ရာဇသြင်္ကန် မဲဇာ ပို့ခံထိတဲ့ အကြောင်းကို ငယ်ငယ်တုန်းက ကျွန်တော်တို့တွေ သင်ခဲ့ရတယ်။ နရပတေ့ကို မင်းတင်ခဲ့ပြီး ချီးမြှင့်မြှောက်စားခြင်း မခံရတော့
“ပန်းပွတ်သည် သားမြေးတွေ ကောင်းစားနေသောကြောင့်”
ဆိုပြီး နရပတေ့ မင်း ကို ခနဲ့ ခဲ့တယ် ။ အဲဒါကြောင့်ပဲ မဲဇာ ပို့ခံထိတာပေါ့။ သို့ပေမယ့် မဲဇာရောက်တော့ ပန်းပြားပင်ကဲ့သို့ လေယူရာ မယိုင်းခဲ့လေခြင်း ဟု ဆိုခဲ့လေတယ်။
ကျောင်းမှာ အဲလို သင်တော့ ဘာတွေ တွေးမိလဲမသိ။ လူဆိုတာ လေယူရာ ယိုင်းရမှာတဲ့လား ??? လူဆိုတာ သာ တဲ့ သူတွေဆီသာ ကပ်ပြီး ပေါင်း။ သူတို့ထက်သာတဲ့သူတွေရှိရင် ထပ်ကပ် ဆိုပြီး ပြောလိုက်သလိုပဲ။ ကျွန်တော့်အတွက်တော့ အဲဒီ စကားလေးဟာ ရာဇသြင်္ကန် စိတ်ဓာတ်ဘယ်လောက်ထိ ကျဆင်းနေလဲဆိုတာကို ဖော်ပြပေးတဲ့ စာလုံးထက် မပိုဘူး။ ရာဇသြင်္ကန် ဆိုသလို လူဆိုတာ ပန်းပြားပင် ကဲ့သို့ကျင့်ရင်လည်း ဘယ်လိုမှ လူတော်လူကောင်း ဖြစ်လာမှာ မဟုတ်တော့ဘူး။ ဘယ်ဟာ မှန်တယ်။ ဘယ်ဟာ မှားတယ်။ ဘယ်ဟာကို ပြောသင့်တယ်။ ဘယ်ဟာကို မပြောသင့်ဘူး ။ ဘယ်ဟာကို ပြောဖို့ အချိန်စောင့်ရမယ်ဆိုတာကို နားလည်ရမယ်။ ပန်းပြားပင် လိုကျင့်ရင် အဲဒီ လူရဲ့ ဘဝက လည်း ပန်းပြား ပင်လိုပဲ ဖြစ်နေမှာပဲ။ ဘယ်တော့မှ တိုးတက်လာမှာမဟုတ်တော့သလို လေတိုက်ရာကိုသာ ယိုင်းနေရတော့မှာပဲ။
နောက်တချက်က အမတ်ဆိုတာ မင်းအလိုလိုက်ရမယ်လို့ ဆိုလိုချင်တာလား။ ဒါဆိုရင်တော့ အမတ်ကောင်းမဟုတ်တော့ဘူး။ တိုင်းပြည်ချစ်တဲ့ အမတ်မဟုတ်တော့ဘူး ဖြစ်သွားလိမ့်မယ်။ ရာဇသြင်္ကန် တွေးသလို တွေးပြီး မင်းအလိုတိုင်းသာ လုပ်နေရင် တိုင်းပြည်ဟာ တဖြည်းဖြည်းနဲ့ ကျဆင်းလာပြီး နောက်ဆုံး နရပတေ့ မင်းလက်ထက် ပုဂံပျက်သလို ပျက်သွားနိုင်တယ်။ မြန်မာ့သမိုင်းမှာလည်း အမတ်ကောင်းတွေ အများကြီးရှိပါတယ်။ အမတ်ဒိန် လိုမျိုး အမတ်က ပန်းပြားပင်လို ကျင့်တဲ့ အမတ်မဟုတ်ဘူး။ သူ့လို အမတ်တွေလည်း မြန်မာ့ သမိုင်းမှာ အထင်ရှားရှိပါတယ်။
သို့ပေမယ့် ငယ်စဉ်အခါမှာ ကျောင်းမှာ ဆရာမတွေ ကိုယ်တိုင်က သေချာမရှင်းပြခဲ့ဘူး။ လူဆိုတာ ပန်းပြားပင်လို ကျင့်ရမယ် ဆိုသလို ဖြစ်နေတယ်။ ကျူရှင် တက်တော့ မြန်မာ ဆရာ ဦးထွန်းရွှေ က ပြောတယ်။ စာ တစ်ကြောင်းမှာ အတွေးတွေ အများကြီးပါတယ်။ လူဆိုတာ ပန်းပြားပင်လို့ ကျင့်လို့မရဘူး ဆိုပြီး အဲဒီ စာကြောင်းလေးကို ဆရာ သေချာဆွေးနွေး ပေးခဲ့တယ်။ ကျွန်တော်လည်း ဆရာ့လိုပဲ ယူဆတယ်။ လူဆိုတာ ပန်းပြားပင်လို့ ကျင့်နေရင် လောကမှာ တရားမျှတခြင်း အမှန်တရားဆိုတဲ့ စကားလုံတွေ ပျောက်ကုန်မှာပဲ။
နောက်တချက် ရာဇသြင်္ကန်ရဲ့ ပန်းပြားပင် ဥပမာဟာ ။ ကြီးပွားတိုးတက်လိုချင်ရင် ကျင့်ကြံဖို့ ဆိုတာလည်း ထည့်သွင်း စဉ်းစားလို့ရတယ်။ ပန်းပြားပင်လို ကိုယ့်ကိုယ်ကို နှိမ့်ချပြီး ဘဝမှာ နေထိုင်ဖို့လိုတယ်။ မာန မထောင်လွှားဖို့ လိုတယ်လို့လည်း ပြန်ပြောင်း စဉ်းစားမိတယ်။ မာနထောင်လွှားရင် ဒုက္ခရောက်တယ်လို့လည်း တွေးတောမိသေးတယ်။ ဆရာပြောသလိုပဲ စာတစ်ကြောင်းဟာ တွေးတော စရာတွေ ပါတယ်။
ရာဇသြင်္ကန် အကြောင်း ပြောရင်းနဲ့ ဟိုနေ့က ကို DB ပြောတဲ့ ကျေးဇူးသိမှ ကျေးဇူးရှိတယ်။ ဟုတ်တယ်။ အဲဒါကို ပညာရှိ အမတ်ဖြစ်ပြီး သဘောမပေါက်ခဲ့တာပဲ။ ကျေးဇူးသိမှ ကျေးဇူး ရှိတယ်ဗျ။ သူက ကျေးဇူးမသိတတ်ရင် သူ့အပေါ် ကိုယ်ဘယ်လောက် ကျေးဇူးရှိပါတယ် သွားပြောလို့မရဘူး။ တနည်းပြောရင် ကိုယ်ကူညီပေးခဲ့တဲ့ ကျေးဇူးက သူ့ဆီက ပြန်တောင်းလို့ မရဘူး။ ရာဇသြင်္ကန် နရပတေ့ကို ကူညီလိုက်တာ ကျေးဇူးလို့ မခေါ်ဘူး။ အတ္တ ကို ကျေးဇူး အသွင်ပြောင်းလိုက်တာပဲ။ နရပတေ့က ကျေးဇူးမသိတော့ ကျေးဇူးမရှိဘူး။ ဒါကို ကျေးဇူးရှိပါတယ်ဆိုပြီး အတင်းသွားပြောလို့ ဒီလို ဖြစ်ရတာလည်း စဉ်းစားမိတယ်။
ကိုဒီဘီ ပြောတဲ့ တန်ဖိုးသိမှ .. တန်ဖိုးရှိတယ်၊ တရားသိမှ .. တရားရှိတယ်၊ ကျေးဇူးသိမှ .. ကျေးဇူးရှိတယ်။ ကျေးဇူးသိမှ ကျေးဇူးရှိတယ်ဆိုတာကို ရာဇသြင်္ကန်က ဥပမာ ပြလိုက်တာပဲ။ ရာဇသြင်္ကန်ပြောတဲ့ ပန်းပြားပင်မှာလည်း အဓိပ္ပာယ်တွေ အများကြီး ပေါ်တယ်။ သူဘာကို ဆိုလိုချင်တာလည်း ကျွန်တော်လည်း မသိ။ သူ့ကိုယ်သူ စိတ်ပျက်လို့ ဆိုတာလား။ ပန်းပြားပင်လို ကျင့်တယ်ဆိုတာ ဘာကိုပြောတာလဲ။ လေယူရာ သိမ်းဖို့လား။ ဒါမှမဟုတ် နှိမ့်ချစွာ နေထိုင် ပြုမူဖို့လား။ လေယူရာ သိမ်းရမယ်ဆိုရင် ကျွန်တော်လက်မခံနိုင်ပေမယ့် ပန်းပြားပင်လို့ နှိမ့်ချစွာ နေထိုင်ပြီး ပညာသင်ယူရမယ် ဆိုတာကိုတော့ လက်ခံတယ်။
ဘာပဲ ပြောပြော… ဟိုတွေး … ဒီတွေး… အတွေးလေးပါပဲ…
Leave a Reply