုနိုင်ဘူး။

အခုအချိန်ထိ လေ့လာစရာတွေက မကုန်နိုင်သေးဘူး။ အဟောင်းတွေကို ပြန်ဖတ်ရင်းနဲ့ အရင်က အတွေးအခေါ်အချို့တွေ မှားနေတာတွေကို တွေ့ရတယ်။ အတွေ့အကြုံ နည်းတုန်းက မိမိထင်တာတွေ ရေးထားတာ တော်တော်များတာပဲ လို့ ပြန်ပြီး ဆင်ခြင်မိတယ်။ ဒါကြောင့်လည်း နောက်ပိုင်း မသိတာဆိုရင် မရေးဖြစ်တော့ဘူး။ မိမိ အထင်ကို ရေးတာကို တတ်နိုင်သလောက် ရှောင်တယ်။ မိမိ အထင်က အခုအချိန်မှာ မှန်ကောင်းမှန်လိမ့်မယ်။ သို့ပေမယ့် မှားနေပြီး နောင်တချိန်မှာ ပြန်ဖတ်မိပြီး ကိုယ့်ဘာသာကိုယ် ရယ်စရာ ဖြစ်နေမှာကို မလိုလားဘူး။ အရင်က OOP နဲ့ ပတ်သက်ပြီး လိုအပ်လို့လား ဆိုပြီး ရေးဖြစ်တယ်။ အခုအချိန်မှာတော့ အဲဒါက တကယ့်ကို ရယ်ရတဲ့ Post တစ်ခု ဆိုရမယ်။ တချိန်တုန်းက OOP ကို နားမလည်ဘူး ။ အခုတော့ TDD ကို နားမလည်ဘူး။

အခုတော့ Meteor JS ကို web development အတွက် အတော့်ကို သဘောကျတယ်။ Meteor JS ကို ရေးခဲ့တဲ့ developer ကိုတော့ အတော့်လေးကို ချီးကျူးတယ်။ အခု အချိန်မှာတော့ team နဲ့ ရေးနေပြီ။ Meteor JS က web development နဲ့ ပတ်သက်ပြီး အတွေးအသစ်တွေကို ဖန်တီးပေးတာကတော့ အမှန်ပဲ။ Discover Meteor ကို ဖတ်ရင်းနဲ့ အရင်တုန်းက ရေးထားခဲ့တဲ့ code တွေကို ဒီလိုပြောင်းရေးလိုက်ရင် ပိုကောင်းသွားမှာပဲ ဆိုပြီး သဘောပေါက်လာတယ်။ Meteor JS ဟာ တကယ်ကို real time app တွေ အတွက် အသုံးဝင်တယ်။ Discover Meteor JS ကတော့ code သာမက စဉ်းစားပုံတွေပါတဲ့ အတွက် အတော်လေးကို ကောင်းတဲ့ စာအုပ် တစ်အုပ်ပါ။

တစ်ခါတစ်လေတော့လည်း စဉ်းစားမိတယ်။ နေ့စဉ် Objective-C ရေးဖြစ်တယ်။ အိမ်မှာကော အလုပ်မှာကော။ အလုပ်မှာကတော့ အသစ်တွေ့ရင် ခဏလောက် ဖတ်ဖြစ်ပြီး အိမ်ရောက်မှပဲ စမ်းဖြစ်တယ်။ ဒီလိုနေ့တိုင်း ရေးလေ့လာနေတာတောင် AFNetworking ဖန်တီးတဲ့ Mattt Thompson , နောက်ပြီး Ray Wenderlich , Marco Arment , Peter Steinberger တို့ရဲ့ ခြေဖျားတောင် မမှီသေးဘူး။ ကျွန်တော် iOS ပေါ်မှာ ရူးသွပ်မှုဟာ သူတို့ကို မမှီသေးတာ သေချာတယ်။ ပုံမှန် သူတို့ကို follow လုပ်ထားပြီး အသစ်ဘာတွေ ဖန်တီးသလဲဆိုတာကို စောင့်ကြည့်ဖြစ်တယ်။ တနည်းပြောရင် ကျွန်တော် အများကြီး ကြိုးစားဖို့လိုသေးတယ်။ သူတို့အထဲမှာ သဘောအကျဆုံးက Marco Arment ပဲ။ Instant Paper , The Magazine စတာတွေကို သူ ဖန်တီးခဲ့တယ်။ Instant Paper သာမရှိခဲ့ရင် pocket ဆိုတာလည်း ရှိချင်မှ ရှိလိမ့်မယ်။ Read It Later ဆိုတဲ့ idea ကို အရိုးအရှင်းဆုံး ချပြပေးခဲ့သူပဲ။ The Magazine က iOS ပေါ်မှာ magazine ဆိုတာ ဒီလို ဖြစ်သင့်တယ်ဆိုပြီး ချပြပေးခဲ့တယ်။ ဒါ့အပြင် Tumblr က co founder တစ်ယောက်ပါ။ သူတို့ ဘယ်အချိန်တွေ လေ့လာပြီး ဘယ်အချိန်တွေ code တွေ ရေးကြလဲ မသိဘူး။ သူတို့ အသစ်တွေ ဖန်တီးလိုက်တိုင်း အော် … ငါ သိဖို့ ကြိုးစားဖို့ အများကြီး လိုပါသေးသလား ဆိုပြီး သတိထားမိတယ်။ Internet ကို တကယ်သုံးလာနိုင်တော့ ကမ္ဘာပေါ်မှာ တကယ့်ကို ဆရာကြီးတွေ အများကြီးမှန်း ပိုပိုသိလာတယ်။ ပိုပြီးတော့ ငါမသိသေးတာတွေ အများကြီးပါလား ဆိုပြီး သိလာတယ်။

အခုတလော လုပ်ချင်တဲ့ App လေးတွေ ရှိတယ်။ ခက်တာက လက်ရှိ ထုတ်ထားတဲ့ App တွေကို ပြန်ပြီး fix လုပ်ရမှာ များနေတယ်။ လက်ရှိ Sar ကို ပြင်နေတယ်။ ပြီးရင် NSMag ကို ပြင်ရမယ်။ ပြီးရင် ornagai ကို update လုပ်ရမယ်။ ပြီးရင် NSMag android verison စရေးရမယ်။ အဲလို လုပ်စရာ များတော့ ကိုယ့်အားနည်းချက် တစ်ခုကို သတိထားမိတယ်။ management ။ managment ပိုင်းမှာ အတော်လေးကို အားနည်းတာကို အခုတလော သတိထားမိတယ်။ အဲဒီအပိုင်းကို အချိန်ပေးပြီး ပြန်လေ့လာရယ်။ managment အပိုင်းက ဘယ်သူ မဆို လေ့လာထားသင့်တယ်။ The Lean Startup စာအုပ် ဖတ်လိုက်တဲ့ အစမှာ managment ရဲ့ အရေးပါပုံကို သိခဲ့ရတယ်။ ငယ်ငယ်တုန်းက လုပ်ချင်တာ လုပ်ခဲ့တယ်။ Just Do it ဆိုတာကတော့ အစပိုင်းသာ အလုပ်ဖြစ်ပေမယ့် ရေရှည်အတွက် ကောင်းမွန်တာ မဟုတ်ဘူးလို့ ဆိုထားတယ်။ The Lean Startup စာအုပ်ဟာ Startup သာမက project manager တွေပါ ဖတ်သင့်တဲ့ စာအုပ်ပါ။ တော်တော်များများ ညွှန်းကြလွန်းလို့ ဖတ်မိလိုက်တာ လက်က မချနိုင်လောက်အောင် အရေးအသား ပြေပြစ်ရိုးရှင်းတယ်။ computer လောကထဲက လူတွေ လွယ်လွယ်လေး နားလည်နိုင်အောင် ရေးထားပေးတဲ့ စာအုပ်တစ်အုပ်ပါ။

ဘာလိုလိုနဲ့ ၆ နှစ်တောင် ရှိသွားပြီ။ လေ့လာစရာတွေက အများကြီးပဲ။ လေ့လာချင်တာတွေက အများကြီးပဲ ရှိပါသေးတယ်။


  1. I would say guys like Mattt Thompson, Jose Valim and RKH (both are from ruby/rack) are exceptional. Rather thank thinking that they are super awesome and gifted, I like to think that they have dived into this fields when they were young, gone crazy and tried very hard to reach this stage. Hard work pays off, I believe. Anyway thumbs up for Lean Startup!

  2. ဟုတ်ပဗျာ ဒီအတောအတွင်း လူတိုင်းလိုလို အတွေးအခေါ် အယူအဆ တွေ အများကြီး ပြောင်းသွားတာပဲ။ ကျွန်တော်ကတော့ သိပ်မပြောရဲတော့သလို သိပ်လည်း မပြောချင်တော့ဘူး။ ကိုယ်ဖာသာကိုယ် ပြောတာထက်စာရင် retweet ,like and share ကပိုများလာတယ်။ နောင်လေးနှစ်ဆိုရင်တောင် ဆယ်နှစ်ပြည့်တောမှာပဲ။ တကယ်ကို အကိုက ကျွန်တော်တို့တွေ ကို captivate လုပ်နိုင်တဲ့ လူတွေက တစ်ယောက်ပါပဲ 🙂

  3. ကျွန်တော်ကတော့ အမြဲတမ်း Like & Share ။ ကိုစတေန် ဘလော့ဂ်ကို ဖတ်တော့ အတွေးအမြင်လေးတွေ ထပ်တိုးလာပါတယ်။ အင်တာနက်ဆိုတာ ပေးသူ နဲ့ ယူသူ ဆုံတဲ့နေရာလေးပေါ့။ ကိုသိတာလေးတွေ ရေးပြပေးတော့ ဗဟုသုတလေးတွေ တိုးလာတာပေါ့။ အိုင်တီ နယ်ပယ်မှာတော့ ဘလော့ရေးတဲ့လူတွေ များတယ်။ စီးပွားရေးနယ်ပယ် မှာတော့ ရေးတဲ့ လူတွေက ရှားတယ်။ ကိုယ်တိုင်က စာရင်းကိုင်တစ်ယောက် ဖြစ်ပေမယ် စာတွေ ဘာတွေက မရေးဘူးတော့ ခပ်တနုံ့တနုံ့ ဖြစ်နတေယ်။ အစ်ကိုလို အတွေးအခေါ်အယူအဆနဲ့ ရေးပုံရေးနည်းတွေကို ဖတ်ရတော့ တော်တော်သဘောကြမိပါတယ်။ နောက်ပြီး တစ်ခုသိလိုက်တာ ဘာပဲဖြစ်ဖြစ် လုပ်ဖြစ်ဖို့က အဓိကဆိုတာ။ ကျွန်တော်က ကိုယ်သိတဲ့ နယ်ပယ်တစ်ခုမှာ ရေးနိုင်ရဲ့သားနဲ့ မရေးနိုင်ခဲ့တာ ……… စတင်ခြင်းဆိုတဲ့ ခေါင်းစဉ်က မတတ်တော့ဘူး။

    1. ကျေးဇူးတင်ပါတယ် regme ။ အစ်ကို့စာက ကျွန်တော် စာဆက်ရေးဖို့ အားတွေ ဖြစ်စေပါတယ်။ အခုတလော မအားတာနဲ့ သိပ်ပြီး မရေးဖြစ်ဘူး။ ကျွန်တော် အချိန်ပေးပြီးတော့ blog ကို ထပ်ရေးပါအုံးမယ်။

      ကျေးဇူးတင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Up Next:

Mobile App Startup Bubble ?

Mobile App Startup Bubble ?