ခြေရာပျောက်မြစ်

ရန်ကုန် ပြန်တုန်းက ခြေရာပျောက်မြစ် စာအုပ် ဝယ်ခဲ့တယ်။ စာရေးဆရာ က ဦးသန့်မြေး ဒေါက်တာသန်းမြင့်ဦး ရေးထားပြီးတော့ မြနှင်းဆီ ဘာသာပြန်ထားတာပါ။ စာအုပ်ကို စဖတ်လိုက်ကတည်းက စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ သီပေါမင်း ပါတော်မူတာကနေ စပြီးတော့ မြန်မာ့ သမိုင်း အစအဆုံးကို ရေးသားထားပါတယ်။ အစပိုင်းမှာ သမိုင်း ကြောင်းက အစီအစဉ် မကျလှပဲ ဆက်စပ်ရာ သွားနေတယ်။ သို့ပေမယ့် ကျွန်တော်တို့ မသိခဲ့ရတဲ့ သမိုင်းတွေ ပါဝင်နေတယ်။ ရှေးခေတ်က မွန်တွေ ရဲ့ အကြောင်း ၊ နောက်ပြီး အလောင်းမင်းတရား သာ မရှိခဲ့ရင် တတိယပြည်ထောင်စုက မွန်မင်း တည်ထောင်တယ်များ ဖြစ်သွားလေမလား ဆိုပြီး အံအားသင့်ဖွယ် ဖတ်ခဲ့ရတယ်။ အလောင်းမင်းတရားဟာ အံဩဖွယ်ကောင်းလှတယ်။ မုဆိုးဖို ရွာသူကြီးကနေ ဘုရင်တပါး ဖြစ်လာဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်လှဘူး။ စာအုပ်ကို ဖတ်ရင်းနဲ့ မြန်မာတွေ မွန်တွေကို အနိုင်ကျင့်ခဲ့ပါသလားဆိုပြီး သိလာရတဲ့ အချက်တွေလည်း ပါဝင်တယ်။ ဒီ စာအုပ် မဖတ်ခင်အဓိတော့ အဲဒီလို မတွေးမိခဲ့တာ အမှန်ပါ။ ကျွန်တော် သမိုင်းဖတ်တိုင်း သဘောကျတဲ့ အပိုင်း တစ်ပိုင်း ရှိတဲ့။ ဆင်ဖြူရှင်လက်ထပ် တရုတ်ကို ခုခံတာပဲ။ သို့ပေမယ့် ကျောင်းမှာ သင်ခဲ့တာ အရမ်းတိုလွန်းလှတယ်။ အခု စာအုပ်မှာပဲ သေသေချာချာ ဖတ်ရတော့ ကျေနပ်မိတယ်။

ခြေရာပျောက်မြစ်

အထူးသဖြင့် ဖတ်လို့ ကောင်းတဲ့ အပိုင်းတွေက အင်္ဂလိပ် မြန်မာ စစ်ပွဲပါ။ မဟာဗန္ဓုလှ ဘာလို့ အကျခံလိုက်ရတာလည်း တွေးနိုင်အောင် လမ်းစလေးတွေ ပေးခဲ့ပါတယ်။ အင်္ဂလိပ်မြန်မာစစ်ပွဲ စပြီးကတည်းက မြန်မာနိုင်ငံဟာ တဖြည်းဖြည်း အားနည်းလာတာကို တွေ့ရတယ်။ နောက်ပြီး မြန်မာ ပြင်သစ် ဆက်ဆံရေး အကြောင်းနဲ့ ကင်းဝန်မင်းကြီး ဦးကောင်း အင်္ဂလန်သွား အတွေ့အကြုံတွေကို ဖတ်လိုက်ရတယ်။ ကျောင်းတုန်းက သင်ခဲ့ပေမယ့် လိုက်ပြီး တွေးနိုင်စွမ်း မရှိသေးသလို ကျောင်းက စာတွေဟာ အဓိက မျိုးချစ်စိတ် ရှင်သန်ထက်မြက်ရေးကို အသားပေးရေးထားတာကြောင့်လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သီပေါမင်း နာမကျန်းဖြစ်တော့ ရှုပ်ထွေးကုန်တဲ့ နန်းတွင်းရေး နောက်ပြီး သီပေါမင်း အကြောင်းကို အခြား ဖတ်ဖူးတဲ့ စာအုပ်တွေ ထက် ပိုမို ပါဝင်တယ်။ မြန်မာ့ သမိုင်း အများစုဟာ သီပေါမင်း ပါတော်မူပြီး နောက်ပိုင်း ဘာဆက်ဖြစ်တယ်ဆိုတာကို မသင်ခဲ့သလို စာအုပ်တွေလည်း ဟိုအရင်က ဝယ်ဖတ်မရခဲ့ပါဘူး။ အခုစာအုပ်မှာတော့ သီပေါမင်း ခံစားရတဲ့ ဝေဒနာတွေ ဒေါသတွေ စတာတွေ ပါဝင်တယ်။ သီပေါမင်း လက်ထပ် နန်းတွင်း အရှုပ်တော် ပုံတွေ အကြောင်းလည်း အခြား ဖတ်ဖူးတဲ့ စာအုပ်တွေ ထက် ပိုပြီး ပါဝင်လာတယ်။ တကယ့် ကို ဖတ်လို့ ကောင်းပါတယ်။ သမိုင်း အကြောင်းတွေ ဖတ်ခဲ့ဖူးပေမယ့် ဒီစာအုပ်မှာတော့ သမိုင်းဆိုတာထက် ရုပ်ရှင်တကားလို ဝတ္ထုတစ်ပုဒ်လို ဘာရှေ့ဆက်ဖြစ်မလဲဆိုတာကို သိရက်နဲ့ တောက်လျှောက် ဖတ်ဖြစ်နေမိတယ်။ စာအုပ်ထဲမှာ တစ်ခါမှ မဖတ်ဖြစ်ဖူးတဲ့ အကြောင်းတွေ ပါတော့ မှန်မမှန် ဖြစ်နိုင် မဖြစ်နိုင် ကိုယ့်ဘာသာ ကိုယ် တွေးတော ရတာလေးတွေတော့ ရှိတယ်။

အင်္ဂလိပ် မြန်မာ စစ်ပွဲ ထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းပြီး ရေးထားတာ အသေးစိတ်ပြီး သွက်လက်လာတာကတော့ မြန်မာ ကိုလိုနစ် ခေတ် အကြောင်းပါပဲ။ ကရင် တွေ အကြောင်း နောက်ပြီး ကချင်တွေ အကြောင်း ပါဝင်ပြီး တိုင်းရင်းသားတွေ အကြောင်းကို ပိုပြီး နားလည် လာတယ်။ နောက်ပြီး ဆရာစံ အကြောင်း ပါဝင်လာတယ်။ မြန်မာ တွေ နဲ့ ကရင် မတည့်ကျတဲ့ အကြောင်းကိုလည်း ရေးသားထားတယ်။ ဘယ်သူမှန်သလဲ မှားသလဲဆိုတာကို ဆုံးဖြတ်ရခက်ပါတယ်။ မြန်မာ့ သမိုင်း အကြောင်းမှာ ဦးသန့်ကလည်း အရေးပါလှပါတယ်။ ဦးသန့် ရဲ့ ဘဝ အကြောင်းကို ဒီ စာအုပ်ထဲမှာ သေသေချာချာလေး ရေးထားပေးတယ်။ နောက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ရဲ့ စိတ်ဓာတ် ။ ဗိုလ်ချုပ်အောင်ဆန်း ဂျပန်မှာ စစ်ပညာသင်ယူခဲ့တဲ့ အကြောင်းတွေ နောက်ပြီး ဒီစာအုပ် ဖတ်မှ ဗိုလ်ချုပ်အောင်ဆန်းဟာ အမြဲမှန်ခဲ့တာ မဟုတ်ဘူး။ အမှားကို သိတာ နဲ့ အမှန်ကို ချက်ခြင်း ပြင်နိုင်တဲ့ သတ္တိ ရှိတာကို သိလိုက်ရတယ်။ ပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ ခေါင်းဆောင်နိုင်စွမ်းတွေကိုပါ တွေ့နိုင်တယ်။ ဒုတိယ ကမ္ဘာစစ် ဆိုးကျိုးတွေ ။ အထူးသဖြင့် စစ်ရဲ့ ဆိုးကျိုးတွေကို တွေ့နိုင်အောင် ဖော်ပြရေးသားထားတယ်။ စစ်ဖြစ်လို့ စစ်ပြေးရတဲ့ ဒုက္ခသည်တွေရဲ့ ဘဝကို ကိုယ်ချင်းစာနိုင်မိအောင် ရေးသားနိုင်တယ်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတဲ့ ကိစ္စ ၊ နောက်ပြီး ဝန်ကြီးချုပ် ဦးနုလက်ထပ်အကြောင်းကိုလည်း ရေးသားထားပါသေးတယ်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာ့သမိုင်းအကြောင်းကို ကျွန်တော်တို့ လက်ထပ် မှာ မသင်ခဲ့ရဘူး။ အိမ်စောင့် အစိုးရ အကြောင်း သင်ခဲ့ပေမယ့် သေသေချာချာ ကြီးတော့ မဟုတ်ဘူး။ ဒီစာအုပ်မှာတော့ ကျွန်တော် တစ်ခါမှ မဖတ်ဖူးသေးတဲ့ လွတ်လပ်ရေးရပြီး မြန်မာ့ သမိုင်းကြောင်းကို အားပါးတရ ဖတ်ရတယ်။ စိတ်ပျက်ဖို့လည်း ကောင်းလှတယ်။ မျှော်လင့်ချက် ရောင်ခြည်တွေ ရှိပေမယ့် အကွဲအပြဲတွေ ကူမင်တန် ပြဿနာတွေ နဲ့ တောက်လျှောက် စစ်နဲ့ တင်ပဲ အချိန်ကုန်သွားရတယ်။ လွတ်လပ်ရေးကြီး ပြီးသွားတယ်။ တိုင်းပြည်ကတော့ ပြည်တွင်းစစ်ထဲမှာ တဝဲဝဲလည်ပဲ။ ဦးနုလက်ထပ်က တိုးတက်သင့်သလောက် တိုးတက်တယ်။ သို့ပေမယ့် တတိုင်းပြည်လုံး နဲ့ ယှဉ်ရင်တော့ ပြည်တွင်းစစ် အခြေအနေ တော်တော်လေးကို ဆိုးဝါးလှတယ်လို့ ဆိုနိုင်တယ်။ ဗိုလ်ချုပ်နေဝင်း တော်လို့တာ အခုအချိန်မှာ အထက်မြန်မာ အောက်မြန်မာ မကွာသွားတာ ဖြစ်ကောင်း ဖြစ်မယ်လို့လည်း တွေးမိတယ်။ ဦးနုခေတ်မှာ ဦးသန့်က ဦးနုကို ကူညီခဲ့တာတွေ နောက်ပြီး ဦးနု က ဦးသန့်ကို ကုလသမ္မဂ္ဂ မှာလုပ်ဖို့ စေလွှတ်ခဲ့တာတွေ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အကြောင်း အနည်းငယ်ပါဝင်ပါတယ်။ ဦးနေဝင်း အာဏာသိမ်းခဲ့ပြီးတော့ တိုင်းပြည်အခြေအနေ ပြောင်းလဲသွားတာတွေ နောက်ပြီးတော့ ဝ စစ်တပ်အကြောင်း ကချင်စစ်တပ် အကြောင်းတွေလည်း ပါဝင်ပါတယ်။ နောက်ဆုံး ရွှေဝါရောင် အရေးအခင်းမှာ စာအုပ်ပြီးသွားပါတယ်။ ဦးသန်းရွှေ အကြောင်းကတော့ မပါသလောက်ပါပဲ။ ဦးစောမောင် အကြောင်းလည်း မပါတာကို တွေ့မိတယ်။ ၁၉၉၀ ပြီးတဲ့ နောက်ပိုင်း အကြောင်းအရာတွေက သေသေချာချာ ရေရေရာရာ မပါဝင်တာကို တွေ့ရတယ်။

ကျွန်တော်ဖတ်ပြီးတော့ ကိုယ့်တိုင်းပြည် အခြေအနေ နဲ့ ရုန်းကန်နေရတာတွေကို သဘောပေါက်မိတယ်။ တိုင်းပြည်ဟာ ဟိုးအရင်ကတည်းက အတိုင်း စိတ်ဓာတ်နဲ့ အကျင့်တွေ မပြောင်းလဲ သွားတာကိုလည်း တွေ့ရတယ်။ အထူးသဖြင့် တိကျ ကောင်းမွန်တဲ့ သမိုင်းစာအုပ်တွေ ရှားပါးပြီး မျိုးချစ်စိတ် ရှင်သန်ထက်မြက်စေတဲ့ သမိုင်းစာအုပ်တွေ များလှတော့ ဒီသံသရာကြီးပဲ ထပ်ကာထပ်ကာ လည်နေသလိုပဲ။ ဒီစာအုပ်ဖတ်ရင်းနဲ့ ဖြစ်ပြန်ပြီ။ တစ်ပုံစံတည်း ပါလားလို့ တွေးမိတဲ့ အခေါက်က မနည်းလှပေဘူး။

မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ဖတ်သင့်တဲ့ စာအုပ်ပါ။ ကျောင်းမှာ သင်ခဲ့တဲ့ သမိုင်းတွေထက် ပိုပြီး ကောင်းမွန်လှတဲ့ မြန်မာ့ သမိုင်းကြောင်းကို ဖတ်ရမှာပါ။ တစ်ခါမှ မသင်ခဲ့ရဘူးတဲ့ မြန်မာ တိုင်းရင်းသားတွေရဲ့ အကြောင်းတွေပါ ဖတ်ရင်း သူတို့ကို နားလည်လာနိုင်တဲ့ စာအုပ်ကောင်း တစ်အုပ်ပါ။

( cover ပုံကိုတော့ Myanmar Book Shop  က ယူထားပါတယ်။ )

2 Comments

  1. Tun Win Naing says:

    ခြေရာပျောက်မြစ် ကို ဝေဖန်ထားတဲ့ စာအုပ်ထွက်ထား တာရှိတယ် … နာမည်မေ့နေတယ်ဗျ

  2. Gwa Si says:

    ကို ထွန်းဝင်းပြောတာ ဒါလားမသိဘူး

    http://www.scribd.com/doc/128054594/Mistakes-in-the-River-of-Lost-Footsteps-by-Thant-Myint-U

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.