Deadline ဆိုတာ ကြားရတာနဲ့ ကြောက်ဖို့ ကောင်းလှတယ်။ ကျွန်တော်တို့တွေ ငယ်ငယ်တုန်းကတော့ deadline ကို ဆရာမတွေက သတ်မှတ်ပေးတယ်။ ဘာ deadline လဲဆိုတော့ အိမ်စာတွေပေါ့။ အိမ်စာတွေပေးပြီး အိမ်မှာ တွက်ခိုင်း ကျက်ခိုင်း ဖတ်ခိုင်း နောက်နေ့ ပြန်ဖြေ ပြန်ဆို စသည်ဖြင့် deadline သတ်မှတ်ပေးတယ်။ နောက်ပြီးတော့ စာမေးပွဲဆိုတဲ့ deadline ။ သူကတော့ တကယ့် deadline အစစ်။ ရှောင်လို့လည်း မရ။ စောစောပြီးချင်လည်း မရ။ နောက်ကျမှ ပြီးလို့လည်း မရတဲ့ deadline အကြီးစားကြီးပဲ။

ငယ်ငယ်ကတည်းကနေ တက္ကသိုလ်ပြီးသွားတဲ့ အထိ deadline တွေကို ဆရာ ၊ ဆရာမ တွေ သတ်မှတ်ပေးတာ ဒါမှမဟုတ် စာမေးပွဲဆိုတဲ့ deadline တွေနဲ့ပဲ ကြုံတွေ့ခဲ့ရတယ်။ ကိုယ်တိုင် deadline သတ်မှတ်ပြီး လုပ်ရတာဆိုတာ မရှိသလောက်ပေါ့။ ငယ်ငယ်က မှတ်မိသေးတယ်။ ကျောင်းမှာ သချာၤ ပုစ္ဆာ တွေ အိမ်စာ အများကြီး ပေးတုန်းက အမေ့ကို စာ ခဏခဏ သွားသွားမေးဖူးတယ်။ နောက်ဆုံး အမေက အလွယ်ဆုံးနည်း ပြောလိုက်တယ်။ တိုး တာ ပါရင်ပေါင်း ။ ကွာခြားတာ ဆိုရင် နှုတ်ဆိုပြီး မှတ်ခိုင်းလိုက်တယ်။ ဒါနဲ့ နောက်ဆုံး စာကြောင်းကို ဖတ်။ တိုး တာ လား ကွာခြားတာလား။ ပြီးရင် နံပတ်တွေ ယူပြီး တွက်။ မြန်မြန်ဆန်ဆန်တော့ ပြီးသွားပါတယ်။ သို့ပေမယ့် မေးခွန်း ကို လုံးဝ ကို ကောင်းကောင်းနားမလည်လိုက်ဘူး။ နောက်ပြီး အမြှောက် အစား တွေ ပါလာတော့ နည်းနည်း ခေါင်းစားပြီး ဘာတွေ လုပ်မရမှန်း သေချာ မသိတော့ဘူး။

Dead Line တစ်ခုကို သတ်မှတ်တဲ့ အခါမှာ တစ်ယောက်နဲ့ တစ်ယောက်က တူမှာမဟုတ်ဘူး။ ဆရာ ၊ ဆရာမတွေ အတွက် ပေးလိုက်တဲ့ သချာၤ ပုစ္ဆာတွေက ၁ နာရီ တည်းနဲ့ အကုန် ထိုင်တွက်နိုင်ပေမယ့် အခုမှ စသင်ကာစ ကလေး တစ်ယောက်အတွက် များချင်များနေမယ်။ တနည်းပြောရင် အမြန်တွက်နိုင်အောင် သူ့ဘာသာသူ နည်းလမ်းတွေ ရှာလိမ့်မယ်။ အဲဒီ နည်းလမ်းက အမြဲတန်း တရားသေ မှန်မယ်လို့ အာမခံ လို့ မရဘူး။ သချာင်္ပဲ များများတွက်လေ ကောင်းလေလေ ဆိုတာ မှန်ပေမယ့် တစ်ယောက် နဲ့ တစ်ယောက် တွက်နှုန်း ကြာချိန် စဉ်းစားချိန်တွေ ကွာတယ်။ ဒါကြောင့် အများအတွက် dead line ကို သတ်မှတ်တဲ့ အခါမှာ အားလုံးအတွက် ခြုံပြီး သတ်မှတ်မှသာ သင့်တော်တယ်။

မှတ်မှတ်ရရ ဆယ်တန်း စာမေးပွဲ ဖြေတုန်းက သင်္ချာ ဖြေတာ ၁ နာရီ ခွဲပဲ ကြာတယ်။ ၁ နာရီ ခွဲနဲ့ ပြီးအောင် တောက်လျှောက် ကျင့်ထားတာ ကြောင့်လည်းပါတယ်။ တနည်းပြောရင် အတွေ့အကြုံတွေ ရှိနေတဲ့ အခါမှာ ကိုယ်ပြီးမယ့် deadline ကို ကောင်းကောင်းသိတယ်။ အတွေ့အကြုံမရှိတဲ့အခါမှာ dead line ကို သတ်မှတ်ဖို့ ခက်ခဲတယ်။

ဘဝမှာ တောက်လျှောက် တစ်ခြားသူ သတ်မှတ်ထားတဲ့ dead line နဲ့ ရှင်သန်လာပြီးတော့ လုပ်ငန်းခွင်ရောက်တဲ့ အခါမှာ မင်း ဘယ် နှစ်ရက်ကြာရင် ပြီးမလဲ ဆိုတဲ့ မေးခွန်းက တော်တော်ဖြေဖို့ ခက်တဲ့ စကားလုံးပဲ။ နာရီ အတိ အကျ လည်း ပြောရခက်တယ်။ တစ်ခါမှာ လုပ်ဖူးတဲ့ အတွေ့အကြုံ မရှိရင် ဘယ်လို ပြောရမှန်း ကို မသိအောင်ပဲ။ ကိုယ် ထင်တဲ့ အချိန် မှန်းပြောပေမယ့်လည်း အမြဲတန်းလိုလို လွှဲနေတတ်တယ်။

Programming က ကြီးလာလေလေ ရှုပ်ထွေးလာလေလေပဲ။ အထူးသဖြင့် လူ ၂ ယောက် သို့မဟုတ် ၃ ယောက်လောက် ဝိုင်းရေးထားတဲ့ program ဆိုရင် တော်တော်လေးကို ရှုပ်ထွေးလာပါတယ်။ ဒါကြောင့် deadline ကို ဘယ်လို သတ်မှတ်ရမလဲဆိုတာကို စဉ်းစားမိတယ်။ ကျွန်တော်လည်း အမြဲတန်းလိုလို deadline တွက်တာ လွဲနေတတ်တယ်။ ဒါကြောင့် မနေ့က ခွင့်ယူပြီးတော့ deadline နဲ့ ပတ်သက်ပြီး လေ့လာမိတယ်။ ကျွန်တော်တို့ deadline ကို ဘယ်လို တွက်သင့်သလဲ။

Deadline ပြဿနာ ရဲ့ အဓိက တော့ Project Management နဲ့ သက်ဆိုင်တယ်။ Project Manager က မှန်ကန် ထိရောက်တဲ့ Management မရှိတဲ့ အခါမှာ deadline ပြဿနာတွေ ဖြစ်လာတော့တာပဲ။ နောက်ပြီး ကိုယ့် Deadline ကိုယ် သတ်မှတ်တဲ့ အခါမှာလည်း အဲဒီ ပြဿနာ ဖြစ်နိုင်ပါတယ်။

ပထမဆုံး Deadline သတ်မှတ်ဖို့ အတွက် task အားလုံးကို ချရေးထားသင့်တယ်။ task တွေရဲ့ duration တွေ ကိုလည်း သတ်မှတ်ထားသင့်ပါတယ်။ tasks တွေကို ချရေးတဲ့ အဆင့်က အရေးကြီးပါတယ်။ တစ်ဆင့် သာ ကျန်ခဲ့ရင် Deadline က ရက်တွေ လွှဲကုန်ပါလိမ့်မယ်။

ရက်တွက်တဲ့ အခါမှာ ကြားနေချိန် ကို ထည့်တွက်ပါ။ ကြားနေချိန် ဆိုတာက အမြန်ဆုံး နဲ့ အကြာဆုံး ကြားက အချိန်ပေါ့။ ဥပမာ။ ကျွန်တော် database နဲ့ ချိတ်တဲ့ အပိုင်းကို အမြန်ဆုံး ၁ နာရီ ကြာမယ် အကြာဆုံးကတော့ ၄ နာရီ ကြာမယ်။ ဒီတော့ ၃ နာရီ ကြာမယ်လို့ သတ်မှတ်လို့ရပါတယ်။

Task တစ်ခု ခြင်းဆီမှာ ထပ်ပြီးတော့ မှီခို task တွေကို ထည့်သွင်း စဉ်းစားဖို့လိုပါတယ်။ ဥပမာ။။ UI Design ပိုင်းက Designer မပြီးသေးရင် လုပ်လို့ မရဘူး။ Client ဆီက requirement တွေ မရမခြင်း code စရေးလို့ မရဘူး။ စတာတွေကို ထည့်သွင်း စဉ်းစားထားဖို့ လိုပါတယ်။ ဒီလို ကြားမှာ တစ်ခုခုကို စောင့်နေချိန်မှာ ဘာတွေ လုပ်လို့ ရမလဲဆိုတာကိုလည်း ထည့်တွက်ရပါအုံးမယ်။ အားလုံးပြီးမှ ခန့်မှန်း အချိန်ကို ထွက်လာနိုင်မှာပါ။

နောက်ပြီးတော့ Programmer / Developer ဆိုပေမယ့်လည်း Project Management တွေကို ဖတ်ထား လေ့လာသင့်ပါတယ်။ တစ်ကယ်လို့ Project Manager က တိကျတဲ့ project management တစ်ခုကို မကျင့်သုံးထားရင်တော့ ကိုယ့် project ကို ပိုင်နိုင်စွာ လုပ်နိုင်ဖို့အတွက် ဖတ်ထားသင့်ပါတယ်။ တစ်ရက်လောက် နားပြီးတော့ ကိုယ့် deadline အကြောင်း ကိုယ့်ဘာသာကိုယ် စဉ်းစားရင်းနဲ့ ဖတ်မိထားမိတာလေးတွေ ပြန်မှတ်ထားလိုက်တာပါ။

2 responses to “Deadline”

  1. ဒီပို့စ်နဲ့တော့ဘာမှမဆိုင်ဘူး ဒါပေမယ့်နောက်ဆုံး ပို့ ဆိုတော့ အကိုဖတ်ဖြစ်မယ်ထင်လ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ web developer လစာဘယ်လောက်ရနိုင်လဲသိချင်လို့ပါ

    1. ကျွန်တော် မသိပါ။ ကျွန်တော် ပြည်တွင်းမှာတုန်းက freelance ပဲ လုပ်ခဲ့တော့ လစာ ဘယ်လောက်ရလဲဆိုတာကို မပြောတတ်ပါ။ လွန်ခဲ့တဲ့ ၁ နှစ်ကျော်တုန်းကတော့ ကျွန်တော့် သူငယ်ချင်းတွေ စစဝင်ခြင်းမှာ ၇ သောင်း ရတယ်ဆိုတာလောက်ပဲ သိပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.