Motivation စာအုပ်တွေထဲမှာ ဆင်တစ်ကောင်အကြောင်း ပြောလေ့ရှိတယ်။

ဆင်ကို ငယ်ငယ်ကတည်းက ကြိုးနဲ့ ချည်ထားတယ်။ ငယ်တုန်းက ရုန်းပေမယ့် မလွတ်ခဲ့ဘူး။ အဲဒီလိုနဲ့ ကြီးလာတဲ့အခါ ကြိုးကို ဖြတ်နိုင်တဲ့ အင်အားရှိနေပေမယ့် မရုန်းတော့ဘူး။

ဒါကြောင့် ကိုယ့်ကိုယ်ကို ကန့်သတ်မထားနဲ့။ ကြိုးစားရင် လွတ်မြောက်နိုင်တယ်ဆိုပြီး သင်ခန်းစာပေးကြတယ်။

ဒါပေမယ့် ဆင်ငယ်လေး ဘယ်လောက်ထိ ရုန်းခဲ့ရလဲဆိုတာ ဘယ်သူသိလဲ။ ရုန်းခဲ့တဲ့ အကြိမ်တိုင်းမှာ ဘယ်လောက်နာကျင်ခဲ့ရသလဲဆိုတာ ဘယ်သူသိလဲ။ ဘယ်လောက်ထိ ဒဏ်ရာရခဲ့သလဲ။ ဘယ်လောက်ထိ ပင်ပန်းခဲ့ရသလဲ။

နောက်ပြီး ဆင်ကြီးလာတဲ့အခါ ရုန်းရင်ကော တကယ်လွတ်မြောက်နိုင်လို့လား။ ကြိုးက တကယ်ဖြတ်နိုင်တဲ့ ကြိုးဖြစ်ကြောင်း ဘယ်သူ အာမခံနိုင်လို့လဲ။

အကြိမ် ၁၀၀ ရှုံးနိမ့်ရင် ၁၀၁ ကြိမ်မြောက် ထပ်ကြိုးစားပါလို့ ပြောကြတယ်။

အကြိမ် ၁၀၀ ရှုံးနိမ့်ခဲ့တဲ့အချိန်မှာ ဘာတွေ ပေးဆပ်ခဲ့ရလဲဆိုတာ ဘယ်သူသိလဲ။ ၁၀၁ ကြိမ်မြောက်မှာ သေသွားခဲ့ရင်ကော။ အဲဒီအတွက် ကြိုးစားပါလို့ ပြောတဲ့သူတွေ တာဝန်ယူပေးနိုင်လို့လား။

စကားတစ်ခွန်းက ပြောဖို့လွယ်ပါတယ်။ အဲဒီစကားရဲ့ အကျိုးဆက်ကို တာဝန်ယူဖို့က ခက်တယ်။

Three Kingdoms ခေတ်မှာ ကျူးကောလျန် (Zhuge Liang) ဟာ ဟန်မင်းဆက် ပြန်လည်ထူထောင်နိုင်ဖို့ ဝေပြည်ကို အကြိမ်ကြိမ် စစ်ချီခဲ့တယ်။ နောက်ဆုံး AD 234 ခုနှစ် ငါးကြိမ်မြောက် မြောက်ပိုင်းစစ်ဆင်ရေးမှာ Wuzhang Plains စစ်စခန်းမှာ နာမကျန်းဖြစ်ပြီး ကွယ်လွန်ခဲ့တယ်။

အကြိမ်ကြိမ် ကြိုးစားခဲ့ပေမယ့် သူ့ရည်မှန်းချက်ကို မရခဲ့ဘူး။

သူ့လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျန်းဝေ (Jiang Wei) ကလည်း သူ့ရည်မှန်းချက်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ အကြိမ်ကြိမ် စစ်ချီခဲ့တယ်။

ဒါပေမယ့် AD 263 ခုနှစ်မှာ ရှုဟန်နိုင်ငံ (Shu Han) ကျဆုံးသွားခဲ့တယ်။

နိုင်ငံကျဆုံးသွားပေမယ့် ကျန်းဝေက ထပ်ကြိုးစားခဲ့တယ်။ AD 264 ခုနှစ်မှာ ရှုဟန်နိုင်ငံကို ပြန်လည်ထူထောင်ဖို့ ကြိုးစားရင်း ပုန်ကန်မှုတစ်ခုအတွင်း အသတ်ခံခဲ့ရတယ်။

Nikola Tesla ဆိုရင်လည်း Wardenclyffe Tower စီမံကိန်းကို အောင်မြင်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။

သူက ကမ္ဘာမြေကို လျှပ်စစ်စွမ်းအင် ပို့ဆောင်ရာမှာ အသုံးပြုပြီး လျှပ်စစ်ဓာတ်အားကို ကမ္ဘာအနှံ့ ကြိုးမဲ့ပို့ဆောင်နိုင်မယ်လို့ ယုံကြည်ခဲ့တယ်။ လူတွေ လျှပ်စစ်ဓာတ်အားကို ကျယ်ကျယ်ပြန့်ပြန့် ရရှိနိုင်ဖို့လည်း ရည်ရွယ်ခဲ့တယ်။

ဒါပေမယ့် သူ့ရဲ့ Wardenclyffe Tower စီမံကိန်းဟာ အောင်မြင်မလာခဲ့ဘူး။ နောက်ဆုံး ရင်းနှီးမြှုပ်နှံမှု အထောက်အပံ့တွေ ဆက်မရတော့လို့ စီမံကိန်း ရပ်တန့်သွားခဲ့ရတယ်။

၁၉၁၇ ခုနှစ်မှာ တာဝါကို အကြွေးတွေ ဖြေရှင်းဖို့ ဖြိုဖျက်ခဲ့ရတယ်။

Tesla ဟာ အခြားတီထွင်မှုတွေမှာ အောင်မြင်ခဲ့ပေမယ့် သူအလွန်ယုံကြည်ခဲ့တဲ့ ဒီစီမံကိန်းမှာတော့ မအောင်မြင်ခဲ့ဘူး။

နောက်ဆုံး ၁၉၄၃ ခုနှစ်မှာ New York မြို့က ဟိုတယ်အခန်းတစ်ခုမှာ တစ်ယောက်တည်း ကွယ်လွန်ခဲ့ရတယ်။ ကွယ်လွန်ချိန်မှာလည်း ငွေကြေးအခက်အခဲတွေနဲ့ အကြွေးတွေ ရှိနေခဲ့တယ်။

တကယ်တမ်းတော့ အကြိမ်ကြိမ် ကြိုးစားတိုင်းလည်း အောင်မြင်နေတာ မဟုတ်ဘူး။

အောင်မြင်သွားတဲ့ လူတစ်ယောက်အကြောင်းကို ဖတ်ပြီး သူ့လိုပဲ အကြိမ်ကြိမ် ကြိုးစားရင် အောင်မြင်မယ်လို့ ထင်နေကြတယ်။

ဒါပေမယ့် အကြိမ်ကြိမ် ကြိုးစားပြီး ဘဝပျက်သွားတဲ့သူတွေ၊ မိသားစုဆုံးရှုံးခဲ့ရသူတွေ၊ ကြိုးစားရင်း အသက်ဆုံးရှုံးသွားရသူတွေကို ဘယ်သူမှ ရေတွက်မနေကြဘူး။

အောင်မြင်သွားတဲ့ လူတစ်ယောက်ရဲ့ နောက်ကွယ်မှာ အကြိမ်ကြိမ် ကြိုးစားရင်း ဘဝပျက်သွားတဲ့ လူဘယ်နှစ်ယောက်ရှိနေသလဲဆိုတာ ဘယ်သူမှ မေးခွန်းမထုတ်ကြဘူး။

သင်လည်း အဲဒီ ရေတွက်မခံရတဲ့ လူတစ်ယောက် ဖြစ်သွားနိုင်တာပဲ။

ကြိုးစားဖို့ ပြောတဲ့သူတွေက အောင်မြင်သွားတဲ့သူတွေရဲ့ ဇာတ်လမ်းတွေကိုပဲ ပြောကြတယ်။ မအောင်မြင်ဘဲ ဘဝပျက်သွားတဲ့သူတွေရဲ့ ဇာတ်လမ်းတွေကိုတော့ ပြောလေ့မရှိကြဘူး။

ကြိုးစားတိုင်းလည်း အောင်မြင်နေတာ မဟုတ်ဘူး။

ယုံကြည်ချက် ပြင်းထန်တိုင်းလည်း မှန်ကန်နေတာ မဟုတ်ဘူး။

မဖြစ်နိုင်တာကို ရပ်တန့်ဖို့ ဆုံးဖြတ်နိုင်ခြင်းဟာလည်း သတ္တိတစ်မျိုးပဲ။

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading