အိုရှိုး၏ သေဆုံးခြင်းအနုပညာ

ဒီနှစ်ထဲမှာ ဖတ်ဖြစ်သည့် စာအုပ်ထဲက စာအုပ်ကောင်းတစ်ခုပဲ။​ တချို့အချက်တွေက ကျွန်တော်နဲ့ မတူသည့် အယူအဆ တွေ ထဲကမှ​ အချို့အချက်တွေက အတွေးအခေါ်တွေ ပွင့်သွားသလို ခံစားရအောင် ရေးသားထားတယ်။ အကြိုက်ဆုံးက

“နေမင်းရဲ့ ရှေ့မှာရှိတဲ့ အမှောင်ကို ဘယ်လိုလုပ်ခေါ်ပေးနိုင်ပါ့မလဲ။ တကယ်တော့ အမှောင်ဆိုတာက ရပ်တည်ချက် (existence) တစ်ခု မဟုတ်ပါဘူး။ နောက်ပြီး အမှောင်ဆိုတာ မရှိတရား (positive) အခြေအနေတစ်ခုလည်း မဟုတ်ပါဘူး။”

ဒီစာကြောင်းလေးက ကျွန်တော့်ဘက်ကနေ အခြားသူ ကို မြင်ခဲ့သည့် အမြင်ကို လုံးဝ ပြောင်းလဲ ပေးလိုက်တယ်။ တချို့လူတွေက ရှင်းပြလို့ မရဘူး။ ရှင်းပြရင်လည်း ဘာလို့ နားမဝင်တာ ကို သိသွားတယ်။​ အဲဒီလိုမျိုး လူမျိုး ကို ရှင်းပြနေတာကို မိုက်မဲသည့် အလုပ်ပဲ ဆိုတာကို သဘောပေါက်သွားတယ်။ အချို့လူတွေကတော့ ကိုယ်တိုင်ခံစားမှ နားလည်တတ်တာ။ ကိုယ်တိုင်မခံစားရပဲ စာတစ်ကြောင်း စကားတစ်လုံးနဲ့ ခံစားတတ်သည့် အသိဥာဏ် မရှိတာတွေကို သဘောပေါက်သွားတယ်။

“သေခြင်းမှ လွတ်မြောက်ခြင်းဟာ အမှန်ကို သိခြင်းပါပဲ။ အမှန်သိတာနဲ့အမျှ သေတယ်ဆိုတာ မရှိတော့ပါဘူး။”

စာအုပ် တစ်အုပ်လုံးနဲ့ အနှစ်က ဒါပဲ လို့ နားလည်လိုက်တယ်။ ဘယ်သူမှ မသေဘူးတော့ သေခြင်းအကြောင်းကို တကယ် ဘယ်သူမှ​မသိဘူး။​ မသိပဲနဲ့ သေခြင်း အကြောင်းကို ပြောနေကြတယ်။ သေခြင်းအကြောင်းကို မှန်းဆပြီး ထင်မြင်ချက်တွေ နဲ့ ပြောနေတာပဲ ကို နားလည်လိုက်တယ်။​ မသေဘူးလို့ သေမယ့် ကိစ္စကို ဘာလို့ တွေးကြောက်နေမှာလဲ။ သေမယ့် ကိစ္စနဲ့ ပတ်သက်ပြီး ဘာလို့ အလုပ်ရှုပ်ခံနေမှာလဲ။ မသေခင်မှာ လုပ်စရာရှိတာ လုပ်ဖို့ အရေးကြီးတယ် ဆိုပြီး သဘောပေါက်သွားမိသည့် စာတစ်ကြောင်းပဲ။

“လှေတစ်စင်းလိုပဲပေါ့။ လှေကို ချည်ထားတဲ့ ကြိုးတွေ အားလုံးပြတ်ထွက်သွား ပြီးတဲ့နောက် ကြိုးတစ်ချောင်းတည်း ငြိကျန်နေခဲ့တယ်။ အဲဒီကြိုးသာ ပြတ်သွားရင် လှေဟာ အဆုံးအစမရှိတဲ့ သမုဒ္ဒရာထဲ ရောက်သွားလိမ့်မယ်။ ဒီလိုပါပဲ။ ငါလည်း ကြိုးလေးတစ်ခုတည်းနဲ့ ရပ်တည်နေတာပါ။”

တစ်ချို့အစွဲအလမ်းတွေသာ မရှိတော့ရင် ဒီမှာ ရှိနေဖို့ အကြောင်းလည်း မရှိဘူး ဆိုတာကို သဘောပေါက်မိတယ်။ ဒီမှာ ရှိနေတာ ဒီမှာ ရောက်နေတာ ဒီကနေ မသွားနိုင်တာ အချို့အစွဲအလမ်းတစ်ခု ကြောင့်ပဲ။ အဲစိတ်လေး ပျက်ပျယ်သွားပြီဆိုရင် ရှိနေဖို့ ကို မလိုဘူး။​ ရှိတော့မှ မဟုတ်ဘူး။ အဲဒီ စွဲလမ်း စိတ်လေး ပျောက်သွားပြီ ဆိုတာ နဲ့ ဒီမှာ ရှိမနေတာ့ဘူး ဆိုတာ အတော်လေးကို ကောင်းတယ်။ တစ်ခါမှ မစဥ်းစားမိဘူး။

စာအုပ်က အချိန်ယူပြီး ဖတ်လို့ ကောင်းတယ်။ စာမျက်နှာ ၁၄၀ ကျော်ပဲ ရှိပြီး လေးလေးနက်နက် ဖတ်လို့ ကောင်းသည့် စာအုပ်ကောင်းတစ်ခုပါ။