အသံတွေဆွံ့ အ သွား သည့် နေ့

ဒီနေ့ Idiots က ကို Raymond ဆုံးတယ်။ Facebook တစ်ခု လုံး သူ့ သီချင်းတွေ ကြေကွဲ ရတာတွေ စာသားတွေ ပလူပျံ ခဲ့တယ်။ နောင် ဘဝ ရှေးဘဝ ကို မယုံပေမယ့် လူတွေ ရဲ့ မေတ္တာ ချစ်ခြင်း မေတ္တာ တွေကိုတော့ ကျွန်တော် ယုံကြည်တယ်။ လူတစ်ယောက် ဘဝ တစ်ခု လုံး ဘာတွေ လုပ်ခဲ့လဲ ဆိုတာ သူသေသည့် အချိန်မှာ ဖော်ပြကြတာပဲ။ တချို့လူတွေကတော့ ရှင်နေပေမယ့် လူတွေ ရဲ့ စိတ်ထဲမှာ သေသွားခဲ့ပြီ။ တချို့ လူတွေကတော့ လူ သေသွားပေမယ့် သူ့ စာပေတွေ သူ့ သီချင်းတွေ နဲ့ လူတွေ ရဲ့ စိတ်ထဲမှာ ဆက်ပြီး ရှင်သန်နေဆဲပဲ။

မနေ့က မန်း အဖြစ်နဲ့ ပြည်သူတွေ ဝမ်းနည်းတာတွေ ထပ်ပြီး ဝမ်းနည်းတာတွေ ဆက် သွားသည့် နေ့တနေ့ပဲ။ စကားတွေ အများကြီးလည်း မပြောနိုင်လောက်အောင်ပဲ။ Clients တွေက အလုပ်ပြန်စ ဖို့ UI/UX designer ရှိလား လို့ မေးလိုက်တော့ ရှိတော့ ရှိတယ် ထောင်ထဲမှာ လို့ ပဲ ဖြေမိလိုက်တယ်။ နိုင်ငံခြား ပြန်သွားသည့် လူတွေ နိုင်ငံခြား ထွက်ပြေးသွားသည့် သူတွေ နဲ့ အရင်ကလို အလုပ်အပ်မယ် ဆိုရင် ထိုင်း တို့ ဗီယန်နန် တို့ကို ပဲ​ပြန်အလုပ် အပ်ရမယ့် ပုံ ဖြစ်လာလိမ့်မယ်။ ပြည်တွင်းမှာ လုပ်နိုင်သည့် လူတွေ ရှားသွားပြီ။ အလုပ်အကိုင်တွေ ပေါ်လာခဲ့ရင်တောင် ၁၀ နှစ်တာ ဖန်တီးခဲ့သည့် လူ့ စွမ်းအား အရင်း အမြစ် ပျက်စီးသွားပြီ။

ပိုပို သီချင်း ကို Spotify သို့မဟုတ် YouTube ကနေ နေ့တိုင်း နားထောင်ဖြစ်တယ်။ နာကျင်နေသည့် အနာကို တစ်ဆစ်ဆစ် ဆွ နေသလိုပဲ။ နားမထောင်ပဲနဲ့ မနေနိုင်သလို နားထောင်ရင်း နဲ့ တစ်ဆစ်ဆစ် နာ ရတယ်။ Idiots သီချင်းတွေ ဒီနေ့ ပြန် နားထောင်ဖြစ်တော့ နာနေသည့် အနာက ပိုပြီး စပ် လာ သလိုပဲ။ အနုပညာရှင်အစစ်တွေ မရှိပဲ အနုပညာစစ် တွေ မဖန်တီးနိုင်ဘူး။ တကယ်တော်သည့် လူတွေ မရှိပဲ တိုင်းပြည်ကို တိုးတက်အောင် မလုပ်နိုင်ဘူး။ ဒါပေမယ့် တိုင်းပြည် တိုးတက်မူက ပထမ ဦးစွားပေး မှ မဟုတ်တာ။

Developer ဆိုသည့် စာအုပ် ပြီးအောင် ရေးဖို့ စဥ်းစားပေမယ့် ဖတ်မယ့် လူငယ်တွေ ကော ရှိသေးရဲ့လား။​ အလုပ်လက်မဲ့ တွေ များနေသည့် IT လောက မှာ စာအုပ်က အသုံးဝင်ပါ့မလား ဆိုပြီး ရေးနေရင်း ရပ်ရပ်သွားခဲ့တယ်။ အရင် က Death Note က Light ကို နားမလည်ခဲ့ဘူး။ Naruto က Pain ကို နားမလည် နိုင်ခဲ့ဘူး။​ အခုတော့ သဘောပေါက်ခဲ့ပြီ။

Those Who Do Not Understand True Pain Can Never Understand True Peace. — Nagato (Pain) , Naruto

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading