တစ်ခြား နိုင်ငံတွေမှာတော့ မသိ ဘူး ကျွန်တော်တို့မြန်မာ နိုင်ငံမှာ high school အရွယ်တွေကတော့ Developer တို့ Programmer တို့ဆိုတာ သိကြမှာ မဟုတ်ဘူး။ ငယ်ငယ်ကတည်းက ကျောင်းမှာ စာအရမ်းတော်တဲ့ ကလေးက ဆယ်တန်းမှာ အမှတ်မကောင်းလို့ ဆေးကျောင်းမဝင်ပဲ computer ကို ရွေးချယ်ခဲ့တာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် နိုင်ငံခြားမှာ computer ကျောင်းသွားတတ်တာပဲ ဖြစ်ဖြစ်ပေါ့။ ပထမ အချက်က သူတို့တွေက Programming ဆိုတာ မသိကြဘူး။

စာအရမ်းတော်တဲ့သူနဲ့ မတော်တဲ့ သူရဲ့ အဓိက ကွာခြားချက်က မှားခြင်းပဲ။ စာတကယ်တော်တဲ့သူတော်တော်များများဟာ လက်ရေးကို လှအောင် ရေးတယ်။ နောက်ပြီး ဖျက်ရာမပါအောင် ကြိုးစားရေးကြတယ်။ ကျွန်တော် state တုန်းကဆို သည် ၏ မရွေး မမှားအောင် ကျက်ကြတာတွေ့ဘူးတယ်။ ကျောင်းစာမှာ ပုံမှန်ပဲ ရှိတဲ့သူတွေကတော့ စာမေးပွဲအောင်ရင် ပြီးရောဆိုတဲ့ စိတ်လောက်ပဲရှိတယ်။ တစ်ခါတစ်လေ တစ်မျက်နှာလုံးကို မျဉ်းကြောင်းအကြီးကြီး ခြစ်ပြီးတော့ အသစ်ပြန်ရေးတာတွေလည်း ရှိတယ်။

နောက်ပြီး ဆရာ ဆရာမ တွေ ကျောင်းမှာ တုန်းက စာသင်ရင် မှတ်မိတယ်။ English စာသင်တုန်းကဆိုရင် meaning မရရင် ထိုင်ထ လုပ်ရတယ်။ စာလုံးပေါင်းမှားရင် ထိုင်ထ လုပ်ရတယ်။ သချာင်္တွက်တာ မှားရင် ရိုက်ခံထိတယ်။ မြန်မာ ကဗျာတွေကို အလွတ်ကျက်ရတယ်။ ၃ တန်း ၄ တန်းလောက်တုန်းကဆို စာစီစာကုံးကို အလွတ်ကျက်ခဲ့ရတယ်။ ကျွန်တော်ကတော့ မှတ်မှတ်ရရ မိုးရာသီ တစ်ခုပဲ အတန်းထဲမှာ ဆိုတာ မရလို့ အခန်းထဲမှာ ထိုင်ခုံပေါ်မတ်တတ်ရပ်ပြီး ကျက်ခဲ့ရလို့ မိုးရာသီ စာစီစာကုံး တစ်ပုဒ် အလွတ်ရခဲ့ဘူးတယ်။ တနည်းပြောရင် ကျွန်တော်တို့ basic education မှာ သင်ကြားခဲ့ရတာက အမှားလုပ်ရင် ဒဏ်ပေးခံရမယ်။ အမှားမလုပ်အောင်နေ ဆိုတဲ့ အလေ့အကျင့်ကို ရိုက်သွင်းခဲ့တယ်။ စာတော်တဲ့ သူတော်တော်များများကလည်း အမှားနည်းတာကို တွေ့ရပါတယ်။ သူတို့တွေရဲ့ စာအုပ်တွေဆို သန့်ပြန့်နေတာပဲ။ လက်ရေးရေးတာတောင် အမှားမပါအောင် ရေးကြတာတွေ့တယ်။

Programming သင်တဲ့ အခါမှာ စတွေ့တာပဲ။ ကျောင်းမှာတုန်းက မှတ်မိသေးတယ်။ Programming စသင်တုန်းက ဆရာမ သင်တဲ့အတိုင်း variable a , b ,c တောင် မလွဲပဲ ရေးတဲ့သူတွေ အများကြီးပဲ။ ကွဲလွဲစွာ ရေးလို့ရပါတယ်ဆိုတာတောင် မရေးဘူး။ ဆရာမ သင်တဲ့ အတိုင်းပဲ။ အကျောင်းအမျိုးမျိုးကြောင့် ဆေးကျောင်းကပ်မဝင်တာပဲဖြစ်ဖြစ် မဝင်ချင်တာပဲဖြစ်ဖြစ် Computer တက္ကသိုလ် ရောက်လာတဲ့ လူတွေ ရှိတယ်။ အဲတုန်းကတော့ သူတို့ ဘာလို့ ဒီလောက်တောင် ဖြစ်ရလဲဆိုတာကို နားမလည်တာ အမှန်ပဲ။ အခုအချိန်မှာ စဉ်းစားကြည့်ရင် သူတို့ ဘဝမှာ အမှားတွေကို အနည်းဆုံးဖြစ်လာအောင် ကြိုးစားပြီး နေလာခဲ့ရကြတာပဲ။ ကျောင်းပြီးရင် အမှတ်တွေကောင်းချင် ကောင်းမယ် သူတို့ တကယ့် Programming အရသာကို သိမှာ မဟုတ်ဘူ။ Programming ရေးရတဲ့ ပျော်ရွှင်မှုကို သိဖို့ ခက်တယ်။

Programming ကို ရေးရတဲ့ ပျော်ရွှင်မှုဆိုတာ ကိုယ် ရေးနေတဲ့ code ကို ကိုယ်ပိုင်တယ်။ ကိုယ် နားလည် သလို ရေးလို့ရတယ်။ လွတ်လွပ် ခွင့်ရှိတယ်။ Logic မှန်ဖို့ အဓိက ကျတယ်။ Logic မှန်ဖို့ အဓိက ကျတယ်ဆိုလို့ကျောင်းတုန်းက if condition ကို သတိရတယ်။ == အစား != ပြောင်းသုံးပြီး ရေးထားတာတောင် မှားတယ်လို့ ထင်တဲ့ သူတွေက ရှိသေးတယ်။ Logic ကို ပြန်ရှင်းပြရတာတွေ ရှိတယ်။ i < m အစား m > i လို့ ရေးရင် မှားပြီး အမှတ်လျော့ခံရမယ်လို့ ထင်တဲ့ သူတွေလည်း အများကြီး ရှိပါတယ်။ ဒါကြောင့် ကျောင်းမှာတုန်းက အများစုက programming အမှတ်အစား SE , AI လိုမျိုး theory ပိုင်းကို ပိုအလေးထားပြီး အမှတ်ယူကြတာများတယ်။

Programmer တစ်ယောက် အနေနဲ့ အမှားဆိုတာ ကြောက်စရာ မလိုဘူး။ အမှားဆိုတာက ပြန်ပြင်လို့ရတဲ့ အမှားနဲ့ ပြန်ပြင်မရတဲ့ အမှားရှိတယ်။ Programming code တွေက ပြန်ပြင်လို့ရတယ်။ Error တက်ရင် ပြန်ပြင်လို့ရတယ်။ Error တက်တာ ကြောက်စရာ မဟုတ်ဘူး။ Error တက်လို့လည်း ဘယ်သူမှ ကျောင်းတုန်းကလို တုတ်နဲ့ ရိုက်မခံထိဘူး။ ထိုင်ထ မလုပ်ခံထိဘူး။ ဒါပေမယ့်လည်း ၁၀ နှစ် လောက် သင်ကြားခဲ့တဲ့ psyhco က ကြီးဆိုးနေတော့ code run လိုက်တော့ Error တက်နေရင် လန့်ကုန်ကြတာတွေ ရှိတယ်။ ဒါကလည်း အပြစ်တင်လို့ မရပါဘူး။ တဖြည်းဖြည်းနဲ့ သင်ယူရင်း နဲ့ ရလာတဲ့ အရာတွေပဲ။

State ကျောင်းမှာ စာအရမ်း တော်ခဲ့ကြတဲ့သူတွေဟာ Computer တက္ကသိုလ်မှာလည်း စာတော်နေဆဲပဲ ရှိသလို computer တက္ကသိုလ်ရောက်မှ စာညံ့သွားတဲ့ သူတွေလည်း ရှိတယ်။ ကျောင်းတွေ ပြီးလို့ လက်တွေ့လုပ်ငန်းခွင်တွေ ဝင်တဲ့အခါမှာ ဝါသနာ အရင်းမခံတဲ့သူ နောက်ပြီး အမှားတွေ ဖြစ်မှာ ကြောက်သူတွေက အသစ်အသစ်တွေ လေ့လာဖို့အရာမှာ ခက်ခဲတတ်ပါတယ်။ ဘာလို့လည်းဆိုတော့ အသစ်တွေ လေ့လာတဲ့အခါမှာ အမှားဖြစ်ရင် မေးဖို့ ဆရာမရှိဘူး။ သမာရိုးကျ ကျောင်းသားနဲ့ စာတော်တဲ့ ကျောင်းသား ကွာခြားချက်က မှားလား မှန်လား ပြန်တိုက်တာပဲ။ တွေ့ဘူးမှာပါ။ စာတော်တဲ့ ကျောင်းသားတော်တော်များများက အိမ်စာပုံမှန်လုပ်ကြပြီး ဆရာ ဆရာမတွေကို မှန်မမှန် ပြန်စစ်ခိုင်းပါတယ်။ လက်တွေ့လောက မှာတော့ အဲလိုမျိုး အဖြေ မှန်မမှန် ပြန်စစ်ပေးမယ့် လူမရှိတော့ဘူး။ ကိုယ်တိုင် လေ့လာဖို့ လိုလာပြီ။ ကိုယ်တိုင် ဆန်းစစ်တွေးခေါ်တတ်ဖို့ လိုလာပြီ။ ကျောင်းတုန်းက ဆန်းစစ်တွေးခေါ်မှုထက် အလွတ်ကျက်မှုကို အားပေးတယ်။ အလွတ်မရရင် ရိုက်ခံထိမယ်။ ထိုင်ထ လုပ်ရမယ်။ သူများတွေ ထိုင်နေချိန်မှာ ကိုယ်က အတန်းထဲမှာ မတ်တတ်ရပ်ပြီး ဒဏ်ပေးခံရမယ်။ စတဲ့ psycho တွေက မသိမသာ သွင်းခံထိထားတယ်။ နောက်ပြီး ကိုယ်တိုင် ရေးတဲ့ စာစီစာကုံးထက် ဆရာမ ရေးပေးတဲ့ စာစီစာကုံးက အမှတ်ကောင်းတယ်ဆိုပြီး အလွတ်ကျက်ခဲ့တာတွေက တစ်နှစ် နှစ်နှစ်မဟုတ်တော့ဘူး။ အဲဒီမှာ ကိုယ်ပိုင် ဆန်းစစ်တွေးခေါ်မှုက ပျောက်ဆုံးသွားတယ်။ လက်ရှိ ရှိပြီးသားတွေက ပိုကောင်းတယ်။ ကိုယ်လုပ်ရင် အဲလောက် ကောင်းမှာမဟုတ်ဘူးဆိုတဲ့ အတွေးအချို့လည်း မသိမသာ ဝင်ရောက်ပြီးသား ဖြစ်ကုန်တယ်။

တနည်းပြောရင် Programmer ထက်စာရင် စာတကယ်တော်တဲ့သူတွေက ဆရာဝန် အလုပ်နဲ့ ကိုက်တယ်။ ဆရာဝန်အလုပ်က စာတကယ်ကျက်ရတယ်။ မှတ်စရာတွေက အများကြီး။ အမှားလည်း သိပ်လုပ်လို့မရဘူး။ လူနာအသက်က ကိုယ့်လက်ထဲမှာလေ။ ကိုယ် အမှားလုပ်မိလိုက်ရင် လူနာသေမှာကို။ ဆရာဝန်တွေမှာလည်း if condition တွေက ကျွန်တော်တို့ ထက်စာရင် အများကြီး စဉ်းစားရမယ် ထင်တယ်။ လူနာတစ်ယောက် နဲ့ တစ်ယောက်ကို ဆေးပေးပုံတွေက မတူဘူး။ ရောဂါပေါ်မှာ မူတည်ပြီး ပေးရတယ်။ ဒါပေမယ့် သူတို့ စားမှားပေးလို့တော့ မရဘူး။ ဒါကြောင့် ကျောင်းမှာ စာတော်တဲ့သူတွေက ဆေးကျောင်းရောက်ရင် ပိုပြီး တော်လာကြတာ မဆန်းဘူး။ ဒါပေမယ့်လည်း သူတို့နဲ့ အံဝင်ခွင်ကျမှု မရှိတဲ့ Programming လောက ထဲရောက်လာတဲ့အခါမှာ self control က တားဆီးနေတယ်။ အမှားလုပ်ခွင့်ရှိတာတောင် ငါမှားလို့ မဖြစ်ဘူး ။ မတော်လို့မှားသွားရင် အမှတ်လျော့ခံထိမယ်ဆိုတဲ့ အတွေးတွေက ဝင်ဝင်လာတယ်။ တနည်းပြောရင် Programming Logic အမျိုးမျိုး လှည့်မတွေးတတ်တော့ဘူးပေါ့။ ဒါကြောင့် state ကျောင်းတုန်းက စာအရမ်းတော်တဲ့သူတွေ computer လောက ထဲမှာ မတော်ကျများတယ်ဆိုတာကတော့ ငြင်းစရာရှိမယ်မထင်ဘူး။ ကျောင်းတုန်းကလည်း စာတော်တယ်။ Computer လောကမှာလည်း တော်တဲ့ သူတွေလည်း ရှိပါတယ်။ ဒါပေမယ့် နည်းတယ်လို့ ဆိုရလိမ့်မယ်။ နောက်ပြီး ကျွန်တော်နဲ့ သိတဲ့ Boss တော်တော်များများက ငယ်ငယ်က စာအရမ်းတော်တယ်ဆိုတာ မကြားမိဘူး။ သူတို့ ကျောင်တုန်းက ပေါက်ကရ လုပ်ခဲ့တဲ့ အကြောင်းလေးတွေ အားပါးတရ ပြန်ပြောတတ်တာတွေ ကို တွေ့ရတယ်။ သူတို့တွေလည်း ငယ်ငယ်တုန်းက အမှားတွေ လုပ်ခဲ့ကြတာပဲ။ လုပ်ခဲ့တဲ့ အမှားတွေကနေ အတွေ့အကြုံတွေ ယူပြီး တဆင့်ပြီး တဆင့် တိုးတက်လာအောင် ဖန်တီးလာကြတယ်။

အမှားဆိုတာက သင်ခန်းစာ ယူတတ်ရင် အကျိုးရှိပါတယ်။ မှားမှာ ကြောက်ပြီး ရှေ့ဆက် မတိုးရဲမှာက ဆိုးတာ။ Programming မှာလည်း ငါရေးလိုက်တာ မှားများမှားနေပြီလားတို့ Error တက်လာမှာ ကြောက်တတ်တို့ အကျင့်တွေ ရှိရင် စွန့်လွှတ်သင့်တယ်။ မှားလည်း ဘာဖြစ်လည်း ပြန်စစ်ပြီး ပြင်လိုက်ဖို့ လိုတယ်။ Product ဆိုရင်တော့ QA ကို ကောင်းကောင်း စစ်ဖို့ တော့ လိုတယ်။ QA အဆင့်မှာလည်း အမှားတွေ အများကြီးထွက်လာမှာပဲ။ ပြီးရင် UAT ရောက်ရင်လည်း client နဲ့ ကိုယ်နဲ့ နားလည်မှု လွှဲသွားတဲ့ အများတွေက ပေါ်လာမှာပဲ။ အမှားဆိုတာက အမြဲရှောင်နေလို့ မရဘူးဗျ။ MMTU မှာ ရေးထားတဲ့ အခြေခံက ဘာလို့ မတက်သေးတာလဲ ဆိုတဲ့ အထဲမှာ ကျွန်တော့် အမြင်တော့ အမှားကြောက်ခြင်း ကြောင့်လည်း ပါတယ်။ လူဆိုတာ မှားမှာ ကြောက်ကြတယ်။ ကိုယ် ဒီ langauge ကို လေ့လာပြီးမှ အဲဒီ language က လူမသုံးတော့ပဲ ကိုယ် ရွေးချယ်လိုက်တာ မှားမှာ ကြောက်တယ်။ အလုပ်ရှားတဲ့ language ကို မှားပြီး ရွေးချယ်မိမှာ ကြောက်တယ်။ အမှားတွေ ကြောက်နေခြင်းကလည်း ရှေ့မတက်နိုင်ခြင်းရဲ့ အကြောင်းတွေပဲ။

ဒီအတွေးကို ကျွန်တော် လွန်ခဲ့တဲ့ ၄ နှစ်လောက်ကရခဲ့တယ်ဗျ။ အတွေ့အကြုံလေး ထပ်ဖြည့်ပြောချင်တယ်။ အမှားကနေ သင်ခန်းစာယူရမယ်၊ မှားဖို့ကြောက်စရာမလိုဘူးဆိုတာ လက်ခံပေမယ့်။ ဘဝမှာ တစ်ခါပဲမှားလို့ရတဲ့ အမှားမျိုး။ သင်ခန်းစာထက် နောင်တပဲရနေမယ့် အမှားမျိုးတွေလည်းရှိတတ်တယ်ဆို တာမမေ့သင့်ဘူး။ အမှားဆိုတာ အစကတည်းက မမှားတာအကောင်းဆုံးပဲ။ တစ်ခါတစ်လေကျတော့ သူများမှားတာကို ကြည့်ပြီး သင်ခန်းစာယူတတ်ဖို့လိုတယ်လေ။ မှားမှာ ကြောက်လို့ ဘာမှမလုပ်ဘူးဆိုတာမျိုးလည်း မဖြစ်ရဘူး။ အလယ်အလတ်လမ်း လေးနဲ့တော့လုပ်ရမှာပေါ့ဗျာ။ — ကိုသာသာ

အမှားဆိုတာက ပြန်ပြင်လို့ရတဲ့ အမှားနဲ့ ပြန်ပြင်မရတဲ့ အမှားရှိတယ်။ ပြန်ပြင်မရတဲ့ အမှားမျိုးကို မလုပ်မိအောင် အခြားသူ အမှားတွေကနေ သင်ခန်းစာ ယူတတ်ဖို့လိုတယ်။ – saturngod

22 responses to “အမှား”

  1. ၈ တန်းတုန်းက ပထဝီ သင်တဲ့ဆရာမတစ်ယောက်ကိုသွားသတိရမိတယ် … အဲဒီဘာသာတောင် ၏ သည် မရွေးမှားလို့မရဘူး … :) မှားရင်အမှတ်လျှော့ခံရတယ် ..

    1. ငယ်ငယ်ကမြေပုံဆွဲလို့ မှားရင် အဲဒီနေရာမှာ အခုထိဒီမြေပုံထဲကအတိုင်း အတိအကျရှိသေးလို့လား ငါမှန်ရင်လ်မှန်းနိုင်တာပဲလို့ တွေးဖူးတယ်… :)

  2. မှားမှာ ကြောက်တာတော့ မပြောနဲ့ … မှားတာနဲ့ အခေါက်ခံရတာ … :)

    1. ဂွက်… ကဲ ခေါက်လိုက်ပြီ ;P

    2. creativefox21 Avatar

      ဂွက် … ထပ်ခေါက်လိုက်ပြီ :D

  3. ဟုတ်တယ် မှားမှာကြောက်လို့ ..ငြိမ်နေတာနဲ့ဘဲ။ confidence မရှိဘူးဆိုရမှာပေါ့။

  4. သင်ကြားတဲ့ဆရာနဲ့ ဆိုင်တယ်လို့ပဲ ယူဆမိပါတယ်.. ၈တန်းအထိတော့ ကျောင်းကအတိုင်းလိုက်လုပ်ခဲ့ပေမယ့် ကိုးတန်းဆယ်တန်းမှာ ကျူရှင်က ဆရာတွေကျေးဇူးကြောင့် ကိုယ်ပိုင်မူတော့ ရှိလာခဲ့တယ်..

    ဒီက Singaporean တွေလည်း အဲလို ၏သည်မရွေး မှတ်တဲ့သူတွေ တွေ့ရပါတယ်.. များသောအားဖြင့် programming မှာ school worksheet ထဲက အတိုင်း ကုဒ်ကို လိုက်ရေး.. လွဲလို့ error တက်တာနဲ့ သူတို့မှာ ဆက်မလုပ်ချင်တော့ဘူး. :D

  5. အမှားဆိုတာက သင်ခန်းစာ ယူတတ်ရင် အကျိုးရှိပါတယ်။ အရမ်းမှန်တယ်..
    မှားတာကို မှားမှန်းးသိပြီး..နောက်မမှားအောင် ပြုပြင်တက်ဖို့ လိုအပ်တယ်..
    မှားမှာ ကြောက်နေတာထက်..မှားနေတာကို မသိတာ ပိုဆိုးတယ်..

  6. ဘဝမှာ အခက်ခဲဆုံးပြဿနာပဲ… မှားလို့ ရိုက်ခံဆူခံရတာထက် စိတ်ပျက်သွားတဲ့မိဘမျက်နှာကို မမြင်ချင်ဆုံးပဲ… အဲဒါကြောင့်မမှားအောင် ဘာမှကိုမလုပ်တာ… Programming လုပ်တော့ …”အဲမှာစတွေ့တာပဲ” …. Brainwash လုပ်ခံထားရတဲ့ဦးနှောက်ကြီးကို Brainwash ပြန်လုပ်ရတာ လွယ်ဘူး…

  7. ဘာပဲပြောပြော ကျောင်းမှာကတော့ ကျက်နိုင်တဲ့သူကတော်ဆဲပါပဲ ကျက်နိုင်တဲ့သူကိုမှပဲ အထင်ကြီးဆဲပါပဲ :(

  8. VPS ပေါ်မှာ Hosting တစ်ခု Configure လုပ်ရင်း Check box လေးတစ်ခုကို Check လုပ်ထားခဲ့မိလို့ Email တွေ Send လုပ်လို့မရတဲ့ ပြဿနာကို တစ်နေကုန် အဖြေလိုက်ရှာခဲ့ရဖူးတယ်… အဲဒီအတွက် အဖြေလိုက်ရှာရင်း နောက်ထပ် အခြားနည်းလမ်းတွေ အများကြီးပါ ထပ်တွေ့တာမို့ တခါတရံမှာ အမှားတွေကို ဖြေရှင်းရတာက နောက်ထပ် အမှားတွေအများကြီး ထပ်မကြုံအောင် သင်ခန်းစာရပါတယ်…
    အမှားတွေနဲ့ ရင်ဆိုင်ရလေလေ အမှန်တရားနဲ့ ပိုနီးစပ်လေလေ ပါပဲခင်ဗျ :)

  9. creativefox21 Avatar

    ကျနော်ကတော့ “အမှားများမှ အမှန်နည်းမယ်”ဆိုတဲ့ ဆောင်ပုဒ်ကို ငယ်ငယ်ထဲက ဆွဲကိုင်ခဲ့လို့ အခု ကိုယ်လုပ်ချင်တဲ့ ဖြစ်ချင်တဲ့ designer ဖြစ်သွားတာပဲ :D

  10. ဒါကြောင့်ပြောပါတယ် မှားမှာမကြောက်ပါနဲ့လို့
    လူတိုင်းအမှားနဲ့မကင်းပါဘူး။အမှားရှိမှ အမှန်သိမှာ။
    Error တက်တိုင်းကြောက်နေဖို့မလိုပါဘူး။
    တခါတလေမှာ အမှန်တွေချည်းဖြစ်နေရင် တခါလေးမှားမှာကိုကြောက်နေတတ်တယ်..။
    မှားလို့ Error တက်လိုက်တဲ့အခါမှ နောက်ထပ် conditon တွေအများကြီးကို တွေးမိလာတယ်။
    ဒါကြောင့် တို့ကတော့မှားမှာလုံးဝမကြောက်ဘူး..

  11. creativefox21 Avatar

    အမှားကြိုက်တဲ့သူတွေ တော်တော်များတာပဲနော် … အပေါ်မှာ Like ထားကြတာ နည်းတာမဟုတ်ဘူး။ တော်တော်ဆိုးတဲ့ facebook like. နှိပ်လိုက်ပြီးမှ saithihazaw liked အမှား ဆိုတော့ … ဟီး ဟီး :D

  12. မှားမှာစိုးလို့ ဘာမှ မလုပ်ပဲ နေတဲ့ သူက ..

    ဘယ်တော့မှလည်း မှန်မှာ မဟုတ်ဘူး ဆိုလား …

    ကြားဖူးတာလေး ပြောပါတယ် …

    Mail ကတစ်ဆင့် ဖတ်နေဖြစ်ပါတယ် ကို စေ တန် …

  13. ကွန်ပျူတာစသုံးတုန်းကတော့ အဲဒီ Error ကြီးကိုတစ်အားကြောက်ခဲ့ဖူးတယ်
    နောက်တော့ အကောင်းကိုကလိတာ ဝါသနာပါလာတယ် … ကလိတော့ လနဲ့ချီပြီး ခေါင်းစားတယ်
    သိတဲ့လူတွေကိုလိုက်မေးတယ် … အဖြေထုတ်နိုင်တဲ့ခါကျတော့ … အရသာလေးက တစ်မျိုးလေးဗျ
    ကျွန်တော်သိလိုက်ရတာကတော့ ကွန်ပျူတာပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် အတွေ့အကြုံကပဲ ရင့်ကျက်အောင် စေတယ် ဆိုတာပဲ…. :)

    1. That is called Eureka factor.

      ယူရီးကားဆိုတာက ဟိုလူကြီး အာခိမီးဒီးစ် ရေချိုးခန်းထဲက အထွက်မှာ အော်တဲ့ဟာပေါ့။

      အဲဒီ ဖီလင်က မိုက်လွန်းတယ်၊ ခံစားရကောင်းတယ်လို့ ဆေးပညာအရ၊ လက်တွေ့လေ့လာမှု
      အရ သိလာရတော့ အခု နိုင်ငံခြားမှာ အဲဒီခံစားမှုနဲ့ စာသင်တာနဲ့ကို တွဲတွဲ သင်တယ်လို့
      ဟိုတနေ့က စာတမ်းတစ်စောင် ဖတ်လိုက်ရတယ်။

      ဆိုလိုတာက ပုစ္ဆာကိုပေး၊ ယူရီးကား ဖြစ်အောင် တွေးပေါ့။

      1. မိုက်တယ်.. ယူရီးကား ဖြစ်အောင် တွေးဆိုတာလေး သဘောကျတယ်..

  14. Program ရေးရင်လား … error မတက်ရင် ပိုပြဿနာကြီး ရှိတယ်။

  15. မှန်တယ်။ Pascal ကို ဆရာကောင်းနဲ့ တွေ့လို့ ဂျောင်းဂျောင်းပြေးအောင် (in DOS) မှာ ရေးနိုင်ခဲ့တယ်။ C/C++ (command-line again) ကို ဆရာ မညံ့တညံ့တွေရဲ့ အကူအညီနဲ့ ကိုယ့်ဘာသာကိုယ်လေ့လာတာမှာ အဆင်ပြေဆဲပဲ။ ဒါနဲ့ Visual Basic (first GUI programming in my life) ကို ကိုယ့်ဘာသာကိုယ် စလေ့လာတယ်။ စာဖတ်ပြီး မင်္ဂလာပါ ကမ္ဘာကြီး ပရိုဂရမ်ကို ရေးတယ်။ ဒေါင်ကနဲ error တက်တယ်။ သင်ဖူးတဲ့ programming တွေရဲ့ အတွေ့အကြုံအရ main function/procedure လိုက်ရှာတယ်။ မတွေ့ဘူး။ အဲဒီမှာ ဆိုက်ကို စဝင်တော့တာပဲ။

    ဒီနေ့အထိ IDE အသစ် မရေးရဲ၊ မစမ်းရဲဘူး။ အများကြီး အားထည့်ပြီး IDE installation and configuration of Hello World ကို လုပ်ယူရတယ်။ အဲဒါပြီးရင် စိတ်က ဈာန်ဝင်သွားပြီ။ ရေးလို့ရပြီ။ project အသစ်စမယ်ကြံတိုင်း စောစောက ဒေါင်ကနဲ ဖြစ်တဲ့ အတွေ့အကြုံက မသိစိတ်မှာ ချောက်လှန့်နေတယ်။ အဲဒီ ဒဏ်ကို နှစ်ပေါင်းများစွာ ခံရတယ်။ အခုမှ ကိုယ့်အကြောင်းကိုယ် နပ်လာလို့ ကိုယ့်ကိုယ်ကိုယ် I can I can ဆိုပြီး မနည်း အားပေးနေရတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading