နေရူး၏ ထောင်တွင်းမှ သမီးထံ ပေးစာများ

လူထု ဒေါ်အမာ ဘာသာပြန်ပြီး ရေးထားသည့် စာအုပ်လေး တစ်အုပ်ပါ။ နေရူး အကြောင်း ကို ဦးနုရဲ့ တာတေ စနေသား ဖတ်ပြီး ကတည်း ဖတ်ကြည့်ချင်ခဲ့တယ်။ နေရူးဟာ ဘယ်လိုမျိုးလူလဲ ဆိုတာ ဦးနု ပြောတာ တစ်ခုတည်းနဲ့ မယုံကြည်ချင်တာလည်း ပါတယ်။ ဒီစာအုပ်ဟာ ဝယ်ထားတာကြာပေမယ့် ရှေ့မှာ စာအုပ် ၂ အုပ် ခံသွားလို့ အခုမှ ဖတ်ဖြစ်တယ်။ ပါးပါးလေးပဲ။ ၁ ရက် ပဲ ကြာတယ်။ စာတွေ အများကြီးထဲမှာ စာ ၂၁ စောင်ထဲပဲ ပါလို့ အားမရ မိတာ အမှန်ပဲ။

စာတွေ ဖတ်ကြည့်လိုက်တိုင်း သမီးပေါ်မှာထားသည့် အချစ် နှင့် နိုင်ငံပေါ်မှာ ထားသည့် စိတ်ကို မြင်ရတယ်။ တကယ်ကို လေးစားဖို့ ကောင်းသည် ။ သူ့စာတွေ ဖတ်ကြည့်လိုက်တော့ ပညာတတ်တယ်။ အင်္ဂလိပ်ကို မုန်းတာ မဟုတ်ဘူး။ ကိုလိုနီစနစ်ကို မကြိုက်တာ။ လွတ်လပ်ရေးကို ဘာကြောင့် လိုချင်လဲ ဆိုတာတွေ ပါလာတယ်။ အခုခေတ်မှာ အချို့လူငယ်တွေက ဗိုလ်ချုပ် လွတ်လပ်ရေး ယူခဲ့တာ အပြစ်တင်တာတွေ တွေ့မိတယ်။ ဒီစာအုပ်ကို ဖတ်ကြည့်မှ ဘာလို့ လွတ်လပ်ရေး မြန်မြန်လိုချင်လဲ ဆိုတာကို သဘောပေါက်လာတယ်။ ကိုလိုနီစနစ် ဟာ ကျွန်တော်တို့ မကြုံတွေ့ခဲ့ရသည့် အတွက် နားမလည်နိုင်ဘူး။ သွေးခွဲ အုပ်ချုပ်မှု ဆိုတာကို နေရူး ရေးသည့် စာတွေ ဖတ်မှပဲ အနည်းငယ် နားလည်လာတော့တယ်။ လွတ်လပ်ရေး ဘာကြောင့်လိုချင်လဲ။ ဘယ်လိုတွေ ပြဿနာတွေ များခဲ့လဲ စတာတွေကို စာ ၂၁ စောင်လောက်နဲ့ အနည်းငယ် သဘောပေါက်အောင် ရှင်းပြထားတယ်။

နောက်တချက်က မြန်မာတွေ ၂ ယောင်းပေါင်း ၂ ဖွဲ့ကွဲတယ် ဆိုသည့် စကားက  အခုခေတ် စကား နဲ့ ပြောရင် ဂျင်း စကား သွေးခွဲ စကားလို့ ထင်မိတယ်။ ၂ ယောက်ပေါင်း ၂ ဖွဲ့ ကွဲတယ်ဆိုတာ မရင့်ကျက်သည့် လူ့အဖွဲ့အစည်း တိုင်းမှာ ဖြစ်ခဲ့တယ်။ အိန္ဒိယမှာလည်း ဖြစ်တယ်။ အခြား နိုင်ငံတွေမှာလည်း ဖြစ်တယ်။ မရင့်ကျက်သေးသည့် လူအဖွဲ့အစည်းက အတ္တကို ကိုင်စွဲထားတယ်။ အထူးသဖြင့် မိမိ ကိုးကွယ်သည့် ဘာသာ ကို အမှန်ဆုံး ဖက်တွယ်ထားတာကြောင့်လည်း ပါတယ်။ ရှေ့ဆက်ဖို့ ကြိုးစားပေမယ့် နောက်ကြောင်း ပြန်ပြန်လှည့် နေသလို ဖြစ်နေတယ်။ ရင့်ကျက်သည့် အဖွဲ့အစည်း ဖြစ်ဖို့ အကုန်လုံး ကြိုးစားမှသာ ကျွန်တော်တို့ ကလေးတွေ လက်ထက်မှာ အချင်းချင်း ညှိနှိုင်းတက်လာလိမ့်မယ်။ Wild Swans နှင့် အခု နေရူး စာအုပ် ဖတ်ပြီးတော့ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ကြုံခဲ့ရသည့် ပြဿနာတွေ ကြုံနေရသည့် ပြဿနာတွေက နိုင်ငံတော်တော်များများ မှာ ဖြစ်ခဲ့ပြီးသားတွေ ပါ။ ခက်တာက သံသရာ က မလွတ်နိုင်သေးတာပဲ။

စာအုပ်က ပါးလွန်းတော့ အားမရတာကလွဲ ရင် ပေါ့ပေါ့ပါးပါး နဲ့ ဖတ်လို့ ကောင်းသည့် စာအုပ်တစ်အုပ်ပါပဲ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading