မဆိုင်ပဲနဲ့ ဂလိုင်မဖွပါနဲ့ဗျာ..

ခေါင်းစဉ်မူရင်းကတော့ Inland Bloggers, Exciled Media and Current Conditions ပါ.. ကျွန်တော်ကတော့ မဆိုင်ပဲနဲ့ ဂလိုင်မဖွပါနဲ့ဗျာ.. လို့ပြောင်းလိုက်တယ်.. ကိုမျက်လုံးရေးထားတာ.. ပြောချင်နေတာကြာပြီ… အဲလိုကောင်းကောင်းမပြောတတ်လို့.. အခုတော့ pinkgold ကျေးဇူးကြောင့် ကိုမျက်လုံးဟာ ကူးပြီး ဖော်ပြလိုက်တယ်..
ကျွန်တော်တို့ အခုတလော ဘာမှ မဖြစ်သလိုသာ နေ နေကြတာပါ။ ဘာဖြစ်နေလဲဆိုတာကို အားလုံးသိကြမှာပါ။ ကျွန်တော့်အနေနဲ့ ကျွန်တော့်ရဲ့ သဘောထားကိုပြောဖို့ အများကြီး စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် ဖွသလို ဖြစ်မှာစိုးလို့ မပြောခဲ့ပါဘူး။ ဒါပေမယ့် ပြောဖို့ လိုမယ်ထင်လို့ ပြောပါရစေ။

ပထမဆုံး ပြောချင်တာကတော့ ပြည်တွင်း ဘလော့ဂါတွေပါ။ ဘလော့ဂါတွေ ဘာကြောင့် ဘလော့ဂ်ရေးကြသလဲဆိုတာ တစ်ယောက်နဲ့ လွတ်လပ်စွာ အမြင် ကွဲလွဲနိုင်ပါတယ်။ ကျွန်တော်ကတော့နိုင်ငံရေးတို့၊ ကျွန်မကတော့ လူမှုရေးတို့၊ ကျုပ်တို့ကနည်းပညာအကြောင်းတို့၊ ငါကတော့ကိုယ်ရေးကိုယ်တာတို့ ကြိုက်သလိုသာပြောပါ။ ပြောလို့ရပါတယ်။ ဒါပေမယ့် သေချာတာကတော့ ကိုယ်ရေးချင်တာကို ကိုယ်ရေးတာပါ။ ဘယ်သူရဲ့ လွှမ်းမိုးမှု၊ လောင်းရိပ်ကိုမှ မခံချင်လို့ လွတ်လပ်တဲ့ ဘလော့ဂ်ကို ရေးနေကြတာပါ။

ဘလော့ဂ်နဲ့ ပတ်သတ်လို့ကတော့ ဘယ်သူ ဘာပြောပြော ကျွန်တော်လည်း ကျွန်တော်ရေးချင်တာကို ရေးတာပါ။ ပြည်တွင်းဘလော့ဂါတွေမှာ နိုင်ငံရေးရယ်လို့ ပီပီပြင်ပြင် ရေးနေတဲ့သူ ကျွန်တော်လည်း မတွေ့မိပါဘူး။ အမှန်အတိုင်း ပြောရရင်တော့ အပြင်မှာတော့ ပြောချင်ပြောကြမှာပေါ့။ ဒါကတော့ လဘက်ရည်ဆိုင်ထိုင်ရင်းလည်း ပြောနေကြတာပဲဆိုတော့ မထူးဆန်းပါဘူး။ ဒါပေမယ့် ငါတို့ ဘလော့ဂါတွေကို ဒီလို လုပ်လိုက်ရင် ဒီလို လုပ်ကြမယ်ဆိုတာ ဘယ်သူတွေဆီက ဘယ်လို လာတဲ့ စကားလဲဆိုတာ မေးခွန်း အများကြီး ထုတ်ဖို့ရှိပါတယ်။ အခု ပြည်ပမီဒီယာတွေမှာ ဘလော့ဂါတွေက ပြောသလိုလိုနဲ့ တက်နေတဲ့ သတင်းတွေကို ပြောစရာရှိပါတယ်။ ကိုနေဘုန်းလတ်ကို ဘလော့ဂ်လုပ်လို့ အဖမ်းခံရသလို ပြောနေကြပါတယ်။ ဘာလို့ နိုင်ငံရေးနဲ့ဘလော့ဂ်ကို အတင်းရောထွေးအောင် လုပ်နေရတာလဲ။

ပြည်ပ မီဒီယာတွေကို အမှန်အတိုင်းပြောရရင် ကျွန်တော် အပါအဝင် လူအတော်များများက မရမက ဝင်ဖတ်ကြပြီး သတင်းတွေ ဖတ်ကြပါတယ်။ ကျွန်တော်ကိုယ်တိုင် မိုးလုံးပြည့်မုသာဝါဒီဆိုတာကို မနေ့တနေ့က အထိ ဟာသလို သဘောထားခဲ့တာပါ။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော် ဘယ်မီဒီယာကို အပြည့်အ၀ ယုံကြည်ပါသလဲဆိုရင် ဘယ်မီဒီယာကိုမှ မယုံကြည်ပါဘူး။ ယုံကြည်လောက်စရာ၊ စိတ်ချလောက်စရာ မီဒီယာကို ဘယ်မှာမှ မတွေ့နိုင်ပါဘူး။ ကျွန်တော်ဆိုလိုတာက ပြည်တွင်း ပြည်ပ အားလုံးကို ဆိုလိုတာပါ။ ဘယ်သူ ဘယ်ဝါ ပြောစရာ မလိုလောက်အောင်ကို အားလုံးလိုလိုဟာ ဝါဒမှိုင်းတွေ တိုက်နေကြတာပါ။ လောလောဆယ် သတင်း မီဒီယာနဲ့ မပတ်သတ်ပဲ အရင်တစ်ချိန်တုန်းက ပတ်သတ်ခဲ့ဘူးတဲ့သူတွေက အစ သတင်းတစ်ခုကို သတင်းအတိုင်းမဟုတ်ပဲ ကိုယ်တစ်ယောက်တည်း ဒါမှမဟုတ် ကိုယ့်ကို ထောက်ပံ့သူတွေရဲ့ ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ကို အထောက်အကူဖြစ်အောင် ရေးနေကြတာ အထင်အရှားပါ။

ကိုနေဘုန်းလတ်ဟာ ဘာအကြောင်းနဲ့ အထိန်းသိမ်းခံထားရတယ်ဆိုတာ ဘယ်သူမှ အတိအကျ မသိသေးခင်မှာ ဘလော့ဂ်ကြောင့်လို့ ဘာကြောင့် စွပ်စွဲနေကြတာလဲ။ ပြည်တွင်းက ဘလော့ဂါတွေကို အနေအစားကျပ်အောင် လုပ်နေကြတာလား။ ပြည်တွင်းဘလော့ဂါတွေ အသစ်အသစ် ထွက်မလာရဲအောင် လုပ်နေကြတာလား။ ရှိပြီးသား ဘလော့ဂါတွေ ဆက်မလုပ်ရဲအောင် လုပ်နေတာလား။ အကြောင်းအရာတွေကို ရောထွေးသွားအောင် မလုပ်ကြပါနဲ့။ ခင်ဗျားတို့လို ဟိုအေဝးကနေ ဘေးတီးနေတဲ့သူတွေကြောင့် ဘာအကြောင်းမှ ထူးပြီး ကောင်းလာစရာမရှိဘူး။ အကျိုးယုတ်ဖို

့ပဲ ရှိတယ်။

တစ်ယောက်တစ်ပေါက် ဝိုင်းပြောလို့ အထဲကလူ ပိုဆိုးသွားရင် ၊ အပြင်ကလူတွေ ထပ်ပြီး ဒုက္ခများသွားရင် ခင်ဗျားတို့ ပယောဂ ကင်းတယ်လို့ မထင်နဲ့။ အဲဒီလောက်မှ မစဉ်းစားတတ်ရင် ဒီအလုပ်တွေကို ဆက်မလုပ်နဲ့။ ကိုယ်လုပ်တဲ့ အလုပ်က တစ်ဘက်သားကို စေတနာနဲ့ ကောင်းစေချင်တာလား။ အပြစ်လွတ်လား။ ကိုယ်နာမည်ကြီးဖို့ပဲလား။ သေချာစဉ်းစား။

လက်ရှိအခြေအနေမှာ ပြည်တွင်းက အချို့ဘလော့ဂါတွေ ဘယ်သူတွေရဲ့ မှိုင်းမိနေသလဲ။

လက်ရှိအခြေအနေမှာ ပြည်ပက အချို့သောမီဒီယာတွေ ဘယ်လမ်းကြောင်းကို မောင်းသွင်းနေသလဲ။

လက်ရှိအခြေအနေမှာ ဘာလုပ်သင့်သလဲ။ ဒါမှမဟုတ် ဘာမလုပ်သင့်ဘူးလဲ

ပြည်ပမီဒီယာတွေကတော့ အော်နေဦးမှာပဲ။ ဟုတ်တယ်မို့လား။ ခင်ဗျားတို့လည်း ဖတ်ရင်းသေချာ စဉ်းစား။ ခင်ဗျားတို့ ထမင်းတစ်လုပ်စားရဖို့အရေး ဘလော့ဂ်တွေ၊ ဘလော့ဂါတွေကို လာပြီး အသုံးမချနဲ့။ လက်ရှိတွေကလည်း ဘလော့ဂ်ကို အသုံးချ၊ အတိုက်အခံတွေကလည်း ဘလော့ဂ်ကို အသုံးချနဲ့ ဘလော့ဂ်တွေလည်း စစ်မြေပြင်လုံးလုံးဖြစ်နေပြီ။ နောက်ဆုံးတော့ ဘယ်သူမှ အယုံအကြည်ခံရလိမ့်မယ် မထင်နဲ့။ ဘယ်ဘက်ကိုမှ လေးစားစရာ မမြင်တော့ဘူး။

လက်ရှိအချိန်မှာ ဘယ်သူ ကောင်းသလဲ၊ မကောင်းဘူးလဲဆိုတာ ပြောစရာ မလိုလောက်အောင်ကို ရှင်းပြီးသားပါ။ ဘယ်သူတွေ ဘယ်လောက်ထိ အောက်တန်းကျ မိုက်ရိုင်းတယ်ဆိုတာ တစ်ကမ္ဘာလုံး သိပြီးသားပါ။ အဲဒါကို ခင်ဗျားတို့ ကျုပ်တို့က ပါးပါးနပ်နပ်မရှိပဲ ကလေးအတွေးတွေနဲ့ လုပ်တဲ့သူကလုပ်၊ ငါတို့အတွက် ခွင်ဝင်ပဟဲ့ဆိုပြီး ဖွတဲ့သူက ဖွ လုပ်နေလို့ကတော့ ခင်ဗျားတို့ ကျုပ်တို့ ဖြစ်ချင်တာတွေ၊ ဖြစ်သင့်တာလို့ ထင်တာတွေနဲ့ အေဝးကြီး ဝေးနေဦးမှာပဲ။

ကြိုပြောထားရရင် ကျွန်တော့်ကို ဘယ်သူ့ဘက်က ဘယ်ဝါ့ဘက်က လာမပြောနဲ့။ ဘယ်ဘက်ကမှ မဟုတ်ဘူး။ ကျွန်တော်သည် ကျွန်တော် မှန်တယ်ထင်တဲ့ဘက်ကနေမှာပဲ။ ဘယ်သူ့ လောင်းရိပ်အောက်မှာမှ နေမှာ မဟုတ်ဘူး။ ဘယ်အဖွဲ့အစည်းကိုမှ အမှန်ဆုံး၊ အကောင်းဆုံးလို့ လက်ခံထားတဲ့သူ မဟုတ်ဘူး။

((ကိုမျက်လုံး ဆီကနေ ကူးလာတာပါ))

4 responses to “မဆိုင်ပဲနဲ့ ဂလိုင်မဖွပါနဲ့ဗျာ..”

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.