ငယ်ငယ်တုန်းကပဲ ဆိုရမလား ၊ လွန်ခဲ့တဲ့ ၂ နှစ် ကျော်လောက်ကပဲ ဆိုရလေမလား မသိ။ အဲဒီတုန်းက Joomla ကို သုံးခဲ့သလို wordpress ကိုလည်း သုံးခဲ့တယ်။ PHP ကို သိပေမယ့် Joomla Template ဘယ်လို ရေးရမလဲဆိုတာ မသိသလို wordpress theme ဘယ်လို ရေးရမလဲဆိုတာ မသိဘူး။ အဲတုန်းက အတွေးကို ပြန်စဉ်းစားလိုက်ရင် theme တွေ အများကြီးပဲ လိုအပ်တာ တစ်ခု ယူသုံးလိုက်ရုံပဲလို့ စဉ်းစားမိတယ်။ Premium Theme တွေလည်း ဝယ်သုံးနေဖို့ မလိုပါဘူးကွာ။ warez site တွေ blog တွေကနေ အလကား ရနေတာပဲ လို့ တွေးခဲ့တယ်။ အခြား website တွေကိုလည်း ခိုးကူးထားတဲ့ template လှလှလေးတွေ ရှာပြီး သုံးလိုက်ရင် လန်းသွားတာပဲလို့ တွေးခဲ့တယ်။
အခု အချိန်မှာ စဉ်းစားမိရင် တော်တော် ရှက်ဖို့ ကောင်းတယ်ဆိုတာကို မြင်လာမိတယ်။ အဲဒီ အချိန်အခါတုန်းက မြန်မာ နိုင်ငံ အထူးသဖြင့် ကျွန်တော့် ဝန်းကျင်မှာလည်း creative design တွေ ဖန်တီးနိုင်တဲ့ သူတွေ နည်းသလို ကျွန်တော် ကိုယ်တိုင်လည်း template တွေ မရေးတတ်ဘူး။ မရေးတတ်ဘူးဆိုတာထက် မလေ့လာချင်ဘူး။ ebook ဖတ်ပြီး လေ့လာလိုက်ရင် မကြာပေမယ့် လေ့လာရမှာ ပျင်းနေခဲ့တယ်။ template တစ်ခု ဆွဲရတာ ဘယ်လောက် ကြာသလဲဆိုတာကို နားမလည်သလို design ကောင်းလေး တစ်ခုရဖို့ ဘယ်လောက် တွေးတော စဉ်းစားရတယ်ဆိုတာကလည်း မသိနားမလည်ခဲ့တာ အမှန်ပဲ။ တနည်းပြောရင် အခြားသူ ဖန်တီးထားတာတွေကို လေးစားရကောင်းမှန်း မသိခဲ့သလို ကိုယ်တိုင်လည်း ဖန်တီးမှု မရှိခဲ့ဘူး။ ဒီတော့ ခိုးကူး သုံးလည်း ဘာမှ မဖြစ်ဘူး။ ခိုးကူး template တွေကို သုံးပြီး ကိုယ့် website design တွေကို ကိုယ့်ဘာသာကိုယ် သဘောတွေကျနေခဲ့တယ်။
အခုအချိန်မှာတော့ ပြန်တွေးမိရင်တော့ အဲဒါက ရှက်ဖို့ ကောင်းတဲ့ အရာမှန်း နားလည်လာခဲ့ပြီ။ လက်ရှိ blog design က ၁ ရက်တည်းပဲ အချိန်ကြာခဲ့ပေမယ့် design idea ကို ၁ ရက် မက စဉ်းစားခဲ့ရတယ်။ ဘာ အရောင်တွေ သုံးသင့်သလဲဆိုတာကိုလည်း ၁ ရက် မက စဉ်းစားခဲ့ရတယ်။ အဲလို ပဲ MZ ရဲ့ design က ၁ ရက်တည်းနဲ့ အပြီးဆွဲခဲ့ပေမယ့် design အတွက် ဘာ အရောင်တွေ သုံးရမယ် ဘယ်လို pattern တွေ ထားရမယ်ဆိုတာကို ၁ ရက် မက စဉ်းစားခဲ့ရတယ်။ လက်ရှိ Blog Design နဲ့ MZ Design က ပထမ version တွေ မဟုတ်ခဲ့ဘူး။ ဒီ design မရောက်ခင်မှာ အကြမ်းဆွဲခဲ့တဲ့ design တွေ အများကြီးရှိခဲ့တယ်။ ကျွန်တော် က Web Designer တစ်ယောက် မဟုတ်သလို Web Designer လို့လည်း ဘယ်တော့မှ မခံယူထားဘူး။ Web Design ပိုင်းမှာ ကျွန်တော် အားနည်းတယ်။ အခြား လူတွေရဲ့ Design တွေကို လေ့လာရင်းနဲ့ ပေါင်းစပ် အသုံးချခြင်းကိုသာ တတ်ကျွမ်းတယ်။ ဒါကြောင့် နောက်ပိုင်း design တွေမှာ ကျွန်တော် သဘောကျတဲ့ website တွေရဲ့ design တွေ color တွေ ရောထွေး ပါဝင်နေတာကို တွေ့မှာပါ။
Theme တစ်ခုကို ဆွဲရတာ မခက်ပါဘူး။ သို့ပေမယ့် design ကောင်း တစ်ခုရဖို့ ဆိုတာကတော့ မလွယ်တာ အမှန်ပဲ။ Design ကောင်းကောင်း တစ်ခု ရဖို့ အတွက် အချိန်တွေ ပေးဆပ်ရပါတယ်။ Warez site တွေမှာ theme လှလှလေးတွေ ရနိုင်ပါတယ်။ နောက်ပြီး လူကြိုက်များတဲ့ premium theme တွေလည်း ရနိုင်တာပဲ။ ဘာလို့ ဝယ်သုံးမှာလဲ လို့ တွေးကောင်း တွေးနိုင်ပါတယ်။ သဘောကျရင် ကြိုက်ရင် ဝယ်သုံးနိုင်ရင် ဝယ်သုံးသင့်တယ်လို့ပဲ ဆိုပါရစေ။ ဘာလို့လည်း ဆိုတော့
၁။ ကိုယ်တိုင် အဲလိုမျိုး မဆွဲတတ်ဘူး။
၂။ ကိုယ်လိုချင်တဲ့ Design မျိုး feature တွေ ပါဝင်နေတယ်။
၃။ Supporting ကောင်းကောင်းရမယ်။
သို့ပေမယ့် အချို့ theme site တွေက member ဝင်ရတာတွေ ရှိတယ်။ အချို့ theme တွေကတော့ ၁ ခုတည်းပဲ ရောင်းပေမယ့် အရမ်း ဈေးကြီးတာတွေ ရှိပါတယ်။ Theme တစ်ခု လိုချင်ပေမယ့် ဈေးကြီးကြီး member ပေးမဝင်ချင်တဲ့ အခါတွေ ရှိသလို လိုချင်တဲ့ theme က ဈေးအရမ်းကြီးနေတာမျိုးတွေ လည်း ကြုံဖူးတယ်။ အဲဒီလို ကြုံလိုက်တိုင်း ကိုယ့်မှာ ရှိထားတဲ့ ခိုးကူး theme ကိုပဲ ယူသုံးချင် စိတ်တွေ ပေါက်ပေါက်လာတဲ့ ရက်တွေလည်း ရှိခဲ့ဘူးတယ်။ theme တွေကတော့ warez site တွေနေ download ချဘူးတယ်။ သူတို့ ဘယ်လိုရေးထားလဲဆိုတာကို လေ့လာချင်တာတွေ ကြောင့်လည်း ပါတယ်။ သူတို့ ရေးထားတာတွေက ပညာရစရာတွေ ပါသလို bug တွေလည်း ပါတာတွေ ရှိတတ်ပါတယ်။
မဝယ်နိုင်ဘူး။ မဝယ်ဘူး သေချာရင်တော့ ကိုယ့်မှာ တန်ဖိုး အရှိဆုံး အချိန်ကို ပေးဆပ်ဖို့ ပြင်ဆင်ရပါပြီ။ အချိန် တစ်ခုပေးပြီး ကိုယ်လိုချင်တဲ့ template ကို အစ အဆုံး ရေးဆွဲရပြီ။ သို့ပေမယ့် ဆွဲပြီးသွားတဲ့အခါမှာတော့ ကိုယ့်ဘာသာ ကိုယ် ဂုဏ်ယူမိသလို ဝင့်ကြွားမှုလည်း ရှိတယ်ဆိုတဲ့ ခံစားမှုလေးက ခိုးကူး သုံးပြီး လှ ပနေတဲ့ website ဝင့်ကြွားမှုထက် အသာကြီးသာပါတယ်ဗျာ။ သို့ပေမယ့် ကိုယ်တိုင် မရေးဆွဲနိုင်တဲ့အခါမှာတော့ ဝေခွဲမရ ဖြစ်ရတာတော့ အမှန်ပဲ။ ဘာနဲ့ တူသလဲဆိုတော့ Photoshop CS5 သုံးပြီးနောက်ပိုင်း GIMP ကို ဘယ်လိုမှ သုံးမရတော့ သလိုပဲ။
ဒီနေ့ Jack Ma ( CEO of Alibaba ) ရဲ့ interview ကိုကြည့်လိုက်ရတယ်။ သူပြောသွားတဲ့ စကားလေး တစ်လုံးကို သဘောကျတယ်။
Innovation is a culture.
ဆိုတဲ့ စကားလုံးလေးပဲ။ အဲဒါကို ကြည့်ပြီး ကျွန်တော် နားလည် လာတာကတော့
Pirated is a culture.
ဆိုတာ ဖြစ်နေပြီဆိုတာပဲ။ အချို့ software တွေက ဈေးအရမ်းကြီးလွန်းလို့တယ်။ ဥပမာ။ photoshop , lightroom အပြင် adobe က product တွေက မတန်မဆ များလှတယ်လို့ ဆိုရလိမ့်မယ်။ အခုခေတ်မှာ ရုပ်ရှင်ကားတွေ ဝယ်ကြည့်တာတွေ ရှားပါးလာပြီ။ အကုန်လုံး online ပေါ်ကနေ download ဆွဲပြီး ကြည့်လာကြတယ်။ Environment ကြောင့်ဆိုပြီး အပြစ်တင်လို့ မရတဲ့ ပတ်ဝန်းကျင်ရောက်လာပေမယ့်လည်း တချိန်တခါက အကျင့်လေးတွေ ပါလာတာပဲ။ software တွေ ဝယ်လို့ ရပေမယ့် ပိုက်ဆံ သက်သာအောင် download ချကြည့်လိုက်ပါမယ်ဆိုတဲ့ အတွေးတွေ ကျွန်တော်တို့တွေမှာ ရှိသွားပြီ။ တနည်းပြောရင် ကျွန်တော်တို့ဟာ တဖြည်းဖြည်းနဲ့ pirated သဘာဝက စိမ့်ဝင် ပျော်ရွှင်နေကြပြီ။
အခု နောက်ပိုင်း Pirate Software တွေအတွက် SASS ကို ပြောင်းလဲ လာကြတယ်။ အဲဒီအတွက်ကြောင့် software pirate လုပ်လို့ မရလာသလို ဈေးလည်း သက်သာလာတယ်။ အဲလိုပဲ အခွေတွေလည်း online ပေါ်ကနေ ငှားပြီး ကြည့်လာလို့ ရတယ်။ သို့ပေမယ့် singapore မှာတော့ Netflix က မရသေးပါဘူး။ တစ်ခါတစ်လေ မခိုးဖို့ပြောနေတာထက် ခိုးစရာမလိုအောင် ဈေးသက်သက်သာနဲ့ ဖန်တီး ပေးလာနိုင်ဖို့ လိုတယ် လို့ ထင်တယ်။ ခိုးကူးတာထက် ဝယ်သုံးတာ ပိုကောင်းတယ်ဆိုတဲ့ logic တွေ ကျွန်တော်တို့တွေမှာ ရှိလာဖို့ လိုအပ်သေးတယ်။ ဝယ်သုံးနိုင်ပေမယ့် ဝယ်လို့ မရတဲ့ ပြဿနာတွေရှိနေသေးတယ်။ iPhone app တစ်ခုကို ပိုက်ဆံ ၁ ထောင် နဲ့ လူတိုင်း ဝယ်နိုင်တယ်။ သို့ပေမယ့် ဝယ်မရလို့ ခိုးကူးသုံးနေရတဲ့ ပြဿနာတွေ ရှိနေတယ်။
လုပ်ချင်ပေမယ့် လုပ်လို့ မရတာတွေကြောင့် ကျွန်တော်တို့တွေမှာ ခိုးကူးသုံးတာက ယဉ်ကျေးမှု တစ်ခု လိုဖြစ်လာတယ်။ ခိုးကူးသုံးရတာဟာ ရှက်ဖို့ ကောင်းတဲ့ အရာလို့ မမြင်တော့ဘူး။ သို့ပေမယ့် theme တွေ design တွေက ခိုးကူး မသုံးပဲနဲ့ free သုံးပြီး လိုချင်တာတွေ ပြင်လို့ ရနိုင်မလား ဆိုတာကို စဉ်းစားတတ်ဖို့ လိုတယ်။ ဥပမာ။။ Windows မသုံးပဲ Ubuntu ပြောင်းသုံးဖို့ alternative choice တွေ စဉ်းစားတတ်ဖို့ လိုလာတယ်။ သို့ပေမယ့် Photoshop သမားတွေ အတွက် Adobe InDesign , Page Maker သမားတွေအတွက် အရမ်း အဆင်ပြေကြီး မဟုတ်လှပြန်ဘူး။ တစ်ခါတစ်လေ မဝယ်နိုင်လို့ ခိုးတာ ရှိသလို ခိုးလို့ ရလို့ ခိုးတာတွေလည်း ရှိလာတယ်။ ငယ်စဉ်က သင်ကြားခဲ့တဲ့ အထဲမှာ ခိုးတာ မကောင်းဘူးဆိုတာကို သင်ခဲ့ပေမယ့် pirate software တွေကို video တွေကို ပျော်ပျော်ကြီး ခိုးသုံးနေဆဲပါ။
ကျွန်တော်တို့ နေ့စဉ် ဘဝမှာ ခိုးကူးတာတွေ နဲ့ ကင်းပြီး ဘယ်တော့များ နေနိုင်မလဲဆိုတာကို တစ်ခါတစ်လေ စဉ်းစားမိတယ်။ GIMP ထက် photoshop CS 5 ကို သာ သုံးချင်တယ်။ Open Office ထက် MS Office ကို သာသုံးချင်ကြတယ်။ ကျွန်တော်ကတော့ iWork ကို ပိုက်ဆံ ပေးပြီး ဝယ်ထားပါတယ်။ နောက်ပြီး Developer တွေအနေနဲ့ TextWrangler ထက် TextMate ကို သာ သဘောကျတယ်။ အခုအချိန်မှာ ခိုးကူး မသုံးပဲ ထိန်းနိုင်တာဆိုလို့ iPhone , iPad app တွေနဲ့ theme design တွေပဲ ရှိတော့တယ်။ တကယ်တန်းတော့လည်း pirate software တွေ မသုံးပဲ အခွေတွေကို download မချပဲ ရပ်တည်နေထိုင်ဖို့ဟာ ကျွန်တော့် အတွက် တော်တော် ခက်နေသလားလို့ စဉ်းစားရင်းနဲ့ …
Leave a Reply