အရင်တုန်းက စာအုပ်တွေဟာ အချက်အလက် ရယူရာမှာ အရေးကြီးသည့် နေရာတစ်ခု ဖြစ်ခဲ့တယ်။ စာများများ ဖတ်ထားသည့် သူက အချက်အလက် များများ သိတယ်။

ဒါပေမယ့် စာထဲမှာ ပါတာတွေ အကုန်လုံးကလည်း မှန်နေတာ မဟုတ်ဘူး။

ဥပမာ research အထောက်အထား မရှိဘဲ ဘယ်အစားအစာနဲ့ ဘယ်အစားအစာ တွဲမစားသင့်ဘူး ဆိုတာမျိုးတွေ၊ ခြင်္သေ့က ဘယ်သားကောင်ကိုပဲ လိုက်လိုက် အားအတူတူ ထုတ်တယ် ဆိုသည့် မမှန်ကန်သည့် အချက်အလက်တွေ အများကြီး ရှိတယ်။

ကိုယ်ဖတ်ထားသည့် စာအုပ်တွေ အကုန်လုံးက မှန်ကန်သည့် အချက်အလက်တွေပဲ ဖြစ်နေမှာ မဟုတ်ဘူး။

သို့ပေမယ့်လည်း သုတစာပေ ရေးသားသည့် စာရေးဆရာတွေက လူတွေရဲ့ အသိအမြင်ပေါ်မှာ သြဇာတစ်ခု ရှိလာတယ်။

နောက်ပိုင်း သတင်းစာတွေဟာ သတင်းအချက်အလက် မျှဝေရာ အရေးကြီးသည့် နေရာ ဖြစ်လာတယ်။ အဲဒီအတွက်လည်း သတင်းစာဌာနတွေက သြဇာ ကြီးလာတယ်။

အဓိက အကြောင်းက အဖြစ်အပျက်တွေ အကုန်လုံးကို လူတစ်ယောက်က ကိုယ်တိုင် သွားကြည့်လို့ မရဘူး။

သတင်းဌာနက ဘာကို ပြသလဲ ဆိုတာပဲ လူတွေ အဓိက မြင်ရတာ ဖြစ်သည့်အတွက် သူတို့ မပြသည့် အကြောင်းအရာတွေကို လူတွေ သိဖို့ ခက်သွားတယ်။

ဘယ်သတင်းကို အရေးကြီးသည့် သတင်းအဖြစ် ထပ်ခါထပ်ခါ ပြမလဲ ဆိုတာကလည်း လူတွေ ဘယ်အကြောင်းအရာကို ပိုအရေးကြီးတယ်လို့ ထင်မလဲ ဆိုတာအပေါ် သက်ရောက်မှု ရှိလာတယ်။

ဒါကြောင့် လူတွေဟာ ဖြစ်ပျက်နေသည့် အရာအားလုံးကို သိပြီး ဆုံးဖြတ်နေတာ မဟုတ်ဘူး။ ကိုယ့်ဆီ ရောက်လာသည့် အချက်အလက်တွေပေါ်မှာ မူတည်ပြီး ဆုံးဖြတ်နေရတာ များတယ်။

နောက်ပြီး ရုပ်မြင်သံကြားခေတ် ရောက်လာတော့လည်း TV Channel တွေက သတင်းအချက်အလက်အတွက် အရေးပါလာတာပဲ။

သူတို့ ပြသည့် သတင်း၊ Documentary နဲ့ တခြားအစီအစဥ်တွေကနေ လူတွေ အချက်အလက် ရလာတယ်။ အဲဒီကနေ ရလာသည့် အချက်အလက်တွေကလည်း လူတွေ ဘယ်လိုမြင်မလဲ၊ ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာအပေါ် သက်ရောက်မှု ရှိလာတယ်။

ဒါတွေက အကုန်လုံး မှန်နေတယ် ဆိုတာတော့ မဟုတ်ဘူး။

အဓိကက လူတွေ မြင်ရသည့် အချက်အလက်တွေဟာ သတင်းစာ၊ TV စသည့် မီဒီယာတွေ ရွေးချယ်ပြီး ပြထားသည့် အချက်အလက်တွေ ဖြစ်နေတာပဲ။

သူတို့ မပြသည့် အကြောင်းအရာကို ကိုယ်မသိနိုင်ဘူး။ ကိုယ်မသိသည့် အကြောင်းအရာကို ထည့် စဥ်းစားပြီး ဆုံးဖြတ်ဖို့လည်း မဖြစ်နိုင်ဘူး။

ဒါကြောင့်လည်း သတင်းဌာနတွေက လူတွေရဲ့ အသိအမြင်ပေါ်မှာ သြဇာကြီးမားလာခဲ့ကြတယ်။

နောက်ပိုင်း Internet ခေတ်ကို ရောက်လာသည့် အခါမှာ Google လို Search Engine တွေက လူတွေ အချက်အလက် ရှာဖွေရာ အဓိကနေရာ ဖြစ်လာတယ်။

Website တစ်ခုမှာ အချက်အလက် ရှိနေပေမယ့် Google Search မှာ ရှာလို့ မတွေ့ရင် လူအများစုအတွက် အဲဒီအချက်အလက် ရှိကြောင်း သိဖို့ ခက်သွားတယ်။

ဒါကြောင့် SEO လုပ်ကြတယ်။ Google Search မှာ ကြော်ငြာထည့်ပြီး လူတွေ မြင်အောင်လည်း လုပ်ကြတယ်။

ကြော်ငြာထည့်တာနဲ့ Google ရဲ့ ပုံမှန် Search Result မှာ Ranking တက်တာတော့ မတူဘူး။ ဒါပေမယ့် လူတွေ ရှာသည့် အချိန်မှာ ကိုယ့် Website ကို မြင်အောင် လုပ်ချင်ကြတာပဲ။

သတင်းဌာန Website တွေတောင် Search Engine တွေကနေ traffic မရရင် လူတွေဆီ ရောက်ဖို့ ပိုခက်လာတယ်။

အဲဒီအချိန်ကစပြီး Search Engine တွေကလည်း လူတွေ ဘယ်အချက်အလက်ကို ရှာတွေ့မလဲ ဆိုတာမှာ အရေးကြီးသည့် နေရာတစ်ခု ယူလာတယ်။

နောက်ပိုင်း Social Network တွေက သတင်းအချက်အလက်တွေအတွက် ပိုအရေးပါလာတယ်။

Social မှာ ပြောတာတွေကို မှန်တယ်လို့ ယုံသည့် သူတွေ ရှိလာတယ်။

ပြောနေသည့် သူတွေထဲမှာ မှန်သည့်သူတွေ ရှိသလို ပေါက်ကရ ပြောနေသည့် သူတွေလည်း ရှိတာပဲ။

အရင်တုန်းက လူအများကြီးဆီ သတင်းဖြန့်ချင်ရင် သတင်းစာ၊ TV စသည့် မီဒီယာတစ်ခုခု လိုတယ်။ Social Network ခေတ် ရောက်လာတော့ လူတိုင်းက အချက်အလက် ဖြန့်ဝေနိုင်လာတယ်။

ကောင်းသည့် အချက်က သတင်းဌာနတွေ မပြသည့် အကြောင်းအရာတွေကို လူတွေ ကိုယ်တိုင် ပြောနိုင်လာတယ်။

ဆိုးသည့် အချက်ကတော့ ပေါက်ကရ အကြောင်းအရာတွေလည်း မှန်ကန်သည့် အချက်အလက်တွေနဲ့အတူ လူတွေဆီ ရောက်လာတာပဲ။

အချက်အလက် မှန် မမှန်ကို ပြန်စစ်တတ်သည့် အလေ့အကျင့် မရှိဘဲ လွယ်လွယ် ယုံသည့် လူတွေအတွက်တော့ Fake News တွေ၊ အချက်အလက် အမှားတွေက ပြဿနာ ဖြစ်လာတယ်။

ဒါပေမယ့် Social Network ခေတ်မှာလည်း လူတွေက ရှိသမျှ အကြောင်းအရာတွေထဲက ကိုယ်ကြိုက်တာ ကိုယ်ရွေးပြီး မြင်နေရတာ မဟုတ်ဘူး။

Facebook၊ TikTok၊ X စသည့် Platform တွေက ဘယ် Post ကို ဘယ်သူ့ဆီ ပြမလဲ ဆိုတာကို သူတို့ရဲ့ System နဲ့ Algorithm တွေ သုံးပြီး ရွေးပြလာတယ်။

အရင် Facebook သုံးသည့် အချိန်မှာ ကိုယ့်သူငယ်ချင်းတွေ၊ ကိုယ် Follow ထားသည့် Page တွေရဲ့ Post တွေကို ပိုမြင်ရတယ်။

နောက်ပိုင်းမှာတော့ Facebook က ကိုယ်စိတ်ဝင်စားမယ်လို့ ထင်သည့် Post တွေ၊ ကိုယ် Follow မထားသည့် Page တွေရဲ့ Post တွေကိုပါ ပိုပြီး ရွေးပြလာတယ်။

TikTok ဆို ပိုသိသာတယ်။ ကိုယ် Follow ထားသည့်သူတွေကိုပဲ မြင်ရတာ မဟုတ်ဘူး။ TikTok က ကိုယ်ကြိုက်မယ်လို့ ထင်သည့် Video တွေကို For You မှာ ဆက်တိုက် ရွေးပြတယ်။

တနည်းပြောရရင် အရင်တုန်းက သတင်းဌာနတွေက လူတွေကို ဘာပြမလဲ ရွေးခဲ့သလို အခု Social Network ခေတ်မှာတော့ Algorithm တွေက လူတွေကို ဘာပြမလဲ ရွေးလာတယ်။

Platform တွေမှာလည်း ဘယ် Post ကို လူများများ မြင်မလဲ၊ ဘယ် Post ကို လူနည်းနည်းပဲ မြင်မလဲ၊ ဘယ် Content ကို ဖြုတ်မလဲ၊ ဘယ် Account ကို စည်းမျဥ်းချိုးဖောက်သည့်အတွက် ပိတ်မလဲ ဆိုတာ ဆုံးဖြတ်နိုင်သည့် အာဏာ ရှိလာတယ်။

ဒါကြောင့် အရင်တုန်းက သတင်းဌာနတွေမှာ ရှိခဲ့သည့် သြဇာမျိုးက အခု Social Network Platform တွေဆီမှာပါ ရှိလာတာပဲ။

အခုခေတ်မှာတော့ AI က နောက်ထပ် အချက်အလက် ရယူရာ နေရာတစ်ခု ဖြစ်လာပြန်တယ်။

အရင်က Google မှာ တစ်ခုခု ရှာရင် Website တွေ အများကြီး တက်လာတယ်။ ကိုယ်တိုင် ဖတ်ပြီး ဘယ်ဟာက ပိုယုံကြည်ရလဲ၊ ဘယ်ဟာက မှန်နိုင်လဲ ဆိုတာ ကိုယ်တိုင် ဆုံးဖြတ်ရတယ်။

AI မှာတော့ မေးလိုက်ရင် အဖြေတစ်ခုကို တန်းပြန်ပေးတယ်။

အဲဒါက အရမ်း အဆင်ပြေတယ်။

ဒါပေမယ့် ပြဿနာက AI ပြောတာဆို မှန်မှာပဲ ဆိုပြီး ယုံလာနိုင်တာပဲ။

AI ကလည်း အမြဲမှန်နေတာ မဟုတ်ဘူး။ အချက်အလက် မှားတာကိုတောင် ယုံကြည်စိတ်ချရသည့် ပုံစံမျိုးနဲ့ ပြောနိုင်တယ်။

ကိုယ်က ပြန်မစစ်တော့ဘဲ AI ပြောသည့် အဖြေပေါ်မှာပဲ ဆုံးဖြတ်ချက် ချလာရင် ကိုယ့်ဆုံးဖြတ်ချက်က AI ပေးသည့် အချက်အလက်ပေါ်မှာ ပိုပြီး မူတည်လာမယ်။

နောက်ပိုင်းမှာ လူတွေက Google ကိုတောင် မရှာတော့ဘဲ AI ကိုပဲ တိုက်ရိုက် မေးသည့် အခြေအနေ ပိုများလာနိုင်တယ်။

အဲဒီအချိန်မှာ ဘယ် AI ကို လူအများစု သုံးနေသလဲ ဆိုတာ အရေးကြီးလာမယ်။

ဒါကြောင့်လည်း အမေရိကန်ဘက်က ကုမ္ပဏီတွေ၊ တရုတ်ဘက်က ကုမ္ပဏီတွေ အားလုံး AI နေရာမှာ အပြိုင်အဆိုင် နေရာယူဖို့ ကြိုးစားနေကြတာပဲ။

တရုတ်ဘက်ကလည်း DeepSeek၊ Qwen စသည့် Model တွေကို Model Weight တွေ Download လုပ်ပြီး ကိုယ်တိုင် Run လို့ရသည့် Open-weight Model ပုံစံနဲ့ ထုတ်ပြီး AI Ecosystem ထဲမှာ နေရာယူဖို့ ကြိုးစားလာတယ်။

တရုတ်က လူတွေရဲ့ အချက်အလက်ကို ထိန်းချုပ်ဖို့အတွက်ပဲ ဒီလို Model တွေ ထုတ်တယ်လို့တော့ တန်းပြောလို့ မရဘူး။ ဒါပေမယ့် ကိုယ့် AI Model ကို ကမ္ဘာတစ်ဝန်းမှာ လူအများကြီး သုံးလာရင် Technology ပိုင်းမှာသာမက လူတွေ အချက်အလက် ရယူသည့် နေရာမှာပါ သြဇာတစ်ခု ရလာနိုင်တယ်။

တကယ်တန်း ပြန်ကြည့်လိုက်ရင် ခေတ်တိုင်းမှာ ပုံစံပဲ ပြောင်းသွားတာ။

အရင်က စာအုပ်တွေကနေ အချက်အလက် ရတယ်။

နောက်ပိုင်း သတင်းစာနဲ့ TV ကနေ အချက်အလက် ရတယ်။

Internet ခေတ်မှာ Search Engine က ဘယ်အချက်အလက်ကို ကိုယ်ရှာတွေ့မလဲ ဆိုတာမှာ အရေးပါလာတယ်။

Social Network ခေတ်မှာ Algorithm က ဘာကို ကိုယ်မြင်မလဲ ဆိုတာ ရွေးပြလာတယ်။

AI ခေတ်မှာတော့ AI က အချက်အလက်တွေကို စုပြီး အဖြေတစ်ခုအဖြစ် ကိုယ့်ရှေ့ တန်းပို့ပေးလာတယ်။

အရင်တုန်းက TV သတင်းမှာ ပြတာ အကုန်မှန်တယ်လို့ ယုံသည့်သူတွေ ရှိတယ်။

နောက်ပိုင်း Social Network ပေါ်မှာ ရေးထားတာ၊ Share ထားတာ အကုန်မှန်တယ်လို့ ယုံသည့်သူတွေ ရှိတယ်။

အခုလည်း AI ပြောတာ အကုန်မှန်တယ်လို့ ယုံသည့်သူတွေ ရှိလာမှာပဲ။

Technology ပဲ ပြောင်းသွားတာ။

ကိုယ့်ဆီ ရောက်လာသည့် အချက်အလက်ကို မှန် မမှန် ပြန်စစ်ပြီး ကိုယ်တိုင် ဆုံးဖြတ်နိုင်ဖို့ကတော့ ခေတ်တိုင်းမှာ လိုနေတုန်းပဲ။

တကယ်တန်းတော့ ကိုယ်တွေ ကိုယ်တိုင်ကလည်း ကမ္ဘာပေါ်မှာ ရှိသမျှ အချက်အလက် အကုန်လုံးကို သိပြီး ဆုံးဖြတ်နေတာ မဟုတ်ဘူး။ ကိုယ့်ရှေ့ ရောက်လာသည့် အချက်အလက်တွေပေါ်မှာပဲ အများကြီး မူတည်ပြီး ဆုံးဖြတ်နေရတာပဲ။

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading