Ancestry DNA ကိစ္စနဲ့ ပတ်သက်ပြီး Comment တွေမှာ သိချင်တာတွေ၊ ထင်မြင်ယူဆချက်တွေ ပြောနေတာတွေ့လို့ သီးသန့် Post တစ်ခု ရေးလိုက်တာပါ။
Ancestry DNA ဆိုတာဘာလဲ
Ancestry ဆိုတာကတော့ Family Tree တည်ဆောက်ခြင်း၊ မျိုးရိုးမှတ်တမ်းတွေ ရှာဖွေခြင်းတို့ ပြုလုပ်နိုင်တဲ့ Platform တစ်ခုပါ။
မြန်မာနိုင်ငံမှာတော့ Family Tree တည်ဆောက်ထားတဲ့သူ အတော်နည်းပါတယ်။ သို့ပေမယ့် Family Tree တည်ဆောက်ထားခြင်းဖြင့် ကိုယ့်အမျိုးတွေ ဘယ်ကနေ ဆင်းသက်လာတယ်၊ ဘာတွေလုပ်ခဲ့ကြတယ်ဆိုတာကို မျိုးဆက်အလိုက် မှတ်တမ်းတစ်ခုအနေနဲ့ ထားနိုင်ပါတယ်။ ဒီကိစ္စကိုတော့ ကိုညီလင်းဆက်က သူ့ရဲ့ Facebook မှာ အသေးစိတ် ပြောခဲ့ဖူးပါတယ်။
Ancestry က DNA စစ်ဆေးပေးတဲ့ AncestryDNA Service ကို 2012 မှာ စတင်ခဲ့ပါတယ်။ စတင်တုန်းက ကမ္ဘာတစ်ဝန်း Region 22 ခုရဲ့ Reference Data တွေနဲ့ နှိုင်းယှဉ်ခဲ့တာပါ။
2026 အောက်တိုဘာ ၈ ရက် Update မှာတော့ Region 302 ခုအထိ ရှိလာခဲ့ပြီး Reference Panel ထဲမှာ လူပေါင်း 295,000 ကျော်ရဲ့ DNA Sample Data တွေ ပါဝင်လာပါတယ်။
စလုပ်ကာစမှာတော့ တချို့ဒေသတွေအတွက် Data မလုံလောက်တဲ့အတွက် DNA Result တွေကို တိတိကျကျ ခွဲခြားမပြနိုင်ခဲ့ပါဘူး။ DNA Data ရှိနေရုံနဲ့ မလုံလောက်ပါဘူး။ နှိုင်းယှဉ်ဖို့ Reference Data တွေလည်း လိုအပ်ပါတယ်။
2026 Update မှာတော့ Myanmar Region ကို သီးသန့်ခွဲခြားဖော်ပြလာနိုင်ခဲ့ပါတယ်။ အရင်က Myanmar နဲ့ ဆက်နွယ်တဲ့ DNA တွေကို Mainland Southeast Asia၊ China စတဲ့ Region တွေနဲ့ ရောနှောပြသခဲ့တာတွေ ရှိပါတယ်။
ဒါကြောင့် အရင်က AncestryDNA စစ်ထားဖူးသူတွေ Account ထဲ ပြန်ဝင်ကြည့်ရင် Updated Result တွေကို တွေ့နိုင်ပါတယ်။ DNA အသစ် ပြန်စစ်ဖို့ မလိုပါဘူး။
မြန်မာတွေ အသုံးပြုကြတဲ့ DNA Testing Company တွေထဲမှာ Ancestry၊ 23andMe၊ MyHeritage တို့ ပါဝင်ပါတယ်။ Company တစ်ခုနဲ့တစ်ခု အသုံးပြုတဲ့ Reference Database နဲ့ တွက်ချက်တဲ့ Algorithm မတူတဲ့အတွက် Result Percentage တွေ ကွဲလွဲနိုင်ပါတယ်။
DNA စစ်တယ်ဆိုတာဘာလဲ
ကိုယ့်ရဲ့ မျိုးရိုးဗီဇဟာ ဘယ်ဒေသက လူဦးရေအုပ်စုတွေနဲ့ ပိုမိုနီးစပ်မှုရှိလဲဆိုတာကို လေ့လာခြင်းပါ။
ဥပမာ Europe ဘက်မှာ Reference Data ပိုမိုပြည့်စုံလာတဲ့အတွက် Europe ရဲ့ ဘယ်ဒေသတွေနဲ့ မျိုးရိုးဗီဇ ပိုနီးစပ်လဲဆိုတာကို အသေးစိတ် ခွဲခြားဖော်ပြနိုင်ပါတယ်။
ဒီမှာ နားလည်ထားဖို့ လိုတာက DNA Percentage ဆိုတာ လူမျိုးသွေး ဘယ်လောက်သန့်တယ်ဆိုတာကို တိုင်းတာတာ မဟုတ်ပါဘူး။
ဥပမာ 100% Myanmar လို့ ပြတယ်ဆိုရင် ကိုယ့်ရဲ့ DNA Marker တွေကို လက်ရှိ Database နဲ့ နှိုင်းယှဉ်ရာမှာ Myanmar Region နဲ့ အကိုက်ညီဆုံးဖြစ်နေတာကို ဆိုလိုပါတယ်။
မျိုးရိုးတစ်လျှောက် တခြားလူမျိုးတွေနဲ့ လုံးဝမရောနှောခဲ့ဖူးဘူးဆိုတာကို သက်သေပြတာ မဟုတ်ပါဘူး။
နောက်ပိုင်း Reference Database နဲ့ Algorithm တွေ Update လုပ်တဲ့အခါ 100% ကနေ Percentage ပြောင်းသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဥပမာ အရင်က Vietnam Region တစ်ခုတည်းအဖြစ် ဖော်ပြခဲ့ရာကနေ 2026 Update မှာ Northern Vietnam နဲ့ Central & Southern Vietnam ဆိုပြီး အသေးစိတ် ထပ်ခွဲလာပါတယ်။
DNA ကတော့ အရင်အတိုင်းပါပဲ။ ပြောင်းသွားတာက Company ရဲ့ ခွဲခြားတွက်ချက်တဲ့စနစ် ဖြစ်ပါတယ်။
နောက်တစ်ခုက မျက်နှာကြည့်ပြီး DNA တွက်တာ မဟုတ်ပါဘူး။ DNA ဟာ ရုပ်သွင်ပြင်ကို လွှမ်းမိုးပေမယ့် AncestryDNA က တံတွေး (Saliva) ထဲက DNA ကို ထုတ်ယူပြီး DNA Marker 700,000 ကျော်ကို စစ်ဆေးတာပါ။ လူတစ်ယောက်ရဲ့ Genome တစ်ခုလုံးကို ဖတ်တာတော့ မဟုတ်ပါဘူး။
DNA စစ်တော့ ဘာသိရလဲ
ပထမဆုံးက ကိုယ့်ရဲ့ မျိုးရိုးဗီဇဟာ ဘယ်ဒေသက လူတွေနဲ့ နီးစပ်မှုရှိလဲဆိုတာကို ခန့်မှန်းသိနိုင်ပါတယ်။
ကိုယ့်မှာ ဘယ်နိုင်ငံက သွေးတွေ ရောနေတယ်ဆိုတာကို စိတ်ဝင်စားတဲ့သူတွေ၊ ကိုယ့်မိသားစုရဲ့ မျိုးရိုးသမိုင်းကို သိချင်တဲ့သူတွေ စစ်ကြည့်ကြတာပါ။
နောက်တစ်ခုက မိသားစုဆက်နွယ်မှုကို လေ့လာနိုင်ပါတယ်။
အဖေ၊ အမေ၊ သား၊ သမီး၊ ညီအစ်ကို မောင်နှမ စတဲ့ ဇီဝဗေဒဆိုင်ရာ မျိုးရိုးတော်စပ်မှုတွေကို DNA Matching နဲ့ သိနိုင်ပါတယ်။
လူတစ်ယောက်ဟာ အဖေဆီက DNA တစ်ဝက်၊ အမေဆီက DNA တစ်ဝက်ကို အမွေဆက်ခံရတာပါ။ Ancestry ရဲ့ နည်းပညာက ဒီ DNA တွေထဲမှာ ဘယ် Region တွေဟာ မိဘတစ်ဖက်စီက ဆင်းသက်လာနိုင်လဲဆိုတာကိုလည်း ခန့်မှန်းပြသပေးပါတယ်။
တချို့ကတော့ အဖိုးအဖွားတွေအထိပါ DNA စစ်ကြပြီး မျိုးရိုးစဉ်ဆက် ဘယ်ဒေသကနေ ဆင်းသက်လာလဲဆိုတာကို လေ့လာကြပါတယ်။
Reddit မှာလည်း AncestryDNA စစ်ပြီးမှ ကိုယ်သိထားတဲ့အဖေက ဇီဝဗေဒအရ အဖေရင်းမဟုတ်တာ၊ ကိုယ်မသိခဲ့တဲ့ မောင်နှမတွေ ရှိနေတာ စတဲ့ အတွေ့အကြုံတွေကို မျှဝေထားကြပါတယ်။
ဒီလို မမျှော်လင့်ထားတဲ့ မိသားစုဆက်နွယ်မှုတွေ သိလာရနိုင်တာကြောင့် DNA စစ်ဆေးခြင်းဟာ လူတစ်ယောက်ရဲ့ မိသားစုဘဝအပေါ်မှာလည်း သက်ရောက်မှု ရှိနိုင်ပါတယ်။
DNA Matches ကို ဖွင့်ထားမယ်ဆိုရင် Ancestry Database ထဲမှာ DNA စစ်ထားပြီး Matching ဖွင့်ထားသူတွေနဲ့ နှိုင်းယှဉ်ပြီး အမျိုးတော်စပ်နိုင်သူတွေကို ရှာဖွေနိုင်ပါတယ်။
ဒါပေမဲ့ ကိုယ့် DNA ကို လူတိုင်း Public Search လုပ်လို့ရအောင် ဖွင့်ထားတာမျိုးတော့ မဟုတ်ပါဘူး။
နောက်တစ်ခုက DNA Data တွေကို အသုံးပြုပြီး မျိုးရိုးလိုက်ရောဂါတချို့ရဲ့ ဖြစ်နိုင်ခြေကို လေ့လာနိုင်ပါတယ်။ ဒါပေမဲ့ AncestryDNA ရဲ့ ပုံမှန် Result က ရောဂါရှာဖွေစစ်ဆေးတဲ့ Medical Test မဟုတ်ပါဘူး။ ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေ သီးသန့်လိုအပ်ပါတယ်။
ဘယ်လိုစစ်လဲ
မြန်မာနိုင်ငံမှာတော့ AncestryDNA Kit ကို တရားဝင် Order လုပ်လို့ မရသေးပါဘူး။
Ancestry ရဲ့ လက်ရှိ Shipping List အရ Singapore မှာတော့ ဝယ်ယူနိုင်ပြီး Thailand နဲ့ Myanmar မပါသေးပါဘူး။
စစ်မယ်ဆိုရင် https://www.ancestry.com/dna/ မှာ Kit ဝယ်ယူရပါတယ်။
သူတို့က Kit လေး ပို့ပေးပြီး ကိုယ့်တံတွေး (Saliva) ကို Tube ထဲ ထည့်ရပါတယ်။ ပြီးရင် သူတို့ပေးထားတဲ့ Stabilizing Liquid နဲ့ ရောပြီး Lab ကို ပြန်ပို့ပေးရတာပါ။
ပုံမှန်အားဖြင့် Lab က Sample လက်ခံရရှိပြီးနောက် ၆ ပတ်လောက်အတွင်း Result ရနိုင်ပါတယ်။ Shipping နဲ့ Processing အချိန်တွေပါ ထည့်တွက်ရင် ပိုကြာနိုင်ပါတယ်။
ပုံမှန်ဈေးက $99 ပါ။ ဒါပေမဲ့ Black Friday၊ Christmas နဲ့ တခြား Promotion ကာလတွေမှာ Discount တွေ ချပေးလေ့ရှိပါတယ်။ ကျွန်တော်ကတော့ ပုံမှန်ဈေးနဲ့ဝယ်ဖို့ Recommend မလုပ်ပါဘူး။
Ancestry** က DNA ကို ရောင်းစားသလား**
Ancestry ရဲ့ 2026 မေလ Privacy Policy အရ Genetic Information ကို အာမခံကုမ္ပဏီတွေ၊ အလုပ်ရှင်တွေနဲ့ ကြော်ငြာကုမ္ပဏီတွေထံ မရောင်းချ၊ မမျှဝေဘူးလို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ DNA Data တွေကို Service ပေးဖို့၊ စနစ်တိုးတက်အောင်လုပ်ဖို့နဲ့ Research အတွက် အသုံးပြုတာတွေ ရှိပါတယ်။
Research လို့ပြောတဲ့နေရာမှာလည်း နှစ်မျိုး ခွဲကြည့်ဖို့ လိုပါတယ်။
တစ်မျိုးက သူတို့ရဲ့ Product နဲ့ System တိုးတက်အောင်လုပ်တဲ့ Research ဖြစ်ပါတယ်။
နောက်တစ်မျိုးက သိပ္ပံဆိုင်ရာ Research Project တွေမှာ ပါဝင်ခြင်းပါ။ ဒီလို သီးခြား Research Project တွေမှာ ပါဝင်ဖို့ ကိုယ်တိုင် Consent ပေးရပါတယ်။
DNA Kit Register လုပ်တဲ့အချိန်ကတည်းက Research မှာ ပါဝင်မလား ရွေးချယ်နိုင်ပြီး နောက်ပိုင်း Settings ထဲမှာ ပြန်ပြောင်းလို့လည်း ရပါတယ်။
Research Partners တွေနဲ့ Data မျှဝေတဲ့အခါ နာမည်နဲ့ တိုက်ရိုက်သိနိုင်တဲ့ အချက်အလက်တွေကို ဖယ်ရှားထားတယ်လို့ Ancestry က ဆိုထားပါတယ်။ Biological Sample တွေကိုလည်း Code နဲ့ သတ်မှတ်ပြီး မျှဝေတယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ နာမည်မပါတိုင်း ဘယ်တော့မှ ပိုင်ရှင်ကို ပြန်မဖော်ထုတ်နိုင်ဘူးလို့ 100% အာမခံလို့ မရပါဘူး။
နောက်တစ်ခုက Research Consent ကို ပြန်ပိတ်လိုက်ရင် နောက်ထပ် Research အသစ်တွေမှာ မသုံးတော့ပေမယ့် Research စတင်ပြီးသား၊ ပြီးဆုံးပြီးသား Project တွေထဲက Data ကို ပြန်ဖယ်ရှားနိုင်ချင်မှ ဖယ်ရှားနိုင်မှာပါ။
Ancestry Network ထဲမှာလည်း အမျိုးတော်စပ်သူတွေကို ရှာချင်လား၊ မရှာချင်ဘူးလားဆိုတာ Settings ထဲမှာ ပြောင်းလို့ရပါတယ်။
ကိုယ့်ရဲ့ DNA Data ကို ဖျက်ခိုင်းနိုင်သလို Lab မှာ သိမ်းဆည်းထားတဲ့ Biological Sample ကိုလည်း ဖျက်ဆီးပေးဖို့ တောင်းဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဖျက်ပြီးသားဆိုတိုင်း အရင်က တခြားသူတွေနဲ့ မျှဝေခဲ့တဲ့ Copy တွေ၊ Research ထဲရောက်ပြီးသား Data တွေအားလုံးကို ပြန်ဖယ်ရှားနိုင်တာတော့ မဟုတ်ပါဘူး။
DNA** ကို မရောင်းစားပေမယ့် Leak ဖြစ်သွားရင်?**
23andMe မှာ 2023 ခုနှစ်က အသုံးပြုသူ 6.9 သန်းခန့်ရဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေရာမှာ ရှင်းပြဖို့ လိုတာက လူ 6.9 သန်းရဲ့ Raw DNA Data တွေ တိုက်ရိုက်ပေါက်ကြားခဲ့တာ မဟုတ်ပါဘူး။
Hacker တွေက Account တချို့ကို ဝင်ရောက်နိုင်ခဲ့ပြီး အဲဒီကနေ DNA Relatives Feature နဲ့ Family Tree ဆက်နွယ်မှုတွေကို အသုံးချကာ လူသန်းပေါင်းများစွာရဲ့ Personal Information နဲ့ မျိုးရိုးဆက်နွယ်မှုဆိုင်ရာ Data တွေကို ရယူခဲ့တာပါ။
အဲဒီ Data အချို့ကို အွန်လိုင်းမှာ ရောင်းချဖို့ တင်ခဲ့တာတွေလည်း ရှိပါတယ်။
ဒါဟာ Privacy အရ စိုးရိမ်စရာကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါ။
Password ပေါက်ကြားသွားရင် ပြောင်းလို့ရပါတယ်။ ဒါပေမဲ့ DNA Data ပေါက်ကြားသွားရင်တော့ ကိုယ့် DNA ကို ပြောင်းလို့ မရပါဘူး။
တကယ်လို့ Genetic Data ပေါက်ကြားသွားမယ်ဆိုရင် ဘာတွေဖြစ်နိုင်လဲ ?
ကိုယ်ဟာ ဘယ်သူတွေနဲ့ ဇီဝဗေဒအရ အမျိုးတော်စပ်နိုင်လဲဆိုတာကို ဖော်ထုတ်နိုင်ပါတယ်။
မိသားစုထဲမှာ ဖုံးကွယ်ထားတဲ့ ဆက်နွယ်မှုတွေ ပေါ်လာပြီး အဲဒီအချက်အလက်တွေကို အသုံးချကာ ခြိမ်းခြောက်ငွေညှစ်တာမျိုး ဖြစ်နိုင်ပါတယ်။
Genetic Data အပြည့်အစုံနဲ့ သက်ဆိုင်ရာ ဆေးဘက်ဆိုင်ရာ အချက်အလက်တွေ ရရှိသွားရင် မျိုးရိုးလိုက်ရောဂါအချို့ရဲ့ ဖြစ်နိုင်ခြေကိုလည်း ခန့်မှန်းနိုင်ပါတယ်။ ဒါပေမဲ့ DNA ရှိရုံနဲ့ လူတစ်ယောက် အနာဂတ်မှာ ဘာရောဂါဖြစ်မယ်ဆိုတာ အတိအကျ မသိနိုင်ပါဘူး။
နောက်တစ်ခုက Insurance ကိစ္စပါ။
အမေရိကန်မှာ GINA ဆိုတဲ့ ဥပဒေရှိပြီး Genetic Information ကို အခြေခံကာ Health Insurance ပေးဖို့ ငြင်းပယ်တာ၊ ဈေးပိုတောင်းတာနဲ့ အလုပ်အကိုင်ဆိုင်ရာ ခွဲခြားဆက်ဆံတာတွေကို ကန့်သတ်ထားပါတယ်။
ဒါပေမဲ့ ဒီဥပဒေက Life Insurance၊ Disability Insurance နဲ့ Long-term Care Insurance တွေအပေါ် တိုက်ရိုက် အကျုံးမဝင်ပါဘူး။
ဥပမာ ကိုယ့်မျိုးရိုးဗီဇအရ Cancer အမျိုးအစားတချို့ ဖြစ်နိုင်ခြေ မြင့်နေတယ်ဆိုတဲ့ အချက်အလက်မျိုးကို ရရှိသွားမယ်ဆိုရင် Life Insurance ကိစ္စတွေမှာ သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါကလည်း သက်ဆိုင်ရာနိုင်ငံနဲ့ ပြည်နယ်ရဲ့ ဥပဒေအပေါ် မူတည်ပါတယ်။
ဒီလို Privacy Risk တွေကြောင့် Genetic Information ဟာ ပုံမှန် Personal Data တွေထက် ပိုပြီး အရေးကြီးပါတယ်။
အထူးသဖြင့် ကိုယ့် DNA ဟာ ကိုယ့်တစ်ယောက်တည်းနဲ့ သက်ဆိုင်နေတာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ သားသမီး၊ မိဘ၊ မောင်နှမတွေရဲ့ မျိုးရိုးဗီဇနဲ့လည်း ဆက်စပ်နေပါတယ်။
ဒါကြောင့် DNA စစ်ခြင်းမှာ အကျိုးကျေးဇူးတွေ ရှိသလို Privacy Risk တွေလည်း ရှိပါတယ်။
ကြောက်လန့်နေဖို့ မလိုပေမယ့် လျစ်လျူရှုထားလို့လည်း မရပါဘူး။
