ကလေး

2021 မှာ ပြဿနာ မျိုးစုံ ကြောင့် ဖွင့်ထးသည့် ရုံးခန်းက ပြန်ပိတ်ပြီး work from home ပဲ လုပ်နေရတာ အခု ထက်ထိပဲ ။​ ကောင်းတာကတော့ ကလေးတွေ ကို ပို အချိန်ပေးလာနိုင်ပြီး ပို နားလည်လာနိုင်တယ်။
ကလေးတစ်ယောက်က မိဘ ကို လိုချင်တာ မရလို့ ပြန်ပြောရင် သူလိုချင်တာကို သူဖြစ်ချင်တာကို ပြောရင် မြန်မာတွေက ရိုင်းတယ် လို့ ထင်ကြတယ်။​ မိဘတိုင်းက သားသမီး ကို ယဉ်ကျေးလိမ်မာ တက်ခိုင်းပြီး မိဘ စကား ကို အတင်းနားထောင်ခိုင်းတယ် လို့ ခံစားရတယ်။​ လေးစားမှုဟာ အတင်းလုပ်ယူရတာ မဟုတ်ဘူး။​ သားသမီးတွေ က မိဘ ကို လေးစားဖို့ အတင်းလုပ်ယူနေဖို့ မလိုဘူး။

သူတို့ နဲ့ အနေကြာလာတော့ နားလည်လာတာက သူတို့လည်း လူသားတွေပဲ။​ လူတစ်ယောက် ရဲ့ ဖြစ်ချင်သည့် ဆန္ဒ သူတို့ဟာ အဖေ အမေ လို လူသား တစ်ယောက် ဖြစ်တယ် ဆိုတာကို ပြချင်တာတွေ ရှိတယ်။​ ပြဿနာက မိဘ စကား နားမထောင်တာဟာ ရိုင်းတယ်။ မိဘ ကို ပြန်ပြောတာ ရိုင်းတယ် လို့ သတ်မှတ်ကြတယ်။ မိဘ ပြောသမျှ အမှန်ဆိုတာ တော်တော်လွဲတယ်။ အဲဒါဟာ သားသမီး ကို ကိုယ့်ကိုယ်ကို ယုံကြည်မှု ကျဆင်းအောင် မိဘ ကိုယ်တိုင်က ဖန်တီးနေတာပဲ။ သား ငယ်ငယ် က ပြောသည့် English စာ accent က သူကြည့်သည့် YouTube ကနေ လာတာပဲ။ အစက သူပြောတာ မှားနေသလား ဆိုပြီး ကိုယ်တိုင် ပြန်ရှာကြည့်မှ သူ့ အသံထွက်က အမှန်ဖြစ်နေတယ်။​
မှတ်မိသေးတယ် ကျောင်းမှာ ဆရာမ တွေ စာသင်တုန်းက ကိုယ်ကြည့်သည့် ကာတွန်းကားက အသံထွက် နဲ့ မတူလို့ ပြောရင် ဆရာ မ ကာ အမှန် ဆိုပြီး ခဏ​ခဏ​ဖြစ်လာတော့ ယုံကြည်မှုတွေ ကျဆင်းပြီး ဆရာမ သင်ပေးသည့် အသံထွက် အတိုင်း ဖြစ်သွားရတာပဲ။ ဒါကြောင့် သားကို သူ့ အသံထွက်ကို ယုံကြည်ဖို့ အဖေတို့ နားမလည်ရင် ဖေဖေတို့ နားလည်အောင် ပြန်ရှာပြီး နားလည်အောင် လုပ်ပါမယ်လို့ ပြောထားလိုက်သည့် နောက်ပိုင်း သူပြောတာ အဖေ နဲ့ အမေ နားမလည်ရင် ပြန်ပြီး ပုံစံ ဖြစ်ဖြစ် အခြား အဓိပ္ပာယ် နဲ့ ဖြစ်ဖြစ် ပြန်ပြောင်းပြောတယ်။ သူ့ ဘာသာ သူ ယုံကြည်မှု အပြည့်ဖြစ်လာတယ်။

ကလေးနှစ်ယောက်လုံးဟာ အိမ်မှာတော့ သူတို့ဟာ ကိုယ်လို့ လူသားတစ်ယောက် ဖြစ်တယ် ဆိုတာ ကို သတ်မှတ်ထားပြီး သူတို့ ဖြစ်ချင် ပြောခွင့်ပေးထားတယ်။ မကြိုက်တာ အကုန် ပြန်ပြောခွင့် ပေးထားတယ်။​ ချက်သည့် အစားအစာ မကြိုက်လည်း မကြိုက်ဘူး ဘာပဲ​စားချင်တာ ဆို ပြီး ပြန်ပြောတော့ နောက်ဆိုရင် မစားသည့် ဟာတွေကို အထွေအထူး ချက်မနေတော့ဘူး။ သူလည်း အဆင်ပြေသလို ကိုယ်လည်း မပင်ပန်းဘူး။
မြန်မာတွေ မျက်စိထဲ မှာရိုင်းတယ် လို့ ထင်ရပေမယ့် သူတို့ ကိုယ့်ဘာသာ ကိုယ် ယုံကြည်မှု ရှိတယ်။ မိဘ က သူ မဖြစ်ချင်တာ လုပ်ရင် သူ မကြိုက်ဘူး ဆိုတာ ပြန်ပြောပြီး ပြန်ပြီး ညှိပြီး သဘောတူမှ လုပ်ရတော့ အချို့ကိစ္စတွေက မြန်မြန်နဲ့တော့ မပြီးဘူးပေါ့။ ကိုယ်က မိဘဆိုပြီး အတင်းလုပ်ယူ လိုက်ရင် ကလေးတွေ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်သွားမှာ ဆိုးတော့ အမြဲညှိယူရတယ်။ သူတို့မှားနေတာ မလုပ်သင့်တာတွေတော့ ဆူရတွေတော့ ရှိတယ်။ စာမရေးချင်တာတို့ စာသင်ချိန်မှာ ကစားချင်တာတို့ တွေတော့ နည်းနည်းပါးပါး ဆူရတာပဲ။

အခုခေတ်မှာ ကိုယ့်အိမ်မှာ ဒီလို မဟုတ်တော့ပဲ​ သူတို့ ပတ်ဝန်းကျင်က ကလေးတော်တော်များများလည်း အခုလို ပုံစံ​ မိသားစုတွေ များလာတယ်။ အဓိက YouTube ကနေသင်ယူလာကြတယ်။ ဒါကြောင့် သူတို့ ဘယ် channel တွေ ကြည့်နေလဲ ဆိုတာကို ကြည့်ပြီး ကြည့်သင့် မကြည့်သင့် တော့ ထိန်းကျောင်းပေးရတယ်။

အခုခေတ် ကလေးတွေ နဲ့ မိဘ တွေကို နားလည် ဖို့ ကိုယ်တိုင် ကလေးရှိမှ ပဲ​ အချို့အရာတွေ သဘောပေါက်နိုင်လိမ့်မယ်။​ အပြင်လူ အမြင်မှာ ရိုင်းတယ် လို့ ထင်ရတာဟာ နေထိုင်ခဲ့သည့် ဝန်းကျင်မတူသလို ကလေး တစ်ယောက်ကို နားလည်ပေးဖို့ မဖြစ်နိုင်သည့် အခြေအနေကြောင့် အဲလိုပဲ အသက်ကြီးသည့် သူတွေ အနေနဲ့ သူတို့ ငယ်ငယ်တုန်းက သူ့ကလေးတွေကို ကြိမ်လုံး တစ်လုံးနဲ့ ဆုံးမ မှ ရမယ်။​ မဆုံးမ လို့ အခု လို ရိုင်းနေတာလို့ ထင်သည့် သူတွေလည်း ရှိမယ်။
ခေတ်က ပြောင်းနေတာ အရမ်းမြန်တယ်။​ ကလေးတွေ ရဲ့ ပညာရေးက အရမ်းအရေးပါတယ်။ သူတို့ ရဲ့ အဓိက လေ့လာမှုက YouTube နဲ့ မိဘတွေ ဆီ ကပဲ။​ ကလေး အခုလို ဖြစ်နေတာ မိဘ ရဲ့ DNA နဲ့လည်း ဆိုင်တယ်။​ ကလေးတွေ ဟာ လူသား တစ်ယောက်ပါပဲ လို့ လူကြီးတွေ အနေနဲ့ အသိအမှတ်ပြုပေးဖို့ လိုအပ်ပါတယ်။