လုပ်ချင်တာကိုလုပ်

အခု လူငယ်တွေ ခဏ ခဏ မေးနေကြတာတွေ့ရတယ်။ ဘာလုပ်ရင် ကောင်းမလဲ။ ဘယ် programming ကို လိုက်သင့်လဲ။ web ပိုင်း နဲ့ application ပိုင်း ဘာပိုကောင်းလဲ။ အဲဒီလို မေးရင် ဖြေရတာ တကယ်ကျပ်တယ်။ တကယ်တန်းတော့ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်တာ အကောင်းဆုံးပဲဗျ။ အဲဒီ မေးခွန်းကို ကိုယ့်စီနီယာ တွေကို မေးနေတာထက် ကိုယ့်ကိုယ်ကို အရင်မေးကြည့်သင့်တယ်။ ငါ ဘာလုပ်ရင်ကောင်းမလဲ။ ငါဘယ်လိုင်း လိုက်ရင်ကောင်းမလဲ။ ကျွန်တော့်ကို မေးရင်တော့ အဖြေကရှင်းတယ်။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပဲ။

စီနီယာတွေကို မေးရင် သူတို့ကလည်း သူတို့ ကြိုက်တာ ပြောမှာပဲ။ ကိုယ်ကြိုက်တာနဲ့သူတို့ကြိုက်တာ တူမယ်လို့ ဘယ်လိုလုပ်ပြောနိုင်မလဲ။ ခက်တာက ကိုယ့်ကိုယ်ကို မသိကြတာ ခက်နေတာ။ အဲလို မသိခြင်းကပဲ သိခြင်းဖြစ်တာပဲလေ။ ကျွန်တော်လည်း အရင်တုန်းက အဲလိုပဲ။ ကိုယ့်ကိုယ်ကို ဘယ်လိုင်း လိုက်မလဲမသိဘူး။ အဲတော့ သူများကို မေးနေမယ့် အစား အကုန်လုပ်ကြည့်တယ်။ ဟုတ်တယ်လေ။ လုပ်ငန်းခွင်မှ မဟုတ်သေးတာ။ အဲတုန်းက ကျောင်းတက်နေတုန်း။ first year , second year လောက်ဆိုတော့ လုပ်ချင်တာ အကုန် လုပ်တယ်။ အသစ်ထွက်တာ မှန်သမျှ အကုန် လိုက်လုပ်တယ်။ Flash လည်း လုပ်တယ်။ photoshop လည်းလုပ်တယ်။ Corel Draw နဲ့လည်း ပုံဆွဲတာပဲ။ Animation တွေလည်း လုပ်ကြည့်တာပဲ။ 3D လည်း ဆွဲကြည့်တယ်။ သီချင်းတွေလည်း လိုက်လုပ်ကြည့်တယ်။ Java လည်း လုပ်တာပဲ။ .NET ဆိုလည်း VB.NET, C# ၂ ခုလုံးလုပ်တယ်။ ကိုယ့်ဘာသာကိုယ် Game ရေးတာ ဝါသနာ ပါမယ်ထင်ပြီး Game လည်း ရေးလိုက်သေးတာပဲ။ Direct X လည်း လုပ်လိုက်သေးတယ်။ DarkBasic လည်း လုပ်တာပဲ။ အဲလို မျိုး လုပ်တယ်ဆိုပေမယ့် ၁ ရက် ၂ ရက် လုပ်တာ မဟုတ်ဘူးဗျ။ အသင့်အတင့် သိသွားအောင် ထိတော့ လုပ်ကြည့်တယ်။ ဘယ်အထိ စိတ်ဝင်စားနိုင်မလဲ ဆိုတာ သိဖို့ လိုတာကိုး။ တစ်ခုခုက လေ့လာပြီ ဆိုတာနဲ့ ebook , goolging စတာတွေက လုပ်ရတာပဲ။ ကိုယ့်အတွက် ရေရည် လုပ်နိုင်မလား။ ကိုယ်ဘယ်လောက် စိတ်ဝင်စားလဲဆိုတာကို သိသွားတဲ့ အထိ လုပ်တယ်။ အဲတုန်းက သင်တန်းတွေက ရှိတော့ရှိတယ်။ ဒါပေမယ့် မတက်ဖြစ်ဘူး။ သင်တန်းဆိုတာကလည်း ပိုက်ဆံကုန်တာကိုး။ အကုန်လုံးတာ လိုက်တက်ရင် မွဲသွားလိမ့်မယ်။ တက်သင့်တဲ့ သင်တန်းတွေတော့ တက်ပါတယ်။ မတက်ဘူးရယ်တော့မဟုတ်ပါဘူး။

computer မှာက ရွေးစရာတွေက အများကြီးပဲ။ ဘာကောင်းလဲ။ ကိုယ် ဘာကြိုက်လဲဆိုတာ ကိုယ့်ဘာသာ ကိုယ်မသိရင်တော့ သွားပြီပဲ။ ကျွန်တော့် first year လောက်ကတည်းက အကုန် လုပ်လိုက်တာ။ third year လောက်တော့ ငြိမ်သွားပြီ။ ကိုယ်လည်း လုပ်ချင်တာတွေ အကုန်လုပ်ပြီးပြီကိုး။ ဘာက ဘယ်လိုဆိုတာ သိသွားပြီ။ အဲဒီတော့မှ ငါက ဘာကို သဘောကျတယ်ဆိုတာ သိတော့တယ်။ ငါ့အတွက် ဘာကို အဆင်ပြေလဲဆိုတာကို သိတာ။ ကျွန်တော့်အတွက် အဆင်ပြေတာ ၊ကျွန်တော် သဘောကျတာ PHP မှန်း သိပြီးကတည်းက နောက်ပိုင်း PHP ပဲ လုပ်တော့တယ်။ မှတ်မိသေးတယ်။ PHP ဘာကြောင့် လုပ်ဖြစ်သွားလဲဆိုတာကို။ အဲတုန်းက .NET သမား။ glite တွေအရမ်း နာမည်ကြီးနေတဲ့ အချိန်ပေါ့။ gmail တွေက သုံးမရတော့ဘူး။ ဘန်းထားတဲ့ အချိန်။ glite က မြန်မာလို စာပို့ရင် မပေါ်ဘူးလေ။ အဲတုန်းကလည်း firefox မှာ မြန်မာလို ပေါ်အောင် default လုပ်လို့ရတယ်ဆိုတာကလည်း မသိသေးကြတဲ့ အချိန်ပေါ့။ planet forum မှာ glite ကို မြန်မာလို ပေါ်အောင် လုပ်ပေးဖို့ thread စ လိုက်တာပဲ။ ခက်တာက ဘယ်သူမှ မလုပ်ကြဘူး။ ဘယ်သူမှလည်း မအားတာပါတာပေါ့။ အဲတုန်းက ကိုယ်က အားနေတယ်လေ။ လုပ်တော့ လုပ်ပေးကြပါတယ်။ text editor မှာ Zawgyi-one လေး ထည့်ပေးတာလောက်ပဲ လုပ်ပေးကြတယ်။ ကိုယ်ကလည်း အားနေတဲ့ အချိန်ဆိုတော့ ကြာပါတယ်။ ကိုယ့်ဘာသာကိုယ်ပဲ လုပ်လိုက်တော့မယ်ဆိုပြီး mmgltie ကို စလုပ်ဖြစ်တာပဲ။ glite ကို ပြင်ဖို့ php ကို စလေ့လာဖြစ်တာပဲ။ အဲဒီကနေ စပြီး php လုပ်ဖြစ်သွားတာပြီး လုံးဝ web ပိုင်းကို ရောက်သွားတာပဲ။ PHP ကိုလုပ်ရင်းနဲ့ သဘောကျလာပြီး နောက်ပိုင်း PHP ပဲလုပ်တော့တယ်။ အဲတုန်းက .NET က OOP တွေဖြစ်ကုန်တော့ ကိုယ်ကလည်း OOP ကို သိပ်သဘောမကျ။ အထူးသဖြင့် ASP.NET နဲ့ web site ရေးတာကို လုံးဝ လက်မခံနိုင်ဘူး ဖြစ်နေတယ်။ ကိုယ့်စိတ်ကိုက ASP.NET ကြီးက web standard တွေဖောက်ဖျက်ထားတယ်လို့ ခံစားရပြီး လုပ်ချင်စိတ်ကို လုံးဝ မရှိဘူး။ အဲဒီအချိန်မှာ glite ကို ပြင်ရင်း PHP ကို ရေလည် သဘောကျသွားတာပဲ။

တကယ်တန်းတော့ ဘာလုပ်ရမလဲဆိုတာထက် ကိုယ် ဘာလုပ်ချင်လဲဆိုတာ သိဖို့လိုတယ်။ တော်တော်များများက ဘယ်ဟာက လခ ကောင်းလဲ။ ဘယ်ဟာက အလုပ်လွယ်လဲ။ အဲဒါကို ကြည့်ပြီးမှ အဲဒီ လိုင်းက လိုက်မယ်ဆိုပြီး လုပ်နေတဲ့ လူတွေက ရှိသေးတယ်။ ကိုယ့်ကိုယ်ကို ဘာကြိုက်လဲ။ ဘာနဲ့ သင့်တော်တယ်ဆိုတာက အရင်ဆုံး သိမှပဲ ဘာလိုင်းလိုက်မယ်ဆိုပြီး ဆုံးဖြတ်တာ ပိုကောင်းတယ်။ ကိုယ်သဘောကျတဲ့လိုင်း ကိုယ်နဲ့ ကိုက်တဲ့ လိုင်း လိုက်မှပဲ ကိုယ်သက်သာမှာကို။ နောက်မို့ဆို ကိုယ်က ပင်ပန်းတယ်ဗျ။ Web Designer တွေက Developer တွေ ထက်ပိုတော်တယ်ဗျ။ သူတို့က သူတို့ Web Design ဘက်မှာ ပိုအားသန်တယ်ဆိုတာကို သူတို့ကို သူတို့သိတယ်။ အဲ.. Developer တွေကတော့ ဘယ် Programming မှာ ကိုယ်က အားသန်လဲဆိုတာကို မသိဘူး။ ကိုယ်က program ရေးတာ ၁၀ နှစ်လောက်ရှိသွားပြီဆိုရင်တော့ programming language က အရေးမကြီးတော့ဘူးလေ။ ကိုယ်က ဘိုးအေကြီးဖြစ်နေပြီဆိုတော့ ကြိုက်တာကို လွယ်လွယ်နဲ့ ပြောင်းလို့ ရေးလို့ရပေမယ့် အခုမှ စလေ့လာကာစ လူတွေအတွက်က မလွယ်ဘူးလေ။

ဘယ်လို မလွယ်တာလည်းဆိုတော့ ဟိုနေ့က Java သမား Developer Test လာဖြေတယ်။ ၂ နာရီ မေးခွန်းကို တနေကုန် ဖြေသွားရတဲ့ အဖြစ်။ ကျွန်တော်တို့ ရုံးတတ်ကတည်းက ဖြေလိုက်တာ ရုံးဆင်းခါနီး အချိန်ထိပဲ။ Java ကို လုပ်နေကြလူတွေ အနေနဲ့ PHP ကို လေ့လာလိုက်ရင် ရတယ်။ ဒါပေမယ့် ရေးနေကြမဟုတ်ရင် မြန်မြန ရေးနိုင်မှာ မဟုတ်ဘူးဗျ။ Java သမားဆိုတော့ class တွေ ဆောက်မယ်။ class တွေကနေ ခေါ်သုံးဖို့ပဲ ကြိုးစားနေတာလည်း ပါမှာပေါ့။ အချို့ အပိုင်းတွေ OOP ကြီးပဲမဖြစ် မနေ သုံးနေစရာမှ မလိုတာ။ RAD နဲ့လုပ်ရမယ့် အပိုင်းက RAD နဲ့ လုပ်တာပဲပေါ့။ အချိန် မလောက်ရင်တော့ RAD နဲ့ချရတာပဲ။ PHP က OO ကို မဖြစ်မနေ သုံးဖို့ မလိုဘူးလေ။ အဓိကပြောချင်တာက ကိုယ်နဲ့OO ကိုက်မယ်။ OO နဲ့ ရေးမှပဲ programming လို့ထင်ရင်တော့ java, ruby တို့လုပ်ပေါ့။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြတာပဲလေ။ ဘယ် language မကောင်းဘူး။ IDE အားကိုးနေတဲ့ language တွေ။ အဲလိုလည်း ပြောလို့မှ မရတာ။ သူ့ ဟာနဲ့သူကောင်းနေတာပဲ။ လူတိုင်းက ကိုယ်ကြိုက်တာ ကို အကောင်းပြောမှာပဲ။ IDE သုံးစရာ မလိုတဲ့ programming language သမားတွေက IDE ကို မကောင်းပြောမှာပဲ။ IDE သုံးနေတဲ့သူတွေကလည်း IDE မပါတာကို အပြစ်ပြောမှာပဲ။ အကောင်းဆုံးက ဘာလုပ်ရင်ကောင်းမလဲ သူများကို မေးနေတာထက် ကိုယ်ဘာကြိုက်လဲ။ ကိုယ့်ဘာသာကိုယ် သိအောင် အရင်လုပ်။ သူများကိုသွားမေးရင်တော့ သူတို့ ကြိုက်တာ ပြောမှာပဲ။ သူတို့ကြိုက်တာက နောက်မှ ကိုယ်နဲ့မကိုက်ရင် ကိုယ်ပဲ ခံရမှာ။ သူတို့ လာပြီးတော့ မကူညီပေးနိုင်ဘူး။ ဒါကြောင့် ကိုယ့်ကိုယ်ကို သေသေချာချာ သိအောင်လုပ်။ ပြီးရင် လုပ်ချင်တာကိုလုပ်ပဲ။

5 Comments

  1. ုko king says:

    ကိုစေတန် ရေ ဒီ Post ကို ကြိုက် လို. မူရင်း အ တိုင်း ကျွန် တော် တို.ရဲ.
    Social Net မှာ ပြန် Share ထား တယ်။
    ခွင်. ပြု ပါ နော်။

    1. saturngod says:

      ဟုတ်။ ရပါတယ်။

  2. Sof!a says:

    OO က Structure တော့ကျပါတယ် ဒါပေမဲ့ရေးရတာအတော် လက်ပေါက်ကတ်ပြီး အချိန်ကုန်တာ။ ငါကတော့မကြိုက်ပါဘူး။ အခုရေးနေတဲ့ .Net မှာလည်း OO မသုံးဘူး Logic မှန်ရင်ပြီးရော ဒီတိုင်းချတာ။ Heeee :D

  3. komyozaw says:

    ကိုစေတန် ရေ ဒီ Post ကို ကြိုက် လို. မူရင်း အ တိုင်း ကျွန် တော်
    facebook မှာ ပြန် Share ထား တယ်။
    ခွင့်ပြုပါနော်။ဒီလိုအတွေးမျိုးကိုအားလုံးကိုမျှဝေချင်လို့ပါ။ကျေးဇူးအထူးတင်ပါတယ် ခင်ဗျာ။
    လေးစားလျှက်

    1. saturngod says:

      ya.. you can share without permission :D to share in facebook just click facebook icon in left..

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.