တာတေစနေသား

ဦးနု ရေးထားတဲ့ တာတေစနေသား စာအုပ်ကို ဖတ်မယ် ဖတ်မယ်နဲ့ မဖတ်ဖြစ်ခဲ့တာ ပြီးခဲ့တဲ့ လမှ စဖတ်ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ အပတ်မှ ပဲ ပြီးသွားတော့တယ်။ ဦးနုစာအုပ် မဖတ်ခင် တိုင်းပြည်က နုနု မုန်တိုင်းက ထန်ထန် ဆိုတဲ့ စာအုပ်လေး ဖတ်ဖြစ်တယ်။ အဲဒီစာအုပ်ကြောင့်ပဲ တာတေစနေသား ကို မဖြစ်မနေ ဖတ်မှ ဖြစ်မယ်ဆိုပြီး ဖတ်ဖြစ်သွားတယ်။

U Nu

စဖတ်ကာစကတော့ သိပ်စိတ်ဝင်စားစရာ မကောင်းလှဘူး။ ဦးနု ငယ်ဘဝက ဆိုးခဲ့တဲ့ အကြောင်းတွေလောက်ပဲ။ တကယ်ကောင်းတာကတော့ ဦးနု သူဟာ ဘုရားဆုပန်ပြီး အချိန်က စပြီးတော့ ပြောင်းလဲသွားတာပဲ။ အဲဒီက စပြီးတော့ နောက်ပိုင်း တောက်လျှောက် ဖတ်လို့ ကောင်းတဲ့ စာအုပ် တစ်အုပ် ဆိုတာ မမှားဘူး။ ကျွန်တော်တို့ အထက်တန်း ကျောင်း သမိုင်းစာအုပ် မှာတော့ ပြည်ပြေး ဦးနု ဆိုတာလောက်ပဲ ပါပြီးတော့ ဦးနု ဆိုတာ ဘယ်သူဆိုတာကို သေသေချာချာ မသိသလောက်ပဲ။ နောက်တချက်က ၆ မိုင် အစိုးရ လက်ထက် အခြေအနေ နဲ့ ဦးနေဝင်း အိမ်စောင့် အစိုးအရ အခြေအနေကို ရောထွေးပြီး သင်လိုက်တာပဲ။ တာတေစနေသား ဖတ်ပြီးမှ ကျောင်းက သမိုင်းစာအုပ်က ချန်လပ်ထားတာတွေ အများကြီး ဆိုတာကို သဘောပေါက်လိုက်တယ်။

တာတေစနေသား စာအုပ်မှာ ဗိုလ်ချုပ်ကို ဦးနု အတော်လေးစားတယ်ဆိုတာကို တွေ့ရတယ်။ တာတေစနေသား နဲ့ သိန်းဖေမြင့် ရေးတဲ့ ဦးကျော်ငြိမ်း စာအုပ် နဲ့ ယှဉ်လိုက်ရင် သိန်းဖေမြင့် က ဗိုလ်ချုပ်ကို ရဲဘော်ရဲဘက် တစ်ယောက်လို သဘောထားပြီးတော့ ဦးနုကတော့ ဗိုလ်ချုပ်ကို ညီတစ်ယောက်လို ခေါင်းဆောင် တစ်ယောက်လို သဘောထားတယ်ဆိုတာကို တွေ့လိုက်ရတယ်။ တာတေစနေသားမှာ ဦးနုရဲ့ တိုင်ပြည်တည်ဆောက်ပုံ နောက်ပြီးတော့ မြန်မာနိုင်ငံ ရဲ့ အရှိန်အဝါတွေကို ကောင်းကောင်းမြင်ရတယ်။ ဖဆပလ ရဲ့ အစွမ်းက အတော့်ကို ကြီးတယ်ဆိုတာကို တွေ့မြင်ရလိမ့်မယ်။ ဝန်ကြီးတွေကလည်း သူ့နေရာနဲ့ သူ တော်ကြတာကို တွေ့တယ်။ နောက်တချက်က ဦးနုက ငါ ဝန်ကြီးချုပ်ပဲ လုပ်ချင်ရာကို လုပ်မယ်ဆိုတာထက် သူ့ထက် တတ်တဲ့ သူတွေ အကြောင်းကို နားထောင်တတ်ပြီး နေရာပေးတတ်တာကို တွေ့ရတယ်။ နောက်ပြီးတော့ အိန္ဒိယ က ဝန်ကြီးချုပ် နေရူး ကိုလည်း အတော်ခင်ကြောင်း ဖော်ပြသွားတယ်။ သို့ပေမယ့် ဝန်ကြီးချုပ်ကို ၆ လ လောက်ပြီး ဘုရားတရားပဲ လုပ်တော့မယ်ဆိုပေမယ့် တိုင်းပြည် အခြေအနေ တည်ငြိမ်သွားသည့်တိုင် ဝန်ကြီးချုပ် ဆက်လုပ်တာကတော့ နည်းနည်းတော့ နားမလည်သလို ရှင်းလည်း မရှင်းပြသွားဘူး။

