ဒီနေ့ စူဠပန္ထက (Cūḷapanthaka) အကြောင်း ဖတ်ဖြစ်လိုက်တယ်။ စူဠပန္ထက (Cūḷapanthaka) ဆိုတာ မဟာပန္ထက (Mahāpanthaka) ရဲ့ ညီ။ စူဠပန္ထက အကြောင်း မပြောခင်မှာ မဟာပန္ထက အကြောင်း အရင် ပြောပြရမယ်။

မဟာပန္ထက က အဘိုးနှင့်အတူ ဘုရားရှင်ထံမှာ တရားနာပြီး သဒ္ဓါစိတ်ပေါက်ပြီး ရှင်ပြုခွင့် တောင်းတယ်။

အနီးရှိ ပိဏ္ဍပါတ်ဓုတင်ဆောင် ရဟန်းတစ်ပါးက ကမ္မဋ္ဌာန်းပထမငါးပါး (ဆံပင်၊ မွေးညင်း၊ ခြေသည်းလက်သည်း၊ သွား၊ အရေ) ပေးပြီး ရှင်ပြုပေးခဲ့တယ်။

ဗုဒ္ဓခေတ်က ရှင်သာမဏေပြုတဲ့အခါ ဆရာရဟန်းက ကိုယ်ခန္ဓာမှာ အမှန်တကယ် ရှိနေတဲ့ အစိတ်အပိုင်းလေးတွေကို စိတ်ထဲမှာ အာရုံပြု နှလုံးသွင်းဖို့ ကမ္မဋ္ဌာန်း (စိတ်ကို တည်ငြိမ်အောင်၊ တရားသဘော မြင်အောင် လေ့ကျင့်တဲ့ အာရုံ) ချပေးပြီးမှ သင်္ကန်းစည်း ရှင်ပြုပေးလေ့ ရှိပါတယ်။

မဟာပန္ထက က ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီကမ္မဋ္ဌာန်းကို ရပြီး ကြိုးစားအားထုတ်ခဲ့လို့ နောင်မှာ တရားထူးရသွားတာပါ။ မဟာပန္ထက က ဈာန်ချမ်းသာ၊ ဖိုလ်ချမ်းသာကို သူ့ညီကိုလည်း ခံစားရစေချင်သည့် စိတ်ရှိတယ်။

မဟာပန္ထက က ဉာဏ်ကောင်းပေမယ့် စူဠပန္ထက ကတော့ သူ့အစ်ကိုလို ဉာဏ်ကောင်းသည့်သူ မဟုတ်ဘူး။ ဂါထာတစ်ပုဒ်ကိုပင် လေးလကြာသည်အထိ မကျက်မှတ်နိုင်ဘူး။

ရှေ့ဘက်ကျက် နောက်ဘက်မေ့၊ နောက်ဘက်ရောက်ရင် ရှေ့ဘက်ပြန်မေ့ ဖြစ်ကော။

သမားတော်ကြီး ဇီဝက ကောမာရဘစ္စ က ဘုရားရှင်နှင့် သံဃာတော် အပါးငါးရာကို ဆွမ်းဖိတ်သည့်အခါမှာ မဟာပန္ထက က စူဠပန္ထကကို ချန်လှပ်ပြီး ကျန် ၄၉၉ ပါးအတွက်သာ လက်ခံလိုက်တယ်။

မဟာပန္ထက က အဲဒီအချိန်မှာ ဆွမ်းကိစ္စ စီမံခန့်ခွဲရသည့်သူ အနေနဲ့ ရှိတယ်။ သူ့ညီဟာ စာလည်းမရသလို တရားထူးလည်း တိုးတက်မှု မရှိဘူး၊ သာသနာ့ဘောင် (ဆွမ်းအလှူ) နဲ့ မထိုက်တန်ဘူးလို့ ယူဆပြီး ဖိတ်သည့်အခါမှာ မထည့်လိုက်ဘူး။

စူဠပန္ထက က စိတ်ဓာတ်ကျပြီး လူထွက်ဖို့ နံနက်စောစော ထွက်လာသည့်အခါမှာ ဘုရားရှင်နဲ့ တွေ့တယ်။ ဘုရားက လူမထွက်စေဘဲ ဂန္ဓကုဋီတိုက်ရှေ့မှာ ထိုင်ခိုင်းပြီး အဝတ်ဖြူတစ်ခုကို ပေးလိုက်တယ်။ ပြီးတော့ အရှေ့အရပ်ကို မျက်နှာမူပြီး ပိတ်စကို ပွတ်တိုက်ရင်း “ရဇောဟရဏံ၊ ရဇောဟရဏံ” (မြူအညစ်အကြေးကို ဆောင်ယူဖယ်ရှားတတ်သော အဝတ်) လို့ ရွတ်ဆိုခိုင်းတယ်။

ပွတ်တိုက်ရင်းနဲ့ ပိတ်စအဖြူက ချွေးနှင့် အညစ်အကြေးတွေကြောင့် ညစ်ပတ်လာသည့်အခါ စူဠပန္ထက က “ဤပိတ်စသည် အစက အလွန်ဖြူစင်ခဲ့သော်လည်း ငါ၏ ကိုယ်ကြောင့် မူလအခြေအနေ ပျက်စီးပြီး ညစ်ပတ်သွားပြီ။ ခပ်သိမ်းသော သင်္ခါရတရားတို့သည် အနိစ္စတည်း” ဆိုပြီး ဆင်ခြင်မိလာတယ်။

အဲဒီအခါမှာ ဘုရားရှင်က ကိုယ်ခန္ဓာရဲ့ ညစ်ပတ်မှုသာမက စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ ရာဂ၊ ဒေါသ၊ မောဟ ဆိုတဲ့ ကိလေသာအညစ်အကြေးတွေကိုပါ သုတ်သင်ဖယ်ရှားရမယ်လို့ ညွှန်ပြတော်မူရာကနေ ဝိပဿနာဉာဏ် ရင့်သန်လာပြီး ပဋိသမ္ဘိဒါပတ္တ ရဟန္တာအဖြစ်သို့ ရောက်သွားတယ်။

ဖတ်ရင်းနဲ့ သဘောပေါက်သွားသည့် အရာတစ်ခုကတော့ လောကကြီးမှာ လူတိုင်းက ကိုယ့်စံနှုန်း၊ နားလည်သည့် ပုံစံနဲ့ မဟုတ်ဘဲ သတ်မှတ်ထားသည့် ပုံစံခွက်ထဲမှာ ရှင်သန်နေရတာ။

မင်း ဒါဖြစ်ချင်ရင် ဒီလိုလုပ်။ ရှေ့က လူတွေ ဒီလိုလုပ်လို့ အောင်မြင်ခဲ့တယ်။ မင်း ဒီလိုအောင်မြင်ချင်ရင် ဒီလမ်းအတိုင်း လျှောက်ဆိုပြီး အတင်းလျှောက်နေရတာ များတယ်။

ဥပမာ developer အလုပ် လိုချင်ရင် LeetCode မဖြစ်မနေလုပ်။ LeetCode မရရင် နောက်တစ်ဆင့် မတက်နိုင်ဘူး။ မင်းဘာသာ system အကြီးကြီး ဆွဲထားဖူးပေမယ့် LeetCode မတတ်ရင် first interview pass မဖြစ်ဘူးပဲ။

ဒီလို သတ်မှတ်ချက်တွေနဲ့ ဘဝကြီးက ပြိုင်ဆိုင်နေရသလိုပဲ။ ငါးတွေကို သစ်ပင်တက်ခိုင်းပြီး သစ်ပင်တက်တော်သည့် မျောက်တွေကို ဝိုင်းချီးကျူးနေကြသလိုပေါ့။

တကယ်တမ်းတော့ ကိုယ်လျှောက်နေသည့် လမ်းကြောင်းဟာ သူများ လျှောက်နေသည့် လမ်းကြောင်းအတိုင်း ဖြစ်ချင်မှ ဖြစ်မယ်။ မဖြစ်သည့်အတွက်ကြောင့် မှားနေပြီလည်း မဆိုနိုင်သလို မှန်တယ်လည်း မဆိုနိုင်ဘူး။

အချိန်ကသာ ဆုံးဖြတ်ပေးနိုင်သည့် အရာတွေ အများကြီးရှိတယ်။

တကယ်တမ်းတော့ ဘဝမှာ ကိုယ့်အကြောင်းကို သိပြီး လမ်းညွှန်ပေးသည့် ဆရာတွေ ရှိသည့်အခါ ဘဝရဲ့ ကံကောင်းမှုတွေထဲက တစ်ခုလို့ပဲ ဆိုရမှာပဲ။

ကျွန်တော်တို့တွေဟာ သူများ သွားခဲ့ဖူးသည့် လမ်းကို လျှောက်ရင်း လမ်းတွေ ပျောက်နေရသလို ကိုယ့်ဘာသာ ဘယ်လမ်းသွားရမလဲ ဆိုတာလည်း ဝေခွဲမရသည့် အခိုက်အတန့်တွေ ဘဝမှာ ရှိခဲ့မှာပဲ၊ ရှိလာမှာပဲ။

လူတွေဟာ ငှက်တွေလို ပျံဖို့ ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာ ငှက်တွေလို အတောင်ပံ ကိုယ်မှာ မတပ်ဘဲ ကမ္ဘာအရှေ့ကနေ အနောက်၊ အနောက်ကနေ အရှေ့ သွားလာနိုင်ကြပြီ။

တကယ်တမ်းတော့ အိပ်မက်တွေဟာ မသေဆုံးသရွေ့တော့ ဘဝမှာ ကိုယ်သွားမယ့် လမ်းကြောင်းကို တစ်နေ့တော့ မြင်ကောင်း မြင်လာနိုင်ပါတယ်။


https://ancient-buddhist-texts.net/English-Texts/Dhamma-Verses-Comm/02-03.htm

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading