Don’t copy the code when you learn

ဒီနေ့ BackboneJS စာအုပ်ကို ပြန်ဖတ်မိတယ်။ အခုတခေါက်တော့ Exercise တွေကို copy မကူးပဲနဲ့ code တွေ အကုန် အစအဆုံး ပြန်ရိုက်ဖြစ်တယ်။ အဲလို ရိုက်ရင်း နဲ့ ဘာကြောင့် ဒီလို ရေးရတာလဲ ဆိုတာကို သဘောပေါက်လာတယ်။ အခုနောက်ပိုင်း အသစ်တွေကို လေ့လာတဲ့ အခါမှာ ချမရေးဖြစ်တာ ကြာပြီ။ အပေါ်ယံလေးပဲ ကြည့်ပြီး ဒါကို ဒီလို ရေးထားတာပါလား ဆိုတဲ့ သဘောလောက်ပဲ ဖတ်ဖြစ်တော့တယ်။

ကျွန်တော်တို့ UCSY တက်တုန်းက အခုခေတ်လို iPad တွေ မရှိသလို Ebook Reader တွေ Tablet တွေ လည်း မရှိဘူး။ Internet ကလည်း မရှိတော့ Ebook တွေလည်း လွယ်လင့် တကူမရနိုင်ဘူး။ အများအားဖြင့် စာအုပ်တွေကို Library က ငှားဖတ် ရတာပဲ။ Library ကို ပဲ အားကိုးခဲ့ရတယ်။ စာအုပ် ဖြစ်တဲ့ အတွက်ကြောင့် Copy နဲ့ Paste လုပ်မရ။ ဒါကြောင့် အစအဆုံး code တွေ ချရေးပြီး run ကြည့်။ Error တက်ရင် ရေးထားတာ မှားနေလား စစ်ကြည့်။ ရေးထားတာ မှန်ရင် ဘာကြောင့် အလုပ်မလုပ်လည်း လိုက်ရှာ နဲ့ လေ့လာခဲ့ကြတာပဲ။ အခုနောက်ပိုင်း iPad တွေ Android တွေ ခေတ်စားလာတော့ လူတိုင်းနီးပါး စာအုပ် ဖတ်ဖို့အတွက် အနည်းဆုံး Android Tablet တစ်လုံး လောက် ဝယ်နိုင်လာကြတယ်။ ကျွန်တော်လည်း စာအုပ်တွေကို Computer ပေါ်မှာ ထက် iPad နဲ့ပဲ ဖတ်ဖြစ်တော့တယ်။ Code တွေကို စမ်းမယ်ဆိုရင်လည်း Ebook က code တွေကို copy and paste လုပ်ပြီး run ကြည့်လိုက်တာပဲ။ run လို့ သူပြောတဲ့ အတိုင်း အလုပ်လုပ်ရင် ရှေ့ဆက်ဖတ်ဖြစ်တယ်။

အဲဒီတော့ ကျွန်တော် အခုနောက်ပိုင်း ပိုဖတ်လာနိုင်ပေမယ့် ပိုမတတ်တော့ဘူး။ နေ့စဉ် အလုပ်မှာ လုပ်နေတဲ့ Language လောက်ပဲ တိုးတက်အောင် ဖန်တီးနိုင်တော့တယ်။ Backbone ဆိုလည်း နည်းနည်းဖတ်လိုက် စမ်းလိုက်လောက်ပဲ။ Node.js ဆိုရင်တော့ ကျွန်တော် လေ့လာတုန်းက ebooks တွေ မရှိတဲ့ အတွက် ကိုယ့်ဘာသာကိုယ် ရေးချင်တာ ရေးရင်း မရရင် stackoverflow မှာ မေးရင်းနဲ့ လုပ်ခဲ့တော့ ရတာရှိသလို မရတာလည်း ရှိတယ်။ Ebooks တွေ အလွယ်တကူ ရနိုင်တဲ့ language တွေကိုတော့ ထင်သလောက် အတတ်မမြန်ခဲ့ဘူးဆိုတာကို backbone စာအုပ်ဖတ်ရင်းနဲ့ သဘောပေါက်လာတယ်။

HTML 5 ထွက်တုန်းက Ebook မှာ နည်းနည်း ဖတ်ကြည့်ပြီး ဒီ အတိုင်းထားလိုက်မိတယ်။ အမှတ်တမဲ့ ဆိုရင်တော့ စာအုပ်ဖတ်ပြီး သိသွားပြီလို့ ထင်ထားခဲ့တာ HTML 5 စာအုပ်ကို ရေးမှပဲ မသိတာတွေ မေ့တာတွေ အများကြီးပဲ ဆိုတာ ကို သဘောပေါက်လာတော့တယ်။ ကျောင်းတက်တုန်းက စာအုပ် ကို သုံးပြီး code တွေကို လေ့လာခဲ့တယ်။ အခုတော့ code တွေကို copy & paste နဲ့ လေ့လာဖြစ်တယ်။ နောက်ပြီးတော့ ကျောင်းတက်တုန်းက HTML နဲ့ CSS ကို free template CD ခွေတွေက လေ့လာခဲ့တယ်။ အဲတုန်းကလည်း တစ်ကြောင်းခြင်းစီကို သေချာကြည့်ပြီး ကိုယ့်ဘာသာကိုယ် code ရိုက်ပြီး လေ့လာခဲ့တယ်။ အခုနောက်ပိုင်းတော့ အရန်သင့်ပေးထားတဲ့ library လေးတောင် မအားလို့ တစ်ခြားလုပ်စရာရှိလို့ဆိုပြီး မစမ်းဖြစ် မသုံးဖြတ်တာတွေ အများကြီးပဲ။

ကျောင်းတက်တုန်းက Library က စာအုပ်တွေကို ပြန်အပ်ရမှာ ဖြစ်တဲ့အတွက်ကြောင့် ဗလာစာအုပ်မှာ ဘာသာပြန်ပြီး ရေးခဲ့တယ် ။ သူငယ်ချင်းတွေကို မြန်မာပြန်ထားတဲ့ ကိုယ့်စာအုပ်တွေ ငှားခဲ့တယ်။ ဒါကြောင့် ကျောင်းတုန်းက လေ့လာခဲ့တာတွေ အခုထက်ထိ ပိုပြီး စွဲမြဲနေတာ ဖြစ်မယ်။

ဒါကြောင့် နောက်ပိုင်း ကျွန်တော် စာပဲ ဖတ်ပြီး လေ့လာခဲ့တဲ့ Ruby ကို မရတာဖြစ်မယ်။ ဒါကြောင့် Django ကို ကျွန်တော် ကောင်းကောင်း မသုံးတတ်ခဲ့တာ ဖြစ်မယ်။ ကျွန်တော် code တွေ ကူးပြီး စမ်းခဲ့တာ များနေပြီ။ ဘာပဲပြောပြော ဒီနေ့ ဒါလေးကို သဘောပေါက်သွားတဲ့ အတွက် code တွေကို copy & paste ထက် အစ အဆုံး ပြန်ရိုက်ပြီး လေ့လာတော့မယ် လို့ စဉ်းစားထားတယ်။

One response to “Don’t copy the code when you learn”

  1. PHP for absolute beginner ဆိုတဲ့စာအုပ် ဖတ်တုံးက မှတ်မှတ်ရရပဲ ကူးခဲ့တာ။ နောက်တစ်ခေါက် ပြန်ဖတ်ယူရတယ်။ ကူးတော့ တဝက်တပျက်ကြီးကြတော့ စာအုပ်က အမှန် အတိုင်းမဟုတ်ပဲနဲ့ မဟုတ်ပဲ error တက်တော့ ဘယ်က စရှာရမှန်းကို တောင် မသိတော့ဘူး :D
    ရေးမတက်ခင်ကတည်းက မှန်းဆ တမ်းတပြီး trace လိုက်ခဲ့ရတာ :D

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.