Singapore ? Part – II

singapore part 1 မှာတော့ ဒီမှာ ကျောင်းလာတက်မယ့် ကလေးတွေ အကြောင်းပြောခဲ့ပါတယ်။ အခု အပိုင်း ၂ မှာတော့ အလုပ်နဲ့ ပတ်သက်ပြီး ကျွန်တော့် အမြင်လေးတွေကို တင်ပြချင်ပါတယ်။ အဲ.. အလုပ်ဆိုလို့ ကျွန်တော် Job ? ဆိုတဲ့ post တစ်ခု ရေးခဲ့သလို ကျွန်းသေးသေးလေးကို ထွက်ခွာခြင်း ဆိုပြီးတော့လည်း ရေးခဲ့ဖူးတယ်။ အခု စလုံး ကို ရောက်လာတာ ၁ နှစ်ရှိသွားပြီဆိုတော့ အလုပ်အကြောင်းတော့ ဒီမှာ နှစ်ကြာနေတဲ့သူတွေလောက် မသိပေမယ့် အနည်းအကျဉ်းတော့ သိလာပါပြီ။ ဒါကြောင့် ဒီကို လာမယ့်သူတွေကို မနှစ်က စထွက်လာကစ ကျွန်းသေးသေးလေးကို ထွက်ခွာခြင်းထက် ပိုသိလာပြီပေါ့ဗျာ။

ကျွန်တော် စလုံးရောက်လာတာ အခုဆို ၁ နှစ်ကျော်သွားပြီ။ အခု ထက်ထိ စကာင်္ပူလာဖို့ ဘာလုပ်ရမလဲ။ ဘာလုပ်သင့်သလဲ ဆိုတဲ့ မေးခွန်းတွေ မေးနေတုန်းပဲဗျ။ PHP နဲ့ .NET ဘယ်ဟာလေ့လာရမလဲ။ စလုံးမှာ ဘာနဲ့ အလုပ်ခေါ်တာများလဲ ဆိုပြီး မေးကြတာတွေ တွေ့ဘူးတယ်။ PHP ပဲ ဖြစ်ဖြစ် .NET ပဲ ဖြစ်ဖြစ် တတ်ဖို့ မဟုတ်သေးဘူး သိဖို့တောင် ၆ လ လောက်တော့ လေ့လာရမှာ သေချာတယ်။ PHP ဘယ်လောက်ပဲ လွယ်တယ်ပြောပြော ၁ နှစ် အတွင်း လေ့လာဖြစ်ခဲ့တဲ့ PHP ဟာ ကျွန်တော် ၃ နှစ် လေ့လာခဲ့တဲ့ PHP ရဲ့ ၄ ပုံ ၁ ပုံလောက်ပဲ ရှိတယ်လို့ ဆိုရမယ်။ ကျွန်တော် ကိုယ်တိုင်တောင် PHP နဲ့ ပတ်သက်ပြီး မသိတာတွေ အများကြီးရှိသေးတယ်။ ဒါတောင် PHP က အမြဲ update လုပ်နေတဲ့ language မဟုတ်ဘူး။ ဒါကြောင့် ဟိုယောင်ယောင် ဒီယောင်ယောင်လုပ်မနေနဲ့။ လုပ်ငန်းဈေးကွက်မှာက PHP , .NET , python , ruby, java အကုန်လုံး ရှိတယ်။ ruby က ROR နဲ့ python က Django အသုံးများတယ်။ နောက်ပြီး google apps နဲ့ ရေးတာတွေလည်း ရှိတယ်။ ROR , Django တို့ကတော့ မြန်မာကလူတွေ တတ်တာ ရှားလိမ့်မယ်။ ဘာလို့လည်းဆိုတော့ သင်တန်းမှ မရှိတာ။ ရန်ကုန်မှာတော့ .NET နဲ့ PHP ကတော့ သင်တန်းပိုများတယ်။ ဒါကြောင့် ဒီကို လာဖို့လူတွေက .NET သို့မဟုတ် PHP ကိုပဲ မေးကြတာဖြစ်မယ်။ လက်ရှိ အခြေအနေကတော့ PHP နဲ့ .NET ၂ ခု စလုံး အဆင်ပြေတယ်။ .NET မှာဆိုရင်တော့ ရုံးတွင်း Framework , CRM စတာတွေ နဲ့ သုံးတာတွေလည်း ရှိသလို အမှန်အကန် ရေးရတာတွေလည်း ရှိတယ်။ PHP မှာလည်း PHP သီးသန့် ရေးရတဲ့ အခါတွေရှိသလို joomla , wordpress , mangeto စတာတွေကို သုံးပြီး ရေးတာတွေ ရှိတယ်။ တချို့ရုံးတွေက framework တွေကို သုံးပြီး ရေးတာတွေလည်း ရှိတယ်။ PHP သမားဆိုရင်တော့ MVC ကို နားလည်ထားရင် ပိုကောင်းမယ်။

ကျွန်တော် အမြဲပြောရေးနေကျပါ။ ဒီကိုလာမယ်ဆိုရင်တော့ နောက်ဆုံး technology ကို သိထားရင် အဆင်ပြေတယ်။ တော်တော်များများက jquery ကို မသိ။ မရေးတတ်။ နားမလည် ဆိုရင်  website development လုပ်တဲ့ အခါမှာ ပြဿနာ တတ်လိမ့်မယ်။ အခုခေတ်က ajax ခေတ်ဖြစ်တော့ Ajax နဲ့ jquery ကို တတ်ကို တတ်မှ ဖြစ်မှာ။ ဒါကြောင့် မတတ်ရင်တော့ သူများတွေနဲ့ ယှဉ်ပြီး အလုပ်လုပ်ဖို့က နည်းနည်းခက်တယ်။ ကိုယ့်ဘက်က မပိုင်နိုင်ရင်တော့ ကံကို ယုံပြီး ဆူးပုံ နင်းဖို့ပဲရှိတယ်။ ကံကောင်းပြီး အလုပ်ကောင်းကောင်း ရသွားတဲ့ သူတွေလည်း ရှိပါတယ်။ ဒီမှာ အလုပ်လာလုပ်တဲ့ သူ တော်တော်များများကလည်း jquery ကို မသိကြတာများတယ်။ နောက်ပြီး ajax ကို သေချာပိုင်နိုင်စွာ သုံးတတ်တဲ့ လူတွေက အများကြီး မရှိဘူး။ ရုံးက သုံးခိုင်းလိုက် သုံးဖူးတာပဲ ရှိတယ်။ သေသေချာချာ ရေးနိုင်တာ မရှိဘူးဆိုတာ ၁ နှစ်လောက် ဒီမှာ လုပ်ကြည့်လိုက်တော့ သိသွားတယ်။ ဒါကြောင့် Web Developer အနေနဲ့ Ajax, jQuery သေသေချာချာ သိရင် အလုပ်ရဖို့ အခွင့်အရေး ပိုများတယ်။

နောက်ပြီး ဒီကိုလာမယ်ဆိုရင်တော့ အတွေ့အကြုံ ၃ နှစ်လိုမယ်။ အရင်က ၂ နှစ်ရပေမယ့် အခုအချိန်က EP ဆိုရင် ၃ နှစ်မှ စိတ်ချရမယ်။ EP မဟုတ်ဘူး SP လောက်နဲ့ ကျေနပ်တယ်ဆိုရင်လည်း ကိုယ့်အရည်အချင်းက S$1800 တန်ပါစေ။ ဒီထက် မလျော့ချနဲ့။ ဒီမှာနေရဖို့ S$1500 နဲ့ လုပ်မယ်လို့ စဉ်းစားထားရင်တော့ နေစရိတ်နဲ့ ကုန်ဈေးနှုန်းနဲ့ အဆင်ပြေမှာမဟုတ်လောက်ဘူး။ အဲဒီအကြောင်းကို ကို Zack ဒီမှာ ရေးထားပါတယ်။ လာမယ့်သူတွေ အနေနဲ့ ဒီမှာ ၁ လ ကုန်ကျငွေကို သိရအောင် ဖတ်ထားသင့်တယ်။ လာမယ်ဆိုရင်တော့ သေချာတာကတော့ ပိုက်ဆံ ကုန်မယ်။ ဒါကြောင့် ဒီမှာ ၁ လ ဘယ်လောက်ကုန်မလဲဆိုတာ စဉ်းစားထားသင့်တယ်။ တခြား မစဉ်းစားနဲ့ အိမ်လခေ နဲ့တင် အခုပေါက်ဈေးက ၁လ ကို ၄၀၀ လောက် ရှိတယ်။ နောက်ပြီး စကာင်္ပူမှာ သတ်သတ်လွတ်က အသားတွေထက် ဈေးကြီးတယ်။ သတ်သတ်လွတ်သမားတွေ မြန်မာနိုင်ငံမှာလိုတော့ အသားထက် ဈေးသက်သာမယ် ဆိုပြီး တွက်လို့မရပါ။ ဒီမှာ အသားက ဟင်းသီးဟင်းရွက်ထက် ဈေးသက်သာတယ်လို့ ဆိုနိုင်ပါတယ်။

လာဖို့ အတွက် အဓိက ပြင်ဆင်ရမှာက ပိုက်ဆံ နဲ့ အရည်အချင်းပဲ။ ကိုယ့်မှာ အရည်အချင်း ဘယ်လောက်ရှိလဲဆိုတာ ဘာနဲ့ တိုင်းမလဲ။ အလုပ်ရှင်တွေလည်း မသိပါ။ သူသိအောင် ဘယ်လိုပြမလဲ ဆိုတာကို စဉ်းစားထားသင့်တယ်။ ကိုယ့်အနေနဲ့ ပြလို့ရတာတွေကတော့

၁။ လုပ်သက် နဲ့ အတွေ့အကြုံ
၂။ လုပ်ခဲ့တဲ့ project
၃။ recommendation
၄။ open source activity
၅။ ဘွဲ့ လက်မှတ်
၆။ certificate

ပုံမှန် အားဖြင့် အင်တာဗျူး မခေါ်ခင်တော့ အဲဒါတွေကို အရင်ဆုံး ကြည့်တယ်။ နောက်ပြီး ဒီမှာ အလုပ်လုပ်မယ်ဆိုရင်တော့ company ကြီးမှာ ရဖို့ဆိုတာကတော့ ခက်တယ်။ လခ ကတော့ company ကြီးမှာ ပိုရတယ်လည်း မဟုတ်ပါ။ company ကြီးမှာ အလုပ်လုပ်ရင်တော့ company သေးမှာ အလုပ်လုပ်တာ ထက် ပိုသက်သာမယ်။ ကိုယ်က ဒီမှာ လာပြီး အလုပ်ရှာနေတဲ့သူဆိုတော့ company ကို ရွေးပိုင်ခွင့်မရှိတဲ့ အတွက် အဲဒီ အကြောင်း မပြောတော့ဘူး။

အင်တာဗျူး ဖြေဖို့အကြောင်းကိုတော့ ကျွန်တော် လွန်ခဲ့တဲ့ ၁ နှစ် က post မှာ ရေးပြီးခဲ့ပါပြီ။ အဲဒီမှာ သွားဖတ်လိုက်ပါ။ ဒီမှာ အလုပ်လုပ်တော့မယ်ဆိုရင် computer သမားဆိုရင်တော့ ပင်ပန်းမယ်။ အလုပ်ဆင်းချိန် ၆ နာရီဆိုရင် ၇ နာရီလောက်မှ ပြန်ရတဲ့ အခါတွေ များမယ်။ ၇ နာရီ ဆင်းတာဆိုရင် ၈ နာရီလောက်မှ ပြန်ရတဲ့ အခါတွေများမယ်။ company သေးသေးမှာ ဝင်လုပ်ရင် dead line တွေ အရမ်းကပ်တယ်။ မပြီးရင် company မှာ ညအိမ် လုပ်ရတာတွေ ရှိမယ်။ အဲဒါတွေ ကြုံရတဲ့အခါမှာ စရောက်ကာစကတော့ ဒီ company ကပဲ ဒီလိုဖြစ်နေတာလားလို့ ထင်ပေမယ့် အခုတော့ မထင်တော့ပါ။ company သေးသေးလေးတွေ အားလုံးက အဲလိုပါပဲ။ ဘယ်မှာ လုပ်လုပ် Dead line နီးလာပြီဆိုရင် ပင်ပန်းမှာ အမှန်ပဲ။ တစ်ခါတစ်လေတော့လည်း လုပ်စရာ မရှိတော့ ဟိုယောင်ယောင် ဒီယောင်ယောင် အလုပ်လုပ်ပြရတဲ့ အခါတွေလည်း ရှိတတ်တယ်။ ဘယ်မှာ အလုပ်လုပ် တကယ်လုပ်ရပြီဆိုရင် ပင်ပန်းတယ်။ စလုံးမှာ လုပ်ပြီဆိုရင်တော့ ပင်ပန်းတာကို ငြီးလည်း ထူးလာမယ်မထင်သလို ဘယ်သူမှ လည်း သနားမယ် မထင်ပါ။ ဘာဖြစ်လို့လည်းဆိုတော့ အားလုံးက ဒီလိုကြီးပဲလေ။ နောက်ပြီး Deadline တွေက အရမ်းကပ်တယ်။ မဖြစ်နိုင်ဘူးဆိုပေမယ့် ဖြစ်အောင်တော့ လုပ်အောင်တော့ ကြိုးစားပြီး လုပ်ရတာပဲ။ ဒါတွေကို ခံနိုင်ရည် ရှိဖို့လိုပါလိမ့်မယ်။

နောက်ပြီး ကျွန်တော်တို့ မြန်မာ တော်တော်များများဟာ အခုလုပ်နေတဲ့ဟာ မြန်မြန်ပြီးဖို့ကို အာရုံထားပါတယ်။ ဖြတ်ညှပ်ကပ်တွေလည်း အသုံးများတယ်။ သုံးတာက ကိစ္စမရှိပါ။ တစ်ခါတစ်လေ Europe က developer တွေနဲ့ အလုပ်လုပ်တဲ့ အခါမှာ အနည်းအကျဉ်း ပြဿနာလေးတွေ ရှိတတ်တယ်။ Asia က developer တွေဖြစ်တဲ့ တရုတ် အိန္ဒိယ စတာတွေလည်း ကျွန်တော်တို့နဲ့ ထူးမခြားနားပဲ။ Europe တွေနဲ့ အလုပ်လုပ်တဲ့အခါမှာတော့ ကိုယ်ပြောတဲ့ english စာ စကားကို နားမလည်တာမျိုးတွေ ကြုံတတ်သလို ပြီးပြီးရော အလုပ်လုပ်တဲ့ ပုံတွေကိုလည်း သဘောမကျတာတွေ ရှိတတ်ပါတယ်။ ဒါကြောင့် တတ်နိုင်ရင် အလုပ်လုပ်တဲ့အခါမှာ စနစ်တကျ လုပ်တတ်ဖို့ပြင်ဆင်ထားသင့်ပါတယ်။ အဲ.. ပုံမှန် စလုံး company မှာဆိုရင်တော့ ကိစ္စမရှိ။ မြန်မြန်ပြီးဖို့က အဓိက ကျပါတယ်။ အဲဒါကြောင့် နောက်ပိုင်းမှာ ပြဿနာတွေလည်း ခဏခဏတက်ရပါတယ်။ ရှေ့က ထွက်သွားတဲ့ developer နေရာမှာ ကိုယ်ဝင်တော့ သူလုပ်ခဲ့တာတွေက ဘာတွေ မှန်းနားမလည် ပြီးပြီးရော ချခဲ့တာတွေ ဖြေရှင်းရတာတွေလည်း ရှိပါတယ်။

UML , Flowchart စတာတွေ သိထားရမလားဆိုရင်တော့ သိထားရင် အကောင်းဆုံးပဲ။ တချို့ရုံးတွေက UML တွေ flowchart တွေတောင် ဆွဲမနေဘူး။ ဒီနေ့အစည်းအဝေးထိုင်။ ဒီနေ့ ဆွဲပဲ။ အချို့ company တွေကျပြန်တော့လည်း meeting ပြီးရင် UML တွေ ထွက်လာတတ်တယ်။ အဲဒီ UML ကို ကိုယ်မဖတ်တတ်ရင် ဘယ်လို အလုပ်လုပ်မလဲ။ အဲဒီအခါ ကိုယ်ထင်တာ ဆွဲလိုက်တာနဲ့ သူဆွဲထားတဲ့ diagram ဆိုလိုရင်းနဲ့ လွဲသွားရင် ပြန်ပြင်ရတာတွေ ရှိပြန်ကော။ ဒါကြောင့် တတ်ထား လေ့လာထားရင် မမှားဘူး။

Web Developer တွေအနေလာ အလုပ်လုပ်မယ်ဆိုရင်တော့ ကျွန်တော် ဒီပုံ Other Knowledge တွေကို မတတ်ရင်တောင် သိထားရင် အလုပ်လုပ်ရမှာ အဆင်ပြေပါလိမ့်မယ်။ အခုတော့ မလာသေးဘူး။ လာဖို့ ပြင်နေတုန်းပဲ။ လုပ်ငန်းအတွေ့အကြုံ ရန်ကုန်မှာ ယူနေတုန်းဆိုရင် ဖြစ်နိုင်မယ်ဆိုရင် mobile development ပိုင်းမှာ iOS နဲ့ Android ကို လေ့လာထားပါ။ မြန်မာနိုင်ငံမှာတော့ iOS က လေ့လာရ ခက်ပါတယ်။ လူတိုင်း mac မသုံးနိုင်ပါ။ Android က ပိုအဆင်ပြေနိုင်ပါတယ်။ စကာင်္ပူမှာ တော်တော်များများက iPhone 4 နဲ့ အချို့က iPhone 3Gs သုံးပါတယ်။ ပြီးတော့ Android ဖုန်းတွေ အသုံးများတယ်။ ဒါကြောင့် company တွေက mobile market ထဲကို ဝင်ဖို့ ပြင်ဆင်နေပါတယ်။ ဒါကြောင့် နောင်တချိန် mobile ဈေးကွက် စကာင်္ပူမှာ ကြီးထွားလာနိုင်ပါတယ်။ အခုတောင် စတင်နေတာတွေ တွေ့နေရပြီ။ ဒါကြောင့် အခုအချိန်မှာ လူတတ်နည်းပြီး အလုပ်ခေါ်များတဲ့ iOS , Android ကို လေ့လာထားရင် မမှားဘူးလို့ ဆိုနိုင်ပါတယ်။

.NET အပိုင်းကတော့ ကျွန်တော် မသိပေမယ့် .NET ဆိုရင်တော့ India တွေနဲ့ အပြိုင် အလုပ်လျှောက်ရပါလိမ့်မယ်။ သူတို့လည်း လက်မှတ်တွေ ကိုယ်စီနဲ့ပါပဲ။ စကာင်္ပူမှာ IT နဲ့ အလုပ်လုပ်တဲ့သူတွေက မြန်မာ အိန္ဒိယ ဖိလစ်ပိုင် တွေများပါတယ်။ အများအားဖြင့်တော့ .NET ပါပဲ။ နောက်ပြီး Network သမားတွေလည်း အလုပ်တော်တော်ရကြပါတယ်။ သို့ပေမယ့် programming ပိုင်းထက်စာရင် အနည်းငယ် အလုပ်ရဖို့ ခက်ပါတယ်။ programming လောက်တော့ အလုပ်ခေါ်တာ မများပါ။  ထွက်ချင်တဲ့လူတွေ အနေနဲ့ ကိုယ့်ကိုယ် ယုံကြည်မှု အပြည့်ရှိရင် ထွက်ပါ။ နိုင်ငံခြား ထွက်ပြီး အလုပ်လုပ်ဖို့ကိုတော့ ကျွန်တော် အားပေးပါတယ်။ မြန်မာနိုင်ငံမှာ အလုပ်လုပ်ရင်တော့ paypal api တွေ သုံးတတ်မှာ မဟုတ်ဘူး။ youtube , google api စတဲ့ web api တွေ သုံးတတ်ဖို့ခက်ခဲမယ်။ database နဲ့ ချိတ်ဆက်တာ မဟုတ်ပဲ အခြား api တွေနဲ့ ချိတ်ဆက်ပြီး ရေးရတာတွေ သိလာရမယ်။ framework တွေ နားလည်လာမယ်။ အခြား ပညာရေးနဲ့ ဆိုင်တာတွေ အသိပညာတွေ တိုးတက်လာနိုင်ပါတယ်။ ဒါကြောင့် ထွက်ပါ။ လေ့လာကြည့်ပါ။ ကိုယ့်ဘာသာကိုယ် မြန်မာလူမျိုးတစ်ယောက်လို့ ခံယူထားရင် ထွက်တာက ပြဿနာ မဟုတ်ပါ။ ကလေးတွေ ကျောင်းလာတက်တဲ့ ဟာနဲ့ ယှဉ်ရင်တော့ ဒီမှာ အလုပ်လာလုပ်မယ့်လူတွေက ဘဝ အတွေ့အကြုံ အနည်းအများရှိပြီးသားတွေလို့ ပဲ ဆိုရမယ်။

နောက်ပြီး ဒီမှာ အလုပ်လာရှာမယ်ဆိုရင် အဆိုးဆုံးကိုလည်း ကြိုတင် ပြင်ဆင်ထားဖို့လိုပါတယ်။ အလုပ်မရပဲ ပြန်သွားတဲ့လူတွေဟာ အလိုလို စိတ်ဓာတ်ကျသွားတတ်ပါတယ်။ သိမ်ငယ်သွားတတ်တယ်။ နောင်တကြိမ်ပြန်လာပြီး အလုပ်ရှာရမှာလည်း ကြောက်သွားတာတွေလည်း အများကြီးပါ။ ဒါကြောင့် မသွားနဲ့။ အလုပ်ရှာရ အရမ်းခက်တယ်ဆိုတဲ့ စကားတွေလည်း ကြားရပါလိမ့်မယ်။ ဒါကြောင့် အဆိုးဆုံးကိုလည်း ခံနိုင်ရည် ရှိအောင် ပြင်ဆင်ထားပါ။ Pass မရမခြင်း အလုပ်ရပြီလို့လည်း လိုက်မကြေငြာပါနဲ့။ အလုပ်ရတိုင်းလည်း Pass ရချင်မှ ရပါလိမ့်မယ်။ Pass ရပြီးမှ အလုပ်ရပြီလို့ သူငယ်ချင်း အပေါင်းအသင်းတွေကို အသိပေးဖို့လိုပါတယ်။ အချို့တွေကလည်း ဒီမှာ ကျောင်းပြီးတော့ Diploma တွေ Master တွေ လာတက်ပါတယ်။ ကိစ္စမရှိပါ။ အားပေးပါတယ်။တစ်ခု သိထားသင့်တာကတော့ ကျောင်းကတော့ အလုပ်မရှာပေးနိုင်ပါ။ ကျောင်းပြီးလို့ အလုပ်ရ မရကတော့ ကိုယ်နဲ့ပဲ ဆိုင်ပါတယ်။ ဒါကိုတော့ ကျောင်းလာတက်တဲ့ လူတွေ အနေနဲ့ သိသင့်တယ်။ ကဲ.. ပြောချင်တာတွေလည်း ပြောပြီးပြီ။ အခြားလူများလည်း အတွေ့အကြုံတွေ ထင်မြင်ချက်တွေ comment ထဲမှာ ရေးခဲ့နိုင်ပါတယ်ဗျာ။

9 responses to “Singapore ? Part – II”

  1. အရေးအကြီးဆုံးက ပြဿနာ ဘယ်လိုရှင်းမလဲပဲ နောက်တစ်ခု အလုပ်မှာ ဘယ်လောက် လိုက်လျောညီထွေ ပြောင်းလဲနိုင်မလဲပဲ နောက်ဆုံးတစ်ခုက ဝါသနာလို့ပြောရမလား စိတ်ဝင်စားမှု့လို့ပဲပြောရမလား အဲဒါတွေပဲ အရေးကြီးတယ် ကျန်တာတွေက အပရိကပါ။ မဟုတ်ရင်တော့ သူများသင်တန်းတက်သလားတက် အလုပ်လာရှာတယ် ရချင်လည်းရမယ် ဒါကတော့ လူတစ်ယောက်နဲ့တစ်ယောက် ကံလည်းအတူဘူး ဒါပေမယ့် အပေါ်မှာပြောတဲ့ဟာတွေ မရှိရင်တော့ မတိုးတက်ဘူးလေ ခိုင်းရာလုပ်တဲ့လူပဲ ဖြစ်နေမှာပေါ့။ ကိုယ့်ကိုကိုယ် ဘယ်ပရိုဂရမ်းမင်းဘာသာစကား ပြန်စဉ်းစားတယ် ဘာမှမတတ်ဘူး ထင်မိတာပဲ ဒါပေမယ့် အလုပ်တော့ လုပ်လို့ရနေတာပါပဲ။ :D

  2. ထွက်လာပြီးရင်တော့ ရပ်လို့မရတော့ဘူး ပျင်းလို့မရတော့ဘူး :-)
    အလုပ်ရသွားပြီဆိုပြီး လေ့လာတာတွေ ရပ်လို့ မရတော့ဘူး… ပိုများလာဖို့ပဲ ရှိတော့တယ်…

  3. ဗျောက်အိုး Avatar
    ဗျောက်အိုး

    ကျွန်တော်က Java သမားလို့ပြောလို့ရပါတယ် .. ။ UCSY ပြီးကတည်းက Java သင်တန်းတွေပဲ တက် .. Java Project တွေကြီးပဲ ရေးလာတာပါ .. ။ Java Project နဲ့ပတ်သတ်ပြီး .. Social Network ဆန်ဆန် ( Struts 1.3.8 ကိုသုံးပြီး ) ရေးဖူးပါတယ် ။ Data Warehouse ပုံစံတစ်ခု .. JCE API ကိုသုံးပြီး .. Encryption Algorithm တွေရဲ့Encryption Time ကို နိုင်းယှဉ်တဲ့ Performance Analysis တစ်ခု .. Data Encryption အပိုင်းပါတဲ့ Flash Drive Control System တစ်ခု ရေးဖူးပါတယ် .. ။ Social Network က ကျွန်တော့် School Project ပါ . ။ ကျန်တဲ့ ဟာတွေက သူများ ME (IT) Thesis တွေပါ … ။ ဒါပေမဲ့ အဲဒါတွေ ပြီးတဲ့ အခါ အဲဒီ Application တွေကို တကယ်သုံးလို့ရတဲ့ Application တွေလို့မမြင်ပါဘူး ..။ School Project ကလဲ Project ပြီးအောင်ရေးရတာဆိုတော့ တကယ့် Standard မမှီပါဘူး ( localhost မှာတောင် တော်တော်လေးပါတယ် ) ။ ကျန်တာတွေကလဲ သူတို့ Supervisor တွေ ပြင်ခိုင်းတာတွေနဲ့ကျွန်တော် ရဲ့မပြည့်စုံမှုတွေကြောင့် အခုပြန်ကြည့်တော့ စိတ်တိုင်းမကျပါဘူး ။ အခု Mobile Development သင်တန်းတက်နေပါတယ် .. ။ သင်တန်းမှာတော့ Java ME Application နဲ့Symbian OS ကိုသင်မယ်လို့ပြောပါတယ် .. ။ သင်တန်းပြီးရင် လုပ်ငန်းအတွေ့အကြုံယူမှာပါ ။ ( တစ်နှစ် လို့ခန့်မှန်းထားပါတယ် .. လုံလောက်မှုရှိပါသလား ။) ။ ပြီးရင် S’pore ကိုလာပြီး အလုပ်ရှာ အလုပ်ရမှပဲ SCJP နဲ့SCWCD တွေကို ဖြေမယ်လို့ရည်ရွယ်ထားပါတယ် ။ ကိုစေတန် ဘယ်လို မြင်ပါသလဲ ။ နောက်ပြီး နောက်ထပ်ကျွန်တော်ရေးမယ့် App တွေကို တကယ် Usage Standard ရှိလာအောင် ဘယ်လို လုပ်ရမလဲ ။ နည်းနည်း လမ်းညွှန်ပေးပါဦး ။ အစ်ကို့blog မှာ အရှည်ကြီးရေးမိတာတောင်းပန်ပါတယ် ။ MZ မှာ အဲလို Thread မျိုး မတွေ့လို့ပါ ။ ကျေးဇူးတင်ပါတယ် ။

    1. အမှန်တိုင်းပြောရရင် company အများစုက school project ကို သိပ်စိတ်မဝင်စားဘူး။ နောက်ပြီး shadow thesis တွေက လက်တွေ့မှာ လုပ်ဖူးတယ်ဆိုပြီး ပြလို့မရဘူး။ ဒါကြောင့် လုပ်ငန်းခွင်ထဲမှာ ဘာလုပ်ဖူးလဲ။ open source တွေ ဘာတွေ လုပ်ဖူးလဲ။ နောက်ပြီးတော့ ပြဿနာတွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာ အရေးပါတယ်။ လိုက်လျောညီထွေ ပြောင်းလဲ တတ်ဖို့ လိုတယ်။ interview တော်တော်များများဟာ ကျွန်တော် post ထဲမှာ ရေးထားခဲ့သလိုပဲ။ အပေါ်ယံ အဆင့်ဆင့်ကြည့်ပြီးမှ လုပ်မယ့် အလုပ်နဲ့ သင့်တော်လား ကြည့်ပြီးမှ ခေါ်တာပါ။ အဲဒီ အထဲကမှ စကားပြောတာ နားလည်မယ်။ ခိုင်းကောင်းမယ်။ လိုက်လျောညီထွေမှု ရှိမယ်။ အသစ်အသစ်တွေကို လေ့လာနိုင်စွမ်း ရှိမယ်။ အဲလိုလူမျိုးတွေကတော့ အလုပ်ရဖို့ အခွင့်အလမ်းပိုများတယ်။ ၁ နှစ်ဆိုတာက EP ရဖို့ မဖြစ်နိုင်ပါ။ အလုပ်အကိုင်ကောင်းရပေမယ့် EP မရနိုင်တဲ့အတွက် Spass နဲ့ပဲ လုပ်ရမယ်။ 1 year experience ဆိုတာကို သိပ်စိတ်ဝင်စားကြမယ် မထင်သလို အလုပ်ရဖို့လည်း ခက်သွားပါမယ်။ အနည်းဆုံး 2 year experience ပြနိုင်ရင်တော့ အခွင့်အလမ်းပိုများလိမ့်မယ်။ Website ရေးတာပဲ ဖြစ်ဖြစ် development လုပ်တာပဲ ဖြစ်ဖြစ် တစ်ယောက်တည်း ရေးနေ လုပ်နေရင်တော့ ဘယ်လို standard လုပ်ရမယ်ဆိုတာ သိလာမှာ မဟုတ်ဘူး။ အခြားလူတွေ ဘယ်လို လုပ်လဲ။ ဘယ်ပြဿနာကို ဘယ်လို ဖြေရှင်းသွားလဲ စတာတွေက လက်ရှိ လုပ်ငန်းခွင် အတွေ့အကြုံရှိတဲ့လူတွေကနေ တဆင့် သင်ယူတက်မြောက်ရတာပဲ။ သင်ဆရာဆိုတာထက် မြင်ဆရာတွေပဲရှိပါလိမ့်မယ်။

  4. စ လုံးမှာ အလုပ်လုပ်ချင်တယ်ဆိုရင်တော့ … ပထမဆုံး အင်္ဂလိပ်စာကောင်းအောင်လုပ်စေချင်တယ်ဗျာ… နောက်တခုက ကိုယ်လုပ်မယ့်အလုပ်ကို တကယ်ကျွမ်းကျင်စေချင်ပါတယ်… တကယ်ကို လုပ်ငန်းခွင် အတွေ့အကြုံကောင်းတွေကိုလိုအပ်ပါတယ်…အလုပ်လုပ်ရတဲ့ ပတ်ဝန်းကျင်က ကိုယ့်နိုင်ငံနဲ့တော်တော်လေးကွာခြားပါတယ်… dead line တွေ ကိုစေတန်ပြောသလို တအားကပ်ပါတယ်… Pressure ဒဏ်ခံနိုင်ရပါမယ်… S-pass/EP လျှောက်ရင် ကိုယ်လုပ်ခဲ့တဲ့ Company နဲ့ Position၊ လုပ်ခဲ့တဲ့ နှစ် စ တာတွေ ကိုဖြည့်ရပါတယ်… တကယ်ကတော့ လုပ်သက် ၂ နှစ်နဲ့ အထက်ရှိမှ ပိုကောင်းပါတယ်… S-pass လည်းဖြစ်ပါတယ်ဆိုရင်တောင် ကိုစေတန်ပြောသလို… S$1800 အနည်းဆုံးထားပြီး အလုပ်ရှာစေချင်ပါတယ်ဗျာ… စ လုံးမှာ Living cost များပါတယ်… ကျွန်တော်လည်း စ လုံးမှာ လွန်ခဲ့တဲ့ ၂ နှစ်ကျော်က Engineer တယောက်အဖြစ် အလုပ်လုပ်ခဲ့ပါတယ်… ကြိုးစားကြပါဗျာ…အားပေးပါတယ်…

  5. Thanks for the post.

  6. ဘွဲ့မရပဲနဲ့ ဒီပလိုမာပဲရှိ့တယ်ဆိုရင်
    စလုံးမှာအဆင်ပြေနိုင်လားလို့သိ့ချင်လို့ပါ

    1. spass ကတော့ လျှောက်ရင် ရနိုင်ပေမယ့် risk များတယ်။ ဘွဲ့တစ်ခုလောက် ရအောင် အရင်လုပ်လိုက်တာ ပိုကောင်းမယ်။ ဒါမှမဟုတ် အတွေ့အကြုံ ၄ နှစ်လောက် ရှိရင်လည်း အဆင်ပြေလောက်တယ်။

  7. ဟုတ်ကဲ့ အခုလိုပြောပြပေးတာကျေးဇူးတင်ပါတယ်ဗျ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading