၂၀၁၇

၂၀၁၈ ထဲရောက်လို့ ဖေဖော်ဝါရီတောင် ရောက်ပြီ။ နှစ်စ ကတည်းက အလုပ်ရှုပ်နေတာနှင့် အခုမှ ၂၀၁၇ မှာ ဘာတွေလုပ်ခဲ့လဲ ဘာတွေ ပြီးခဲ့လဲဆိုတာကို ပြန်ချရေးဖို့ အချိန်ရှိတော့တယ်။

၂၀၁၆ အကုန်မှာ မြန်မာနိုင်ငံ ပြန်ရောက်ပြီး ယောင်ချာချာ ဖြစ်နေပေမယ့် ၂၀၁၇ မှာ ကိုယ်ပိုင် startup သေးသေးလေး စဖြစ်ခဲ့တယ်။ ၂၀၁၇ ၁ နှစ်လုံးက ဘဝ အတွက် သင်ခန်းစာတွေ အများကြီး ရခဲ့သည့် နှစ်ပဲ။ အထူးသဖြင့် သား ကို ၂၀၁၇ နှစ်စ မှာ မွေးခဲ့တော့ ၁ နှစ်လုံး သားရယ် အလုပ်ရယ် နှင့်ပဲ အချိန်တွေက အတော်လေးကို ကုန်သွားတယ်။

၁ နှစ်ကုန်သွားလို့ ဘာစာအုပ်တွေ ဖတ်ဖြစ်လဲလို့ ကြည့်လိုက်ရင် တစ်အုပ်မှ မပြီးဘူး။ ၂၀၁၇ က စာအုပ်လည်း မဝယ်ဖြစ်သလို ဝယ်သည့် စာအုပ်တွေကလည်း ကြာရင် သိုးသွားမယ့် နည်းပညာ စာအုပ်ပဲ။ Swift, React Native, Kotlin နဲ့ ဆိုင်သည့် စာအုပ် ၅ အုပ်က ဒီနှစ် ဦးမှ မဖတ်ဖြစ်ရင်တော့ အဆုံးပဲ ဆိုရမယ့် အခြေအနေပဲ။ နည်းပညာစာအုပ်တွေ နောက်ပိုင်း မဝယ်တာကလည်း အသိုးမြန်လို့။ ၁ နှစ်ပဲခံတယ်။ ဝယ်ရတာ မတန်ဘူး။ ဝတ္ထု တွေ ၊ နောက်ပြီးတော့ biography စာအုပ်တွေ က အသိုး မမြန်သည့် စာအုပ်တွေ လို့ဆိုရမယ်။ နည်းပညာစာအုပ်ထဲမှာ the pragmatic programmer လိုမျိုး စာအုပ်က တန်တယ်။ ၁၉၉၉ ကတည်းက ထွက်ထားတာ အခုထက်ထိ ဖတ်လို့ရနေတုန်းပဲ။ သို့ပေမယ့် အချို့ အချက်တွေကတော့ ခေတ်နောက်ကျနေပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၇ မှာကတော့ စာ မဖတ် ဖြစ်ဆုံး နှစ်ပဲ။

၂၀၁၇ မှာ ကလေး အဖေဖြစ်ခဲ့တယ်။ ဒါပေမယ့် သူနဲ့ အတူ အချိန်တွေကုန်ဆုံးပြီး ကိုယ်မသိလိုက်ခင်မှာ ၁ နှစ်ပြည့်သွားတယ်။ မိဘ တစ်ယောက် ဖြစ်လာသည့် အခါမှာ ကိုယ့် အတွက် အချိန်တွေ ပိုရှားလာတယ်။ ကိုယ်ပိုင် အချိန် ဆိုတာ မရှိသလောက် ဖြစ်သွားတယ်။ အချိန်တွေ ပိုထွက်လာအောင် လုပ်ဖို့ကတော့ လျော့ အိပ်သည့် နည်းပဲရှိတယ်။ game ၊ ရုပ်ရှင် စတာတွေကို အကုန်လျော့ချလိုက်တယ်။ အချိန်က အရမ်းတန်ဖိုး ရှိမှန်း သိလာတယ်။

ကိုယ်ပိုင်လုပ်ငန်းသေးသေးလေး စလုပ်တော့ အချိန်ရဲ့တန်ဖိုး ပိုနားလည်လာတယ်။ ကျွန်တော်တို့တွေဟာ အချိန်တွေ ကို ဝယ်နေရတာကို သဘောပေါက်လာတယ်။ project တစ်ခုကို ကျွန်တော် တစ်ယောက်တည်း လုပ်နိုင်ပေမယ့် ၃ ခု ၄ ခု ဆိုရင် မလုပ်နိုင်တော့ဘူး။ ဒါကြောင့် အခြားသူတွေရဲ့ အချိန်တွေကို ဝယ်ရတယ်။ project မြန်မြန်ပြီးနိုင်မယ့်သူက အချိန်များများ ပိုရောင်းနိုင်တယ်။ ဒါကြောင့် ဈေးပိုပေးရတယ် ဆိုတာကို နားလည်လာတယ်။ junior နဲ့ senior အဓိက ကွာခြားချက်က အလုပ်အချိန်တွင်းမှာ အလုပ်ပြီးနိုင်သည့် နှုန်းပဲ။ အတွေ့အကြုံက ဘဝမှာ အချိန်တွေပိုထွက်လာအောင် ဖန်တီးပေးနိုင်တယ်။ အတွေ့အကြုံဆိုတာ လုပ်ငန်း အတွေ့အကြုံ အပြင် စာတွေ့တွေပါ လိုအပ်လာတယ်။ နေ့စဉ် မလေ့လာဘူး ဆိုရင် တစ်ချိန်မှာ တခြားလူတွေက ကိုယ့်ကို ကျော်တက်မှာပဲ။ ဒါကြောင့် လေ့လာတာတွေက ရပ်နေလို့မရဘူး။ ဆရာကောင်းသမားကောင်း နဲ့ တွေ့ရင် ကိုယ်လေ့လာတာတွေကို ပိုမြန်ဆန်စေတယ်။

၂၀၁၈ လည်း အားမယ်လို့မထင်မိဘူး။ ဒါပေမယ့် ၁ ပတ်ကို စာတစ်ခုလောက်တော့ ရေးမယ်လို့ဆုံးဖြတ်ထားတယ်။ စာအုပ် ထုတ်နိုင်အောင် လည်း ကြိုးစားရမယ်။ စာအုပ်က ပြီးနေပြီ။ လေ့ကျင့်ခန်းတွေ ထည့်တာ တော်တော် အချိန်ပေးရတယ်။ ၂၀၁၈ မှာ ထုတ်နိုင်ဖို့ ကြိုးစားရမယ်။

၂၀၁၈ မှာ docker ကို ပိုသုံးဖြစ်လာလိမ့်မယ် ထင်တယ်။ အရင်ကထက်စာရင် docker က တော်တော် အဆင်ပြေနေပြီ။ Swift ကတော့ နှစ်စဉ်ပြောင်းနေတော့ သူ့နောက်ကို မနည်းလိုက်နေရတယ်။ kotlin က ပိုပြီးတော့ အားကောင်းလာဖို့မျှော်လင့်တယ်။ AI, Machine Learning တွေ မြန်မာနိုင်ငံမှာ ခေတ်စားလာနိုင်တယ် ။ နောက်ပြီး VR,AR က ပိုအားကောင်းလာလိမ့်မယ်။ ၂၀၁၈ မှာ ထပ်ပြီး လေ့လာစရာတွေ များလိမ့်မယ်။

၂၀၁၇ မှာ အဆင်မပြေတာတွေ များပေမယ့် ပြီးခဲ့ပြီ။ ၂၀၁၈ မှာတော့ ပိုပြီးတော့ ကြိုးစားရအုံးမယ်။

One response to “၂၀၁၇”

  1. waiting for your book

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading