ကိုယ်ပိုင် game console မရှိတာ PS 1 နောက်ပိုင်းကတည်းက လို့ ဆိုရမယ်။ PS 1 မတိုင်ခင်က Family console (Famicom) ကို စဆော့ဖူးခဲ့တာပဲ။ အဲတုန်းက light gun ပစ်ခဲ့တာကို မှတ်မိသေးတယ်။ light gun နဲ့ ဆော့တာကို ကြည့်ပြီး တအံတဩတွေ ဖြစ်ခဲ့ဘူးတယ်။ နောက်ပိုင်းမှာတော့ SNES ဆော့ခဲ့တယ်။ အချိန် တော်တော်ကြာကြာ SNES ကို နှစ်နှစ်ခြိုက်ခြိုက် ဆော့ခဲ့တာ။ အကြိုက်ဆုံး Game ကတော့ Biker Mice From Mars ဆိုတဲ့ game ပဲ။ အမြဲတန်းလိုလို Modo ဆိုတဲ့ ကြွက် အညိုရောင်နဲ့ ဆော့တယ် ။ နောက်ပြီးတော့ Mortal Kombat ပေါ့။ အဲနောက်ပြီးတော့ အမြဲကန်ဖြစ်တဲ့ Soccor 2 ။ ခွေးဒိုင်လူကြီး လုပ်လို့ ရတဲ့ game ပေါ့။ အခု ထက်ထိ ခိုးနည်း မှတ်မိနေသေးတယ်။ up up down down left right left right xy xy ဆိုတာကို။ နောက် All star အသင်း ခိုးတာလား မသိဘူး။ R up down L x b left+a right+y အဲဒါက ၃ ၊ ၄ တန်း ဝန်းကျင်လောက်တုန်းကနဲ့ တူတယ်။ တော်တော်လေးကို ဆော့ခဲ့တာ။ ၅ တန်း ၊ ၆ တန်း ဝန်းကျင်လောက်က Game Boy ပေါ်ပြီနဲ့တူတယ်။ ဘယ်သွားသွား Game Boy ဆော့ ဖြစ်ခဲ့တာကို မှတ်မိသေးတယ်။ မန္တလေးကို သွားတဲ့ ရထားပေါ်မှာ game boy အခွေ တစ်ခွေ ပျောက်သွားလို့ အိမ်က ဆူတာ မှတ်မိနေတုန်းပဲ။ Black & White version ဖြစ်တဲ့ ပထမဆုံး Game Boy ပေါ့ ။ SNES ပြီးတော့ PS 1 ပဲ။ PS 1 ဆော့လို့ ကောင်းတဲ့ အချိန်က ၁၀ တန်း ရောက်နေတာနဲ့ သေသေချာချာ မဆော့ဖြစ်ခဲ့ဘူး။
ဒီလိုနဲ့ပဲ UCSY ရောက်။ Computer ကောင်းကောင်း ၁ လုံးနဲ့ PS 2 ဘယ်ဟာ ရွေးမလဲဆိုရင် Computer ကောင်းကောင်း လမ်းကို သာ ရွေးခဲ့တာနဲ့ PS 1 နောက်ပိုင်း ဘာ game console မှ မရှိတော့သလို ဝယ်ခိုင်းဖို့ ပူဆာတာလဲ မရှိတော့ဘူး။ ငါ ဆော့ချင်တဲ့ game console ငါ့ဘာသာ ဝယ်မယ်ဆိုပြီး အားမာန် သွင်းခဲ့ပေမယ့် PS 3 တောင် ထွက်သွားတယ်။ မဝယ်ဖြစ်ခဲ့ဘူး။ PS 1 တုန်းက မုန့်ဖိုးတွေ ဝယ်မစားပဲနဲ့ game ခွေ တွေ ဝယ်ခဲ့ရတယ်။ အဲတုန်းက တစ်နေ့ မုန့်ဖိုး ၅၀ ပဲ ရခဲ့တာ။ အခုအချိန် မုန့် ဖိုး ၅၀ ဆိုတာ ရယ်စရာ ဖြစ်နေမလားမသိ။ အဲတုန်းက မုန့်ဖိုး ၅၀ ဆိုတာက ကျွန်တော် တက်ခဲ့တဲ့ အထက်တန်းကျောင်း မှာ ထမင်းကျော် အလွတ် ၁ ပွဲပဲ စားလို့ ရလိမ့်မယ်။ အိမ်က ထမင်းဘူး ထည့်ပေးခဲ့တဲ့အတွက် မုန့်ဖိုးတွေကို ၇၀၀ ပြည့်အောင် စုပြီး game ခွေ တစ်ခွေပြီး တစ်ခွေ ကိုယ့်ပိုက်ဆံနဲ့ ကိုယ် ဝယ်ဆော့ခဲ့တယ်။ နောက်ပြီး game တစ်ခွေ ၇၀၀ ကနေ ၅၀၀ နဲ့ ရတော့ ပျော်လွန်းလို့ ပေါ့ဗျာ။
ဒီလိုနဲ့ပဲ နှစ်တော်တော်ကြာပြီးနောက် ပြီးခဲ့တဲ့ စနေနေ့က xbox 360 bundle 4GB ကို ဝယ်ဖြစ်တယ်။ အစက 250 GB ကို ဝယ်မလို့ပဲ။ ဆိုင်က 250 GB ထက် 4 GB ကို ဝယ်ပါလို့ အကြံပေးတယ်။ 250 GB က သိပ်မလိုဘူး။ Game တွေကို Install လုပ်ပြီး မဆော့ဘူးဆိုရင် 4GB က အဆင်ပြေတယ်လို့ ဆိုပါတယ်။ Demo တွေ expendion pack တွေ ထည့်မယ်ဆိုမှသာ 250 GB ဝယ်ပါလို့ ပြောတယ်။ နောက်ပြီး 250 GB ကို hack လုပ်ပြီး ထည့်ပေးမယ်ဆိုတာနဲ့ 4 GB မဝယ်ခင် WD Scorpio Blue sata 250 GB Sata 2.5 Inch ကို လိုက်ရှာရသေးတယ်။ ခက်တာက ဘယ်ဆိုင်မှာမှ မရှိတော့ဘူး။ အကုန်လုံးက အနည်းဆုံး 300 GB တွေ ဖြစ်ကုန်ပြီ။ WD 2.5 250GB က မရှိသလောက် ရှားသွားတယ်။ Sim lim square ကို သွားပြီး ရှာရတာ ပင်ပန်းပြီး အချိန်ကုန်သွားတာပဲ အဖတ်တင်လိုက်တယ်။ အားရင် WD Scorpio Blue 2.5 inch sata 250 GB ကို ထပ်ရှာကြည့်ပါအုံးမယ်လေ။ အခုလက်ရှိ 4GB က လောက်ပါတယ်။ ထွေထွေထူးထူးလည်း သွင်းစရာတွေ မရှိတာ ပါတာပေါ့။ နောက်ဆုံးတော့ 4 GB Bundle နဲ့ game ၂ ခွေ ဝယ်ဖြစ်ခဲ့တယ်။ Final Fantasy XIII နဲ့ Dance တစ်ခွေ။ Final Fantasy XIV က PC နဲ့ PS3 မှာပဲ ရတာ။ နောက်ပြီးတော့ MMORPG ဖြစ်တဲ့ အတွက် Mad Computerist ပြောသလို မလွမ်းလောက်ပါဘူးပဲ ဆိုရမှာပေါ့။ God Of War လည်း PS3 အတွက်ပဲဆိုတော့ ဆော့ချင်တာတောင် ဆော့မရတဲ့ဘဝ။ အခွေ ၂ ခွေနဲ့ xbox 4GB bundle အားလုံးပေါင်း စလုံး ၅၅၀ ကျသွားတယ်။ game တစ်ခွေကို 53 ပေးရတယ်။ Final Fantasy ကတော့ ၃ ချပ်တွဲကြီး အားပါးတရ ထိုင်ဆော့ရမယ့် game ကောင်း တစ်ခုပဲ။
Kinect ဆော့ရတာ တော်တော်ပင်ပန်းတယ်။ လေ့ကျင့်ခန်း တော်တော်လုပ်ဖြစ်တယ်လို့ ဆိုရမယ်။ နောက်ပြီး သဘောကျတာက မိသားစု နဲ့ အတူတူ ဆော့ရတာပဲ။ game မဆော့တတ်တဲ့ သူတောင် အလွယ်တကူ ဆော့လို့ရတာ Kinect ရဲ့ အားသာချက်ပဲ။ မိသားစု နဲ့ အတူတူ game ဆော့ရင်းနဲ့ စကားပိုပြောဖြစ်လာတာတော့ အမှန်ပဲ။ Dance game က ဘယ်လို ဆော့ဆော့ မကစားတတ်တာနဲ့ သွားပြန်သွင်းလိုက်တယ်။ Kinect Sport အခွေ အသစ်ကို ၂၀ ပေးပြီး ထပ်ဝယ်လိုက်တယ်။ Kinect Sport ကတော့ တော်တော် မိုက်တာ အမှန်ပဲ။ တော်တော်လည်း ဆော့လို့ ကောင်းတယ်။ Kinect Sport ကို Wayne တို့ရဲ့ mmgammer ဆိုင်ကို ရောက်တုန်းက ဆော့ဘူးတယ်။ အဲဒီ ကတည်းက သဘောကျနေတာ။ အခုတော့ မိသားစုနဲ့ အတူတူ ဆော့ရတာ တော်တော် ပျော်ဖို့ ကောင်းတာ အမှန်ပဲ။
xbox Dashboard UI ကိုတော့ တော်တော် သဘောကျတယ်။ PS 3 ထက်စာရင် xbox dashboard က ပိုပြီး ကြည့်ရတာ ကောင်းတယ်။ Wii ရဲ့ Dashboard ကြီးကတော့ ရိုးလွန်းအားကြီးတယ်။ Xbox Kinect bundle ထဲမှာ Kinect Adventure game က free ပါလာပါတယ်။ အဲဒီ game လေးက တော်တော် ဆော့လို့ ကောင်းတာတော့ အမှန်ပဲ။ iPad 2 လား xbox လားလို့ ကိုယ့်ကိုယ်ပြန်မေးကြည့်လိုက်တော့ ပြတ်ပြတ်သားသား xbox လို့ သာ ဆုံးဖြတ်ခဲ့တာပဲ။ သို့ပေမယ့် xbox က mod လုပ်လိုက်ရင် ခဏခဏ ဟမ်းတယ်ဆိုတာနဲ့ မလုပ်ခဲ့ဘူး။ အဲဒီတော့ အခွေဖိုး တော်တော် ကုန်အုံးမှာပဲလို့ တွေးမိနေတယ်။
Leave a Reply