ဦးနု တို့ တက္ကသိုလ်ကျောင်းသားဘဝက အခြေအနေတွေကို ရေးသားတာကို ဖတ်ကြည့်တော့ သိန်းဖေမြင့် ရေးတဲ့ အရှေ့ဘက်က နေဝန်းထွက်သည့် ပမာ နဲ့ ယှဉ်ရင်တော့ နည်းနည်း ကွဲတယ်လို့ ခံစားရတယ်။ ဦးနု က အင်္ဂလိပ်တွေ ကို မမုန်းတဲ့ အပြင် လေးစားတာကို တွေ့ရတယ်။ ကျောင်းသားဘဝက ကျောင်းအုပ်ကြီး ဒုက္ခရောက်အောင် သတင်းစား သမားတွေနဲ့ ပေါင်းပြီးတော့ ဆူပူမှုဖြစ်အောင် လုပ်ခဲ့တာတွေလည်း ပါဝင်တာကြောင့် တခြားစာအုပ်တွေမှာ ရေးသလို အဲဒီခေတ် ပညာရေးက ဆိုးရွားလှတဲ့ ပညာရေး မဟုတ်တာကိုလည်း ခံစားမိတယ်။

ဦးနုက နိုင်ငံရေးသမားထက် အနုပညာ သမား ဆန်တယ်။ တိုင်းပြည်ကို ပြဇာတ် တစ်ပုဒ် လို တည်ဆောက်တာ နဲ့ တူတယ်။ အများအားဖြင့် ဆုံးဖြတ်ချက်တွေကို ဦးဏှောက် ထက် ခံစားချက် ကို ဦးစားပေးပြီး ဝရုန်းသုန်းကား လုပ်တတ်တဲ့ အကျင့် ရှိတာကိုလည်း ဒီ စာအုပ် ဖတ်ရင်းနဲ့ တွေ့ရပါတယ်။ နောက်တချက်က ကူမင်တန်တွေ နဲ့ တိုက်တဲ့ အကြောင်း မပါဝင်လာတာကိုလည်း တွေ့ရတယ်။ မော်စီတုန်း နဲ့ တွေ့ပြီးတော့ နယ်နမိတ် သတ်မှတ်တဲ့ အကြောင်း ပါဝင်ပေမယ့် ကူမင်တန်တွေ နဲ့ တိုက်ခဲ့တဲ့ အကြောင်းတော့ မပါဝင်ခဲ့ပါဘူး။

ကျွန်တော်တို့ မျိုးဆက်က လူငယ်တွေ အနေနဲ့ မဖြစ်မနေ ဖတ်သင့်တဲ့ စာအုပ် တစ်အုပ်ပဲ။ ဦးနုရဲ့ တာတေစနေသားက သမိုင်းထဲမှာ ကွက်လပ်ဖြစ်နေတဲ့ အချက်အလက် အချို့ကို ဖြည့်ဆည်း ပေးနိုင်တဲ့ စာအုပ်ကောင်း တစ်အုပ်ပါ။


  1. မြန်မာ့သမိုင်းဆိုတာ ကျနော်တို့အတွက် မေ့ဖျောက်ခံထားနေရတာပါ။ မြန်မာ့ လွပ်လပ်ရေးကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ခဲ့ပေမယ့် လွပ်လပ်ရေး ဘယ်လို ရခဲ့တယ်ဆိုတာ ကို အခုထိ မသိတာပါ။ အခုမှ ဒုတိယကမ္ဘာစစ် အကြောင်းရေးထားတဲ့ အရှည်ကြာဆုံးစစ်ပွဲ ဗမာပြည် ဆိုတဲ့ စာအုပ်ကို အခုမှ ဖတ်တုန်း

  2. နောက်တအုပ်အဖြစ် “ငါးနှစ်ရာသီဗမာပြည်” ကို ဖတ်ကြည့်ပေါ့ အများအားဖြင့် ဂျပန်ခေတ်က တော်လှန်ရေးကို လက်နက်ကိုင်တော်လှန်ရေးပဲ လူတွေသိအောင် လုပ်ထားတော့ ဒေါက်တာဘမော်လို လူကိုလည်း ရုပ်ရှင်ထဲကစားနဲ့ဆိုရင် တိုင်းတပါး အလိုတော်ရိလို့ပဲ မသိတဲ့လူတွေက ထင်ကြသေးတာ လက်နက်ကိုင်မဟုတ်တဲ့ လူတွေရဲ့ လှုပ်ရှားမှုတွေလည်း အရေးပါတယ်ဆိုတာ အဲလိုစာအုပ်တွေ ဖတ်ကြည့်မှပဲသိလိမ့်မယ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Up Next:

Myanmar Font Fall Back 1.2

Myanmar Font Fall Back 1.2