MZ လက်ဝှေ့ပွဲကြီး

တော်တော်လေးကို ဖတ်လို့ကောင်းတယ်ဗျာ.. ရယ်ရတာ အူလှိမ့်နေတာပဲ… မောင်စေတန်တောင် စနေထောင့်ကနေ တက်ထိုးလိုက်ရတယ်…. ရေရေလည်လည် ရယ်ရတယ်… ကိုပီဇီ အရေးအသား လန်ထွက်နေတာပဲ…. အဲလိုကောင်းကောင်းလေးတွေ ရေးတတ်တယ်… အဲဒီအထဲက တစ်ပိုင်းလေးပဲ တင်လိုက်မယ်… :) တခြားအပိုင်းတွေတော့ သွားဖတ်လိုက်ကြပေါ့..

မောင်ပီဇီ – ဟိုင်း ကိုဒီဘီရေ … ကျွန်တော်တို့ ဒီနေ့ တင်ဆက်မယ့် အစီအစဉ်က လက်ဝှေ့အထူးစိန် ခေါ်ပွဲကြီးဆိုပါလားဗျ … ဒီလိုလက်ဝှေ့ပွဲကြီး မစခင်မှာ ကျွန်တော်တို့က ပျော်တော်ဆက်ရ မယ်မဟုတ်လားဗျာ …

(ဗေ ပေါင် ထီး ပေါင် ထီ ထီ၊ ဗေ ပေါင် ထီး ပေါင် ထီ ထီ)

မောင်ပီဇီ – အာ ကိုဒီဘီကတော့ လုပ်ပြီ ခင်ဗျားက လူရွှင်တော်လေဗျာ .. လက်ဝှေ့ထိုးရမှာ မဟုတ်ဘူးဗျ၊ ဘာဖြစ်လို့ လက်ဝှေ့သမားတွေလို ထွက်လာတာလဲ။

မောင်ဒီဘီ – ကျွန်တော်လည်း အချိန်မှီ သွားလေ့ကျင့်လာတာဗျို့ … ဟော ဒီမှာ ဘယ်ဝိုက်၊ ဟော ဒီမှာ ညာဝိုက် … ဟော ဒီမှာ မိုက်ဝိုက် မဒမ် ဒီဘီ။

မောင်ပီဇီ – အန် ခင်ဗျားကလည်း ဘယ်က မဒန် ဒီဘီက ပါလာရပြန်တာလဲဗျ။ နာရီကွဲပြန်မလား … ကဲပါဗျာ … အဲဒါတွေထားလိုက်ပါ။ ကျွန်တော်ကတော့ မကြောက်ပေါင်ဗျာ … ကျွန်တော့်မှာ ပီးဆေးတွေရှိတယ်ဗျ … ဓားကျိုး၊ လှံခွေ၊ သံသေ၊ ခွေခေါက်၊ ဓားဦးမောက်လည်း မောင်ပီဇီနဲ့ တွေ့ရင် ခွေခေါက်သွားရမယ် ဘာမှတ်လဲ။ ကျွန်တော့်အဖိုးဆို ဓားနဲ့ထိုး ….

မောင်ဒီဘီ – ဘာဖြစ်တုန်း …

မောင်ပီဇီ – ဓားကျိုးသွားတယ်လေ … လှံနဲ့ထိုး ….

မောင်ဒီဘီ – အံမယ် … တယ်ဟုတ်ပါလား … ဘာဖြစ်တုန်းဗျ

မောင်ပီဇီ – လှံခွေသွားတယ်လေ။ ဒါပေမယ့် ခုသေရှာပါပြီဗျာ …

မောင်ဒီဘီ – ဘာဖြစ်လို့လဲဗျ …

မောင်ပီဇီ – ပုရွက်ဆိတ်ကိုက်လို့ အဆိတ်တက်ပြီး သေသွားပါရောလား

မောင်ဒီဘီ – အာဗျာ … ဓားတွေကျိုး၊ လှံတွေခွေတဲ့သူက ပုရွက်ဆိတ်ကိုက်တာလေးနဲ့ သေစရာလားဗျ။

