ဒီနေ့ ရုံးမှာ အလုပ်အတူတူလုပ်တဲ့ အစ်မက မေးတယ်။ Programming ကို ဝါသနာပါတာမဟုတ်ဘူးလားတဲ့။ အဖြေကတော့ မဟုတ်ပါ။ လူအများစုကလည်း ကျွန်တော် programming ပိုင်း ဝါသနာ ပါတယ်လို့ ထင်ရင် ထင်စရာပါပဲ။ ကျွန်တော့် ဝါသနာဟာ ဘာလဲလို့ ကိုယ့်ဘာသာကိုယ် စဉ်းစားမလို့ ကြံတုန်း ခေါင်းထဲမှာ စဉ်းစားဖို့တောင် မလိုပဲ ဝင်လာပါတော့တယ်။
တကယ်တန်း ကျွန်တော် ဝါသနာပါတာက စာဖတ်တာနဲ့ဖတ်တဲ့စာကို ဟုတ်မဟုတ် စမ်းမယ်။ အဲဒါလေးပဲလုပ်ချင်တာ။ အားရင် အသစ်လေးတွေ ထွင်ကြည့်ချင်တယ်။ programming ကို အဓိက လုပ်ဖြစ်သွားတာလဲ programming က စာဖတ်ရတယ်။ ပြီးရင် စမ်းကြည့်ရတာ။ အဲဒါကြောင့် တဖြည်းဖြည်း programming လိုင်းရောက်သွားတာပဲ။ နောက်ပြီး သူက ကိုယ်ပိုင် တီထွင်မှုတွေ လုပ်လို့ရတာလဲပါတော့ program ရေးရတာ ပျော်တာပေါ့။ ငယ်ငယ်တုန်းက သိပ္ပံ သင်ရရင် အရမ်းပျော်တာ။ ပြီးရင် အိမ်ရောက်ရင် ပြန်စမ်းပေါ့။ နောက်ပြီး သင်တဲ့ဟာတွေကို မယုံရင် လူကြီးတွေကို လိုက်မေး။ ဟုတ်မဟုတ် သေချာအောင်စမ်းကြည့်ရတာကို သဘောကျခဲ့တာ။ နောက်ပြီး ကိုယ့်ဘာသာကိုယ် ငယ်ငယ်တုန်းက ပေါက်ကရ လုပ်ခဲ့တာ မှတ်မိသေးတယ်။ wire ကြိုးကို battery မှာ ဆက်ပြီး မီးလုံးနဲ့ ချိတ်လိုက်ရင် မီးလင်းတာ သင်ရတာ မှတ်မိသေးတယ်။ အဲတုန်းကလည်း wire ကြိုးပူလာတာကို တွေ့လို့ battery အများကြီးနဲ့ စမ်းကြည့်သေးတယ်။ မီးဖို တွေလိုများဖြစ်မလားလို့ပေါ့။ အခုအချိန်မှာ ပြန်တွေးကြည့်ရင် တော်တော်ရယ်ရတာပဲ။ အဲတုန်းက Battery တွေ အများကြီးကို စု။ တစ်ယောက်တည်း ဝါယာကြိုးတွေနဲ့တန်းစီ ချိတ်ကြည့်။ အပူအချိန်ဘယ်လောက် ရှိလဲဆိုတာ လက်နဲ့ ကိုင်ကြည့်။ တော်သေးတာပေါ့။ battery မို့လို့ ။battery အိုးတာဆိုရင် သေသွားလောက်ပြီ ထင်တယ်။ အဲ.. အဲလို အပူကို လက်နဲ့ ကိုင်ကြည့်တာ ဘယ်လောက်ထိ ဆိုးလဲဆိုတော့ ကားမီးခြစ်က ဘယ်လောက်ထားရင် ဘယ်လောက်ပူမလဲသိချင်လို့လက်နဲ့ ကိုင်ကြည့်တာ လက်လောင်သွားပါလေရော။ အပူဖုကြီး အကြီးကြီး ထလာတာ။ ဆေးတော်တော်လေး လိမ်းယူလိုက်ရတယ်။ ခရီးသွားတဲ့ အချိန်မှာ လက်တဲ့ စမ်းကြည့်တာဆိုတော့ လူကြီးတွေတော့ တော်တော်စိတ်ညစ်လိုက်ရမှာပဲ။
၁၀ တန်းအောင်တော့ ပထမဆုံး programming က စတွေ့ဖူးတာပဲ။ ဘာကြောင့် programming ကို သင်ဖြစ်လဲဆိုတော့ computer ပေါ်မှာ အရုပ်လေးတွေ လှုပ်ရှားနေတာ ဘာဖြစ်လို့လည်းသိချင်လို့။ နောက်ပြီး Game တစ်ခုကို ဘယ်လို ဖန်တီးရလဲဆိုတာ သိချင်တာနဲ့ programming တတ်ရင် အဲဒါတွေ သိမယ်ဆိုလို့ စတတ်ဖြစ်သွားတာပဲ။ အဲတုန်းက Programming တက်မလား Hardware တက်မလား Network တက်မလား ရွေးချယ်ရတဲ့ အချိန်ပေါ့။ Programming သင်ရတာ ပျော်ဖို့ ကောင်းတာက အဲတုန်းက Pseudo သင်တဲ့ ဆရာမ အစ်မ အေးမွန် သင်တာ တော်တော်ကောင်းတာကြောင့်လည်း ပါတယ်။ နောက်ပြီး Group work တွေ လုပ်ရတာကြောင့်လည်း ပါတာပေါ့။ သင်တယ်။ ဖတ်ကြည့်တယ်။ နောက်ပြီး ဒီလို လုပ်တာ မှန်လားလို့ မေးတယ်။ ဒါမှမဟုတ် ဒီလို လုပ်ရင်ကော မဖြစ်နိုင်ဘူးလားလို့ မေးတယ်။ ဆရာမလည်း သေသေချာချာ ရှင်းပြတော့ programming ကို တော်တော်ကို လုပ်ဖြစ်ခဲ့တာ။ မပြောချင်လည်း ပြောရအုံးမယ်။ first year တုန်းကပေါ့ ကျွန်တော်နဲ့ DSE အတူတူတက်ခဲ့တဲ့ သူငယ်ချင်းက ကျောင်းက ဆရာမကို စာသွားမေးတယ်။ else if နဲ့ ပြောင်းရေးရင်ကော ရလားဆိုတော့ စာထဲမှာ သင်တဲ့အတိုင်းပဲလုပ်တဲ့။ university နဲ့ Diploma သင်တန်း အဲဒါတွေ ကွာတာလားတော့ မသိပါဘူးလေ။ First Year က စာမေးရတာ တော်တော်လက်ပေါက်ကပ်တဲ့ နှစ်လို့ ဆိုရမယ်။ မေးလိုက်တိုင်း သင်တဲ့အတိုင်းပဲ မှတ်ဆိုတာကြီးပဲ။ အဲလို လုပ်လိုက်တော့လည်း ကောင်းတာပေါ့။ BC ကနေ စာအုပ်တွေ ငှားဖတ်ပြီး ကိုယ့်ဘာသာကိုယ် စမ်းဖြစ်သွားတာပဲ။ အဓိက programming ကို အခုအချိန်ထိ သဘောကျပြီး လုပ်ခဲ့တာက ဝါသနာ ဆိုတာထက် ငါဒါရချင်ရင် ဒါကို လုပ်ရမယ်ဆိုတဲ့ သဘောတရားကြောင့်ရယ် နောက်ပြီး စာဖတ်ပြီး စမ်း။ မရရင် ဘာကြောင့် မရလည်း error ရှာရတာကြောင့်လို့ဆိုရလိမ့်မယ်။ တနည်းပြောရင် စာဖတ်ပြီး လက်တွေ့စမ်းရတဲ့ ဝါသနာကြောင့်ပေါ့။
အခုနောက်ပြီး အလုပ်လုပ်တော့ ဝါသနာပါတာ လုပ်ရတာ မဟုတ်တော့ဘူး။ ခိုင်းတာ လုပ်ရတဲ့အခြေအနေအဖြစ် ပြောင်းလဲသွားပြီ။ ရန်ကုန်မှာ လုပ်ခဲ့တုန်းကလည်း ကိုယ်လုပ်နိုင်တာကိုပဲ လုပ်ခဲ့တာလေ။ မလုပ်နိုင်တာကို မလုပ်။ ဒီရောက်တော့ မကြိုက်တာလည်းလုပ် ကြိုက်တာလည်း လုပ်ပေါ့။ ဥပမာ။။ facebook api တို့ google api တို့ဆို သဘောကျတယ်။ ကိုယ့်ဘာသာကိုယ် ရှာဖတ်ပြီး စမ်း။ အဲလိုမျိုးလေး လုပ်ရတာ ပျော်ဖို့ကောင်းပေမယ့် WordPress လိုမျိုး တော်တော်များများ သိပြီးသား အပိုင်းကြီးကို ထပ်ခါ ထပ်ခါ လုပ်နေရတာကလည်း ပျင်းဖို့ကောင်းပြန်ကော။ နောက်ပြီး သဘောမကျတဲ့ Drupal ကြီးကို လုပ်ရတာလောက် မုန်းတာမရှိဘူး။ နောက်ပြီးတော့ အနောက်ကနေ push လိုက်လုပ်နေတာလောက် သောက်မြင်ကပ်တာမရှိဘူး။ ဒါကို ဒီအချိန်ပြီးမယ်လို့ ပြောထားရင် ပြီးအောင် လုပ်ပေးနိုင်တယ်။ အနောက်ကနေ push လိုက်လုပ်နေရင် မလုပ်ပဲနဲ့တောင် ပစ်ထားလိုက်ချင်တယ်။ အဲလို push လုပ်လေ လူက လုပ်ချင်စိတ်ပျောက်လေလေပဲ။
အလုပ်ထဲရောက်တော့ ဝါသနာ ပါရာ မလုပ်ရပဲ အလုပ်တွေလုပ်ရတာပေါ့။ နောက်ပြီး အခုရေးခဲ့တဲ့ GAPI ရေးရတာ တော်တော်လေးကို မိုက်တယ်။ စာတွေ အများကြီးဖတ်ရတယ်။ AuthSub နဲ့ oAuth အကြောင်းကို ၁ လလောက် ဖတ်လိုက်ရတယ်။ နောက်ဆုံး Google က မထုတ်ပေးထားတဲ့ PHP client library ကို ကိုယ့်ဘာသာကိုယ်ရေးရတယ်။ ခက်တာက အဲဒါက ကိုယ်မပိုင်ဘူးလေ။ ရုံးက ပိုင်တာဖြစ်သွားရော။ စာဖတ်တာလည်း ရုံးအချိန်မှာ။ class library ရေးတော့လည်း ရုံးအချိန်မှာ။ ရုံးက လိုအပ်လို့ရေးပေးရတာ။ ဒါပေမယ့် အဲလို စာဖတ်ပြီး တစ်ခုပြီးတစ်ခု လိုက်စမ်းလိုက်ရေးလိုက် လုပ်နေရတာကတော့ အခြား project တွေထက် လုပ်ရတာ ပိုသဘောကျတယ်။ ခက်တာက dead line ပဲ။ စာတစ်ခုကို သေချာအောင် ဖတ်ဖို့ အချိန်မရှိဘူး။ အပေါ်ယံ ရှပ်ဖတ်ပြီး လိုအပ်မယ် ထင်တာတွေပဲ သေချာဖတ်ရတော့ လွတ်သွားတဲ့အပိုင်းလေးတွေ အများကြီးရှိတာပေါ့။ အဲလို အလုပ်ကျတော့ပြန်လည်း ဝါသနာပါရာလုပ်ပြီး ကိုယ်မပိုင်နဲ့ဟာကို အချိန်တွေအများကြီးပေး ခေါင်းစားခံပြီး ရေးခဲ့ရတာတွေပေါ့။ အဲဒီ library ရေးတုန်းကဆို အိမ်ရောက်လည်း စာထပ်ဖတ်ပဲ။ တစ်ခုခု လွတ်ပြီး ကျန်ခဲ့လို့ စမ်းမရမှာ အရမ်းကြောက်တာလည်း ပါတာပေါ့။
တချိန်ရောက်ရင်တော့ စာလေးဖတ်လိုက်။ စာလေးရေးလိုက်။ ဟိုဟာလေး စမ်းလိုက်။ ဒီဟာလေး စမ်းလိုက်။ ဘဝကြီးကို အေးအေးလူလူလေး ဖြတ်သန်းရမယ့် အချိန်ကို မျှော်လင့်ရင်းပေါ့…. အခုအချိန်မှာ ရတဲ့လခက ဘာမှ မသုံးပဲနဲ့တောင် ဘာမှမစုမိဘူး… ဘာကြောင့် မစုမိလဲဆိုတာကတော့ မရှင်းပြချင်တော့ပါဘူး.. ရှင်းပြဖို့လည်း မလိုဘူးလေ… တချိန်ချိန်ပေါ့… တချိန်ချိန်ပေါ့… ဝါသနာပါတာလေးတွေ ပြန်လုပ်ခွင့်ရမယ့် အချိန်ကိုပေါ့….. မျှော်လင့်ရင်း…
Leave a Reply