တစ်ပတ်စာ အကျဉ်းချုပ် – ၁

၁။ ရန်ကုန် ဘဆွေရဲ့ မြန်မာပြည်သား စာအုပ် ဖတ်ပြီးပြီ။ ရိုးရာဓလေ့ထက်စာရင် ဆင်ဖြူရှင်လက်ထပ် တိုင်းပြည်အခြေအနေ စစ်အခြေအနေတို့ကို ရေးထားတာကို သဘောကျတယ်။ ဇာတ်အိမ်ဖွဲ့ထားမှု ခိုင်ခံတယ်။ ဝမ်းနည်းတာက အဲလိုမျိုး ဝတ္ထုကောင်းကို မြန်မာတွေ ပြန်မရိုက်နိုင်ဘူး။ ရိုက်ရင်လည်း ကျန်စစ်မင်း ရုပ်ရှင်လို ဖြစ်သွားမှာ စိုးရတယ်။

၂။ Startup အကြောင်းရေးပေးပါဆိုပြီး ကိုပီဇီ ကပြောတာနဲ့ စာတွေ တော်တော်ပြန်ဖတ်လိုက်ရတယ်။ rework တောင် ပြန်မဖတ်ဖြစ်တော့ဘူး။ မှတ်မိသလောက်ထဲကနည်းနည်းနဲ့ အခုတလော ဖတ်ထားတဲ့ စာအုပ်တွေထဲက အကြောင်း နောက်ပြီး ကိုယ်မြင်ဖူး တွေ့ဖူးတာတွေကို ပေါင်းပြီး ရေးပေးလိုက်တယ်။ ခေါင်းစဉ်ကတော့ ကိုပီဇီ ပဲရွေးပေးလိုက်တာ။ Start-ups တွေ ဘာကြောင့် မအောင်မြင်ရတာလဲ ။ ဒုတိယ အပိုင်းကို ရေးတော့ ပိုသတိထားပြီး စဉ်းစားပြီးရေးရတယ်။ ပထမပိုင်းလောက် လက်မသွက်တော့ဘူး။ ကိုယ်ရေးထားတဲ့စာက အရေးကြီးတယ်လို့ ထင်လာတယ်။ မှားသွားရင် ဖတ်မိသူတွေအတွက် မကောင်းဘူးလို့ မြင်လာတယ်။ ဒါကြောင့် သေသေချာချာ စာဖတ်ပြီး ပြန်ရေးခဲ့ရတယ်။ အဲဒီအတွက် အချိန်တော်တော်ကုန်သွားတယ်။

၃။ ဒီနေ့ ရုံးမှာ Christmas အတွက် ပြင်တယ်။ Christmas Tree လည်း ပြင်လိုက်ရတယ်။ အရုပ်တွေလည်း အပြင်မှာ ဆွဲတာတွေ လုပ်လိုက်ရတယ်။ ပထမဆုံး အကြိမ် လုပ်ဖူးခြင်းပဲ။ ရုံးမှာ အလုပ်ဒီနေ့ သိပ်မလုပ်ဖြစ်ဘူး။ သို့ပေမယ့် တော်တော်ပျော်ဖို့ကောင်းတယ်။


၄။ ရုံးမှာ ယောင်ချာချာဖြစ်နေတယ်။ Physic နဲ့ သချာင်္စာမကျေတာတွေကြောင့် လူကြေ နေပြီလားလို့ ထင်တာပဲ။ အားမှ အကျယ်ရေးမယ်လို့ စိတ်ကူးမိတယ်။ ဒီနေ့တော့ ရေးဖြစ်မယ်မထင်။

၅။ Cocos2d ကို တော်တော်သဘောကျလာပြီ။ တော်တော်လည်း ရေးတတ်လာပြီ။ အားရင်တော့ game လေး တစ်ခုလောက် ကိုယ်ပိုင်ရေးကြည့်ချင်သေးတယ်။ အားအောင် လုပ်ယူရမလားတော့မသိ။

၆။ ကိုကိုရဲကလည်း ပြောနေပြီ။ CSS ကိုတော့ အမြန်ပြီးအောင် ရေးရမယ်။ မရေးပဲ ပစ်ထားတာ နည်းနည်းကြာသွားပြန်ပြီ။ မပြီးသေးတော့ စာမူလည်း မပို့နိုင်ဘူး။ ဒါကြောင့် ဒီအပတ်မှာတော့ တော်တော် အချိန်ယူပြီး ရေးမယ်လို့ စဉ်းစားထားတယ်။

၇။ သူများလုပ်ချင်တာတွေ လုပ်ပေးချင်စိတ်မရှိဘူးဖြစ်နေတယ်။ ကိုယ်လုပ်ချင်တာတွေကို အရင်ဆုံး လုပ်ချင်စိတ်တွေ ပေါက်နေတယ်။ ဘာအရေးကြီးတယ် ဘာအရင်လုပ်ဆိုပေမယ့် ပျင်းနေတာကို သတ်ဖို့ခက်နေတယ်။ အပျင်းကို မသတ်ရင် အပျင်းက ကိုယ့်ကိုယ် သတ်သွားမှာပဲလို့ တွေးမိတယ်။ ဒါကြောင့် ဒီအပတ်တော့ နည်းနည်းလေး အားပြန်စိုက်ပြီး CSS ကိုရေးရမယ်။

၈။ အခု Default Browser က Rocketmelt ဖြစ်သွားပြီ။ သဘောကျတယ်။ Chrome က extension တွေလည်း သုံးလို့ရတော့ အဆင်ပြေတယ်။

၉။ Chrome Webstore က မိုက်တယ်။ ငယ်ငယ်က ဆော့ဖူးတဲ့ flash game အချို့ chrome web store ကနေ ပြန်ဆော့နေတယ်။

၁၀။ Infinity Blade ဝယ်လိုက်ပြီ။ ဒီနေ့ review ကို mmgamers မှာ ရေးထားတယ်။ စိတ်ညစ်ရင်တော့ ခုတ်စရာတစ်ခုတော့ ရသွားတာပေါ့။

၁၁။ ရုံးမှာက iPad , iPhone game တွေ ခိုးသုံးတာကို မကြိုက်ဘူး။ jailbreak လုပ်ပြီး ခိုးထားတာတွေကို သုံးတာ သိပ်မကြိုက်ချင်ဘူး။ ဒါကြောင့် ကိုယ်တိုင်လည်း ဝယ်သုံးဖြစ်နေတယ်။ အရင်ကထက် သီလ လုံလာတာလားတော့ မသိ။ ဝယ်ဆော့တဲ့ game တွေက တဖြည်းဖြည်း များလာပြီ။ သို့ပေမယ့်လည်း ဆော့ရတာ စိတ်သန့်သန့်နဲ့ ဆော့လာနိုင်တယ်။ Game ဆော့ရင်း ကိုယ့်ကိုယ်ကို ယုံကြည်မှု ပိုရှိလာတယ်ထင်လာတယ်။ ကိုယ့်ကိုယ် ပိုအထင်ကြီး မိသလို ရှိလာလိုလိုပဲ။

၁၂။ စာတွေ အရှည်ကြီး ရေးချင်စိတ်တွေ ပျောက်နေတယ်။ စာတွေပဲ ဖတ်ချင်နေတော့တယ်။ ဖတ်စရာစာတွေက list လုပ်ထားရင် တော်တော်များလာပြီ။ ဒီအပတ်တော့ လုပ်စရာတွေ များနေပြီ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.