မောင်ပီဇီ – သူ့ဆရာက ပီးဆေးထိုးပေးနေတဲ့ အချိန်မှာ … နာရီကွဲသွားလို့ဗျ (နာရီကွဲသည့် အကြောင်းကို သိချင်လျှင် ကိုဒီဘီ ဘလော့တွင်ရှုပါ အို အဆွေ)

မောင်ဒီဘီ – အာခင်ဗျားကတော့ လုပ်ပီ … ဒါနဲ့ မောင်ဇူးလူးကော မမြင်ပါလားဗျ … ဟေ … ဟေးးး မောင်ဇူးလူး

(ဂျိမ်းဂျိမ်းဂျိမ်း … အာဖရိက ဗုံသံများဖြင့် မောင်ဇူးလူး ဝင်လာစေ)

မောင်ပီဇီ – အာ .. မောင်ဇူးလူးတို့ကတော့ လုပ်ပြီ ဘာဖြစ်လို့ သံချပ်ကာ အင်္ကျီကြီး ဝတ်လာရတာတုံးဗျ …

မောင်ဇူးလူး – ဒီမှာ စစ်ဖြစ်နေတယ်ကြားလို့ဗျာ … အဲဒါကာဖရိကတောထဲကနေ မြို့တက်ပြီး တကူးတက ဝယ်လာတာ။ လေးလိုက်တာဗျာ … ဒါပေမယ့် ဒီအင်္ကျီကို ပေါ့သေးသေးတော့ မထင်နဲ့ဗျ။ ဒီအင်္ကျီဝတ်ပြီး ကာဖရိအတောထဲသွားတော့ ဆင်ကလိုက်လာတယ်ဗျ။ အဲဒါနဲ့ ကျွန်တော်လည်း ဘာရမလဲ ငါ့မှာ ဒီအင်္ကျီရှိတာပဲဆိုပြီး အဝှေ့ခံလိုက်တာ …

မောင်ဒီဘီ – ဘာဖြစ်သွားတုန်းဗျ

မောင်ဇူးလူး – ဘာမှမဖြစ်ဘူးလေ၊ ဆင်ပဲသေသွားတယ်။

မောင်ဒီဘီ – ဟာ တယ်ဟုတ်ပါလား၊ ခင်ဗျား ဒီတစ်ခါ လမ်းကြုံရင် တစ်ထည်လောက် ဝယ်ခဲ့ပါလား၊ MZ က အက်ဒမင်ကြီး ကိုစေတန်ကို ပေးချင်လို့ …

မောင်ဇူးလူး – ခင်ဗျားက စကားကိုဆုံးအောင်မှ နားမထောင်တာ၊ ဆင်ဝှေ့တဲ့အချိန်မှာ နောက်က သေနပ်နဲ့ ပစ်လိုက်လို့ ဆင်သေသွားတာဗျ … ကျွန်တော့် သံချပ်ကာအင်္ကျီက ဘောင်းဘီခွကြားကို ဖောက်ထွက်ပြီး ဆင်ကို ထိသွားတာဗျ … ကံကောင်းလို့ဗျို့ … အဲဒီလိုကောင်းတဲ့ အင်္ကျီ …

မောင်ပီဇီ – ဒါဆို ခင်ဗျား … ဘာမှတော့ မဖြစ်ပါဘူးနော် …

မောင်ဇူးလူး – ဘာမှမဖြစ်ပါဘူးဗျာ … သံချပ်ကာ အင်္ကျီထွင်တဲ့သူက ဟစ်ဟော့ သမားထင်တယ်၊ ဘောင်းဘီကြီးကို ခွကျကျကြီး ချုပ်ထားတာကိုး …

မောင်ပီဇီ – တော်သေးတာပေါ့ဗျာ … ဟစ်ဟော့ကယ်ပေလို့ … မဟုတ်ရင် မောင်ဇူးလူးတစ်ယောက် … ငါထင်သလိုဖြစ်မှာ …

မောင်ဒီဘီ – ခင်ဗျားက ဘာထင်တာလဲ

မောင်ပီဇီ – ကဲဗျာ … ကျွန်တော်ဘာထင်သလဲတဲ့ ပရိတ်သတ်ကြီးကော ဘာထင်သလဲ …

မောင်ဒီဘီ – အာဗျာ ခင်ဗျားကလည်း ပရိတ်သတ်ကြီးကို မမေးပါနဲ့ဗျာ … သူတို့က ခုတစ်လော ကျွန်တော်တို့ ပျော်တော်ဆက်တာကိုတောင် ရန်ဖြစ်တာလားဆိုပြီး လာကြည့်ကြတာဗျ … ဘာတွေများဖြစ်ဦးမလဲဆိုပြီး ထိုင်ချောင်းနေကြတာ မျက်တွင်းတောင် ဟောင်းလောင်းဖြစ်နေပါပေါ့လား … မယုံရင် ညမီးအိမ်ကိုကြည့်လေဗျာ …

မောင်ဇူးလူး – အဲ ရန်ဖြစ်တယ်ဆိုလို့ ခင်ဗျားတို့ကော ရန်ဖြစ်တတ်လား

မောင်ပီဇီ – ခင်ဗျားကလည်း ဖြစ်တတ်တာပေါ့ဗျာ

မောင်ဇူးလူး – ဖိုရမ်ပေါ်မှာ ရန်ဖြစ်တာကိုပြောတာနော်ဗျာ … ဖိုရမ်ပေါ်မှာ ရန်ဖြစ်နည်း နိဿရည်းဆိုပြီး ကျွန်တော် စာအုပ်ထုပ်မလို့ လုပ်နေတာ၊ ဒီက တပည့်ကြီးများ နာချင်သပဆို ပြောရတာပေါ့ဗျာ

မောင်ဒီဘီ – အံမယ် … ငါတို့ကိုများ တပည့်ကြီးများတဲ့ … မပြောချင်မပြောနဲ့ဟေ့၊ နားမထောင်ဘူး။ အိမ်ပြန်ပြီး နာရီကွဲတော့မယ်၊ အဲလေ ဟုတ်ပေါင် ယောင်လို့ …

မောင်ပီဇီ – အာခင်ဗျားကလည်း နာရီပဲ ကွဲနေတာပဲ … ပန်းအိုးလေး ဘာလေး ပြောင်းကွဲပါဦးဗျ … မောင်ဇူးလူးလေးရေ … မောင်ဇူးလူးလေးရေ …

မောင်ဇူးလူး – ဂျာဂျ …

မောင်ပီဇီ – ကျွန်တော်ခေါ်တာ မောင်ဇူးလူး ဂျူနီယာလေးကို ခေါ်တာဗျ … သူကော နေကောင်းလားဗျ .. အဟေးဟေး

မောင်ဇူးလူး – အာဗျာ သမီးသားရေးတွေ၊ ဇနီးမယားလေးတွေကို ခဏထားပြီး ကြီးပွားရေးအတွက် ဇီးပြားလေးစားပြီး တစ်သက်တာ ထာဝရတွက်ဖို့ရယ် … MZ မှာ ရန်ထွက်ဖြစ်ကြပါစို့ရဲ့ဗျာ …

မောင်ဒီဘီ – အာခင်ဗျားကတော့ လုပ်ပြီ၊ ဒီမှာ အမယ်ဘုတ်သူ့ချည်ခင်ကို ဘယ်သူလာရှင်းပါ့မယ် ဖြစ်နေရတဲ့ကြားထဲ

မောင်ပီဇီ – ငါကွ … ဘယ်မလဲ အဲဒီချည်ခင်၊ ဗီဒိုအာဏာသုံးပြီး အကုန်ဖျက်ပစ်လိုက်မယ်၊ ကြောင်အိမ်အာဏာသုံးပြီး အကုန်ဖြုတ်ပစ်လိုက်မယ်၊

မောင်ဒီဘီ – အာ ခင်ဗျားကလဲ … ဒီ ချည်ခင်လေးက အဲဒီလောက်လို့လို့လားဗျ … တစ်ခါတည်း မီးရှို့လိုက်ပြီးရော

မောင်ဇူးလူး – ခင်ဗျားတို့ ကြားက ဝင်ဖောက်နေတာနဲ့ ကျွန်တော်ပြောတာတောင် ဘယ်ရောက်သွားပါလိမ့် … ဖိုရမ်ပေါ်မှာ ရန်ဖြစ်နည်း နိဿရည်းလေး ပြန်စမယ်ဗျာ

မောင်ပီဇီ – ကိုဒီဘီရေ … ကျွန်တော် ဗိုက်နာလာလို့ အိမ်ခဏပြန်လိုက်ဦးမယ်

မောင်ဒီဘီ – အော် ဟုတ်တယ် ကျွန်တော်လည်း ခုမှ သတိရတယ် အိမ်ပြန်ပြီး အလုပ်လုပ်လိုက်ဦးမယ်

မောင်ဇူးလူး – ခင်ဗျားကြီးတို့နော် ကျွန်တော့်ကို အဲဒီလို မညစ်ကြနဲ့နော်။ သူတို့ပြောတာကြတော့ နားထောင်ရတယ်၊ သွပ်ပြားပြောတာကြတော့ နားမထောင်ကြဘူး၊ သွပ်ပြားကို ရက်စက်တယ်၊ ဒီက အရမ်းပြောချင်နေတဲ့ ဟာပဲ … ဟာပဲ … ဟာပဲ …

မောင်ပီဇီ – ဟဲ့ဟဲ့ … ခင်ဗျား လေယဉ်နဲ့ ပြန်လာတုန်းက ယိုးဒယားများဖြတ်ပျံလာသလား၊ ဘဝများပြောင်းသွားပြီလား၊ မှတ်ပုံတင်ချိန်းသွားပြီလား၊

မောင်ဒီဘီ – ဘာတုန်းဗျ မှတ်ပုံတင်ချိန်းတယ်ဆိုတာ၊

မောင်ပီဇီ – ဒီနေရာမှာတော့ ဒိတ်အောက်သွားပြီ ကိုဒီဘီရေ … ယိုးဒယားမှာ တရားဝင် ယောင်္ကျားဘဝကနေ မိန်းမဘဝကို ပြောင်းလို့ရတယ်လေ၊ ဒီတော့ မှတ်ပုံတင်ပါ ချိန်းရတော့မှာပေါ့ဗျ။

မောင်ဒီဘီ – ဒါကြောင့်ထင်တယ်၊ ဟိုတစ်နေ့က ခင်ဗျား အိပ်ထဲက ခင်ဗျားမှတ်ပုံတင်မှာ မပီဇီ ဆိုလားပဲ။

မောင်ပီဇီ – အာဗျာ … ခင်ဗျားကတော့ နောက်ပြီ။ ကျွန်တော် ယိုးဒယားမရောက်ဘူးသေးပါဘူးဗျ။

မောင်ဒီဘီ – ရောက်ရင်တော့ ပြောင်းမယ်ပေါ့။

မောင်ပီဇီ – တော်တန်တိတ်၊ အကြော်ပန်းကန်ဖိတ်၊ ဒီစကားကို ဆက်ပြောမယ်ဆိုရင် MZ မှာ Thread ဖွင့်ပြီး ရန်ဖြစ်ပလိုက်မှာနော်၊ ဘာမှတ်လဲ၊ အဲဒီလိုရန်ဖြစ်ရင် ရန်ဖြစ်ဖော် ဖြစ်ဖက်တွေ နည်းတာမဟုတ်ဘူး၊ ငှဲငှဲ၊ “Thread ဖွင့်လိုက်ရမလား၊ Thread ဖွင့်လိုက်ရမလား” (“ဖုန်းဆက်လိုက်ရမလား၊ ဖုန်းဆက်လိုက်ရမလား” ဟူသော သံစဉ်ဖြင့် ဆိုစေ၊ ထိုသို့ ဆိုသောအခါ နောက်မှ အိုင်းစတိုင်း၊ mmlegend နှင့် အင်ဖို တို့မှ သံယောင် လိုက်စေ)

http://www.mysteryzillion.org/forums/showthread.php?t=3773

One response to “MZ လက်ဝှေ့ပွဲကြီး”

  1. ဟုတ်တယ်ဗျာတော်တော်ရယ်ရတယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.