ဟိုနေ့က ကိုပီဇီ နဲ့စကားပြောဖြစ်သေးတယ်။ ကျွန်တော်က ရန်ကုနု်မှာ လူငယ်တွေကော ဘယ်လိုလဲလို့ မေးလိုက်တော့ … ကိုပီဇီက အားမလို အားမရတွေဖြစ်နေတယ်။ ၁၀ တန်းပြီးမှ computer အခြေခံစသင်ရတာနဲ့ အင်္ဂလိပ်စာ အခြေခံပြန်သင်ရတာကို မကျေမနပ်တွေ ဖြစ်နေတယ်။ ၁၀ တန်းပြီးပြီဆိုရင် အင်္ဂလိပ်စာ အခြေခံနဲ့ computer အခြေခံ ကို သင်တာ နောက်ကျနေပြီဗျ။ ကျွန်တော်တို့တွေ အသက်အရွယ်ကြီးတဲ့ အထိ ရှေ့မတက်နိုင်တာက ၁၀ တန်းပြီးမှ အခြေခံ စတာကြောင့်လည်း ပါတယ်ဆိုတာ မမှားဘူး။ ၁၀ တန်း ပြီးဆိုတော့ ၁၆ နှစ် ပေါ့။ ၁၆ နှစ်မှာမှ Word , Excel , Powerpoint တွေ စသင်ခိုင်းတာက အလွန်ကို နောက်ကျနေပြီလို့ ဆိုလို့ရပါတယ်။ computer ကို ဝါသနာပါတယ်လို့ ပြောပေမယ့် တယ်လည်း ခက်သား။ ဘာ ဝါသနာ ပါလဲဆိုတာကိုလည်း ရှင်းဖို့ ခက်သား။ ၁၀ တန်းပြီးတဲ့ ကလေးတွေ computer ထဲကို ရောက်လာတာကလည်း Hacker ဖြစ်ချင်လို့ နောက်ပြီး Game Developer ဖြစ်ချင်လို့ စတာတွေလောက်နဲ့ ပဲ ရောက်လာတာ။ အမှန်တိုင်းဆိုရင် emo တို့ အရွယ်လောက် ကတည်းက word, excel တို့ အပြင် HTML , CSS အနည်းငယ်လောက်တော့ မတတ်ရင်တောင် သိထား နားလည်ထားသင့်ပြီ။
မိဘတွေ အနေနဲ့ကလည်း ခက်သား။ computer လုပ်ရင် မျက်စိပျက်မယ်။ စာလုပ်ချိန်တွေ ပျက်မယ်လို့ တွေးထင်ထားတော့ ကျောင်းသား ဘဝမှာ computer ကို သေချာမသုံးဖြစ်တာလည်း ပါမယ်။ အဲဒီ အကြောင်းကို ကိုပီဇီ လူကြီး ဖတ်စာ ဆိုပြီး ရေးထားတယ်။ အမှန်ပဲဗျ။ လူကြီးတွေ အမြင်ပြောင်းသင့်နေပြီ။ နည်းပညာ အကြောင်းတွေကို ကျွန်တော်တို့ ရေးနေတာတွေ လူငယ်တွေ အတွက်ဆိုတာထက် လူကြီးတွေ အတွက်ပါ ပြောင်းလဲ ရေးသင့်ပြီ။ ကလေး မိဘတွေကို နားလည်အောင် ရှင်းပြဖို့ လိုလာပြီ။ emo လေး ရဲ့ မိဘလိုမျိုး မိဘ ကတော့ ရှားတယ်။ သူလုပ်ချင်တာ လုပ်ခွင့်ပေးထားသလို သူ့ကလေးကိုလည်း ယုံကြည်မှု ရှိတယ်။ မနှစ်တုန်းက ရန်ကုန်ပြန်တုန်းက emo အမေ နဲ့ စကားပြောဖြစ်တယ်။
ကလေးက ဝါသနာပါတော့ သူ ဝါသနာပါတာကို ဖြစ်အောင် လုပ်ပေးချင်တယ်။ အန်တီ တို့လည်း အဲဒီဟာတွေ နားမလည်ဘူး။ ဒါကြောင့် သူ့ကိစ္စကို ဟိုဟာလုပ် ဒီဟာလုပ်ဆိုပြီး ဝင်ပြီး မစွက်ဖက်ဘူး။ စာလုပ်ချိန်မှာ စာလုပ်ရင် တော်ပါပြီ ။ ဒါကြောင့် ကျွန်တော်တို့ ဆိုင်ဖွင့်တုန်းက ကျွန်တော်တို့နဲ့ အတူတူနေဖို့ လွှတ်ထားပေးတာပါ လို့လည်း ဆိုပါတယ်။ အဲဒါလည်း ဟုတ်တာပဲ။ emo ဆို အခု သူ computer မှာ ဘာကို စိတ်ဝင်စားတယ်ဆိုတာ သူသိသွားပြီ။ programming ဝါသနာမပါဘူး။ web design ကို သဘောကျတယ်ဆိုတာ သူနားလည် သွားပြီ။ သူ့ကို ကျွန်တော် programming သင်ပေးသေးတယ်။ သူ့ကို HTML နဲ့ CSS သင်သလို မလွယ်ဘူး။ သူကြိုးစားပြီး လိုက်လုပ်ပါသေးတယ်။ နောက်တော့ ကျွန်တော် ဝါသနာ မပါဘူးဆိုတာနဲ့ ဆက်မသင်တော့ဘူး။ ဆိုင်ဖွင့်တုန်းက network တွေ လုပ်တုန်းကလည်း သူ့ကို ရှင်းပြပေးဖြစ်တယ်။ ချိတ်ပုံချိတ်နည်းနဲ့ ကြိုးညှပ်ဖို့နည်းတွေလည်း ပြပေးတယ်။ သူဝါသနာ မပါ။ နောက်ပြီး computer ပျက်တာတွေကို ဘယ်လို ပြင်ရသလဲ။ memory က ဘာ harddisk က ဘာ။ motherboard က ဘာဆိုတာလည်း ပြပေးခဲ့တယ်။ သူ အဲဒါကိုတော့ သူ နည်းနည်း ဝါသနာပါတယ်။ နောက်တော့ သူ့အစ်မ အိမ်က computer တစ်ခုခုဖြစ်ရင် သူပဲ လုပ်ပေးနေတာပဲ။ ၁ နှစ်ကျော်ကျော်လောက် သူလည်း လေ့လာဖြစ်လိုက်တော့ ဘာဝါသနာပါလဲဆိုတာ သူလည်း သိသွားတယ်။
Web Design ပိုင်းကိုပဲ သူလေ့လာတော့တယ်။ Web Design ပိုင်းကိုပဲ သူဖတ်ဖြစ်တော့တယ်။ Web Design ပိုင်းကတော့ ကျွန်တော်လည်း မကူပေးနိုင်ပါ။ ဒါကြောင့် သူ့ဘာသာသူ internet မှာ ဖတ်တယ်။ လေ့လာတယ်။ ဘာပဲပြောပြော ဒီအရွယ်မှာ computer ဝါသနာပါတယ်။ ကိုယ် ဘယ်လိုင်း ဝါသနာပါလဲဆိုတာကို သိသွားတော့ ကျွန်တော်တို့ ထက်သာသွားပြီ။ ၁၀ တန်းပြီးမှ computer အခြေခံစတယ်။ ဘာ ဝါသနာပါလဲ။ ဘာလိုင်းတွေ ရှိလဲဆိုတာကို သိဖို့ အတွက် စမ်းဖို့အတွက် အချိန် ၁ နှစ်လောက်ပေးရတယ်။ တစ်ခါတစ်လေ ၂ နှစ်လောက်ပေးရတယ်ဗျ။ ဒါဆိုရင် စဉ်းစားကြည့်ပေတော့။ အဲဒါ computer အခြေခံကို ငယ်စဉ် ကတည်းက သေချာမသိခဲ့တာတွေကြောင့်လည်း ပါတယ်။ computer အခြေခံကို တတ်ထားရင် computer ဝါသနာပါလား မပါဘူးလားဆိုတာလည်း သိနိုင်တယ်။ တော်ပြီ။ ငါ office suite လောက်ပဲ သုံးချင်တာ။ ဒါကြီးနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ဖို့ ဝါသနာမပါဘူး။ ဒါက ၁၀ တန်းမပြီးခင်ကတည်းက သိရမှာ။ အဲဒါကို မသိပဲ ၁၀ တန်းပြီး computer တက္ကသိုလ်တက်။ ၃ နှစ် အချိန်ကုန်ခံ ဘွဲ့ယူ။ ဝါသနာက မပါ။ ဒါကြောင့် average အဆင့်ကိုတောင် ရောက်ဖို့ ခက်ကုန်ကော။
နောက်ပြီး computer သုံးပြီးဆိုရင် English ကို သုံးတာဖြစ်တဲ့အတွက် ကလေးကို dictionary ကြည့်နည်းတွေ သင်ထားပေးလို့ရတယ်။ ကလေးတွေ အတွက် education game တွေ ဆော့တဲ့အခါ မသိတဲ့ English စာလုံးတွေကို ကိုယ့်ဘာသာကိုယ် dictioanry နဲ့ ရှာတတ်လာအောင် သင်ထားပေးလို့ရတယ်။ အခြေခံ English စာအဆင့်ကတော့ ကျွန်တော်လည်း အကြံမပေးတတ်ပါ။ ကျောင်းမှာ သူငယ်တန်း အပါအဝင် ၁၁ နှစ် သင်ခဲ့ပြီးမှ ဘာလို့ အခြေခံ English စာ ပြန်တတ်လည်းဆိုတော့ နားမလည်သေးပါ။ IELTS တို့Tofel တို့ တက်တာကိုတော့ လက်ခံလို့ရပါတယ်။ သို့သော် အခုမှပြန်ပြီး English စာ အခြေခံ အဆင့်ပြန်တက်တာတော့ နားမလည်သေးဘူး။ ကျွန်တော်လည်း English စာ ပိုင်း ကောင်းကောင်းမကျွမ်းကျင်တော့ အကြံမပေးတတ်ဘူး။
အင်း .. ကျွန်တော့် blog ကို ဖတ်တဲ့သူလည်း computer ဝါသနာပါတဲ့ သူတွေပဲ နေမှာပါလေ။ ကိုယ့်ပတ်ဝန်းကျင်မှာ ကလေးကို computer မကိုင်ခိုင်းတာ။ computer မသုံးခိုင်းတာတွေရှိရင် မိဘတွေကို ပညာပေးပြီး ဆွေးနွေးပေးဖို့တော့ လိုနေပြီထင်တယ်။ မျက်စိပျက်တာ ဘယ်လို ကာကွယ်နိုင်လဲ။ ဥပမာ CRT အစား LCD သုံး။ ၁ နာရီ လောက်သုံးပြီးရင် ၁၅ မိနစ်လောက် နားတာမျိုးပေါ့။ နောက်ပြီး ကျန်းမာရေး အတွက် ဘယ်လိုမျိုး အနေအထား သုံးသင့်တယ်။ တနည်းပြောရင် computer သုံးတာ computer သုံးတတ်အောင် ကလေးကို သင်ပေးတာ ကလေး ဒုက္ခမဖြစ်စေဘူး။ ကလေးတွေ ဉာဏ်ကစားလို့ ကောင်းတဲ့ education game တွေ memory game လေးတွေ ရှိတာမျိုးလေးတွေလည်း ပြောပြသင့်တယ်။ ဒါဆိုရင် computer နဲ့ အသက်မွေးဝမ်းကြောင်း ပြုချင်လား မပြုချင်ဘူးလား။ computer ကို စွဲလမ်းလား။ မစွဲလမ်းဘူးလားကို ၁၀ တန်း မတိုင်ခင်ကတည်းက သိနေပြီ။ သိနေရင် computer တက္ကသိုလ် တက်သင့် မတက်သင့် ကိစ္စဆွေးနွေးနေဖို့ မလိုတော့ဘူး။ နောက်ပြီး အခြေခံ အဆင့်တွေကို လျော့ချနိုင်ပြီး ဒီထက် အဆင့်မြှင့်တာတွေကို ၁၀ တန်းပြီးတာနဲ့ လေ့လာလို့ ရနိုင်ပြီ။ ဒါတွေကို မိဘတွေကို သိစေချင်တယ်။ ကိုပီဇီ ရဲ့ လူကြီး ဖတ်စာ မျိုးက မိဘ မျိုးတွေနဲ့ တွေ့ရင်လည်း ကိုပီဇီ ပြောသလို ပြန်လည် ဆွေးနွေးပေးသင့်ပြီး အခြေခံ အဆင့်တွေကို လျော့ချနိုင်အောင် ကြိုးစားသင့်ပါတယ်။
Leave a Reply