မေးပါ

၈ တန်း နဲ့ ၉ တန်းမှာ ဆရာ ဦးလေးနိုင် နဲ့ ဒဂုံ ၁ မှာ သင်ခဲ့ရတယ်။ ဆရာက အသင်ပြ ကောင်းသလို အရိုက်လည်း ကြမ်းတယ်။ ဆရာ ပြောခဲ့သည့် စကား တစ်ခုက အခု အသက်အရွယ် ထိ မှတ်မိနေတုန်းပဲ။ ဆရာတွေကို မေးပါ။ ဆရာတွေမှာ ကျောင်းသားတွေကို မပြောဖြစ်သည့် အချက်လေးတွေ ပညာလေးတွေ ရှိတယ်။ ကျောင်းသား ဆိုတာက အဲဒါလေးတွေကို ဆွဲထုတ်နိုင်ပြီး ဆရာတွေကို မေးခွန်း မေးတတ်ဖို့ လိုတယ်။

ငယ်ငယ်တုန်းကတော့ သဘော မပေါက်ခဲ့ဘူး။ အသက်ကြီးလာပြီး အလုပ်ဝင်သည့် အခါမှ မေးခွန်း မေးဖို့ လိုတယ် ဆိုတာကို တော်တော်လေး သဘောပေါက်ခဲ့တယ်။ မေးခွန်း မေးသည့် အခါမှာလည်း ဒီမေးခွန်းဟာ မေးသင့်လား မ မေးသင့်သည့် မေးခွန်းလားဆိုပြီး စဉ်းစားရတာတွေ ရှိတယ်။ တစ်ချို့မေးခွန်းတွေက မေးပြီးသား ။ တစ်ကြိမ်လည်း မေး။ နောက်တစ်ကြိမ်လည်းမေး။ သုံးကြိမ်လောက် ဆိုရင်တော့ စိတ်ရှည်တော့မှာ မဟုတ်ဘူး။ ကိုယ်တိုင်က မှတ်ဉာဏ်တစ်ခုကို အကြာကြီး မှတ်ထားနိုင်စွမ်း မရှိဘူး။ အလုပ်ထဲ ရောက်သည့် နောက်ပိုင်းမှာ အထက်နဲ့ ဆက်ဆံ ရသည့် အခါမှာ စာအုပ်ကို အမြဲဆောင်ထားဖြစ်တယ်။ အမြဲတန်း ရေးမှတ်သည့် အကျင့်လုပ်ဖြစ်တယ်။ အလုပ်ကိစ္စပဲ ဖြစ်ဖြစ် ဘာကိစ္စပဲ ဖြစ်ဖြစ် ၂ ကြိမ် မမေးမိအောင် မနည်းကြိုးစားခဲ့ရတယ်။

မေးခွန်းတွေကို မေးဖို့အတွက် ဘယ်အပိုင်းကို မေးရင် သူစိတ်ဝင်စားလဲ။ ကိုယ်ကိုယ်တိုင်ကလည်း သိချင်ဖို့ လိုသလို သူကိုယ်တိုင်ကလည်း စိတ်ဝင်စားသည့် အပိုင်း ဖြစ်ဖို့ လိုတယ်။ လူဆိုတာ ကိုယ်ကျွမ်းကျင်သည့် အပိုင်းကို မေးလေလေ သဘောကျလေလေပဲ။ ကိုယ်သိတာတွေကို ပြောပြရလေလေ သဘောကျလေလေပဲ။ ဒါကြောင့် မေးဖို့ရာ သူဒီအပိုင်းကို တကယ်တတ်ကျွမ်းလားဆိုပြီး တီးမိခေါက်မိဖို့ လိုတယ်။ သူ့ အပိုင်းမဟုတ်ပဲ မေးမိပြန်ရင်လည်း အားနာစရာတွေ ဖြစ်တတ်တယ်။ ပညာစမ်းသလို သဘောတွေ ဖြစ်တတ်တယ်။ ဒါကြောင့် မေးခွန်းမေးပြီးဆိုရင် ကိုယ်တိုင်လည်း သိချင် သူကလည်း ကျွမ်းကျင်ဆိုသည့် အပိုင်းကို နောက်ပိုင်း မေးနိုင်အောင် ကြိုးစားတယ်။ ဥပမာဗျာ ကျွန်တော့်ကို Android အကြောင်းပဲ ဖြစ်ဖြစ် PHP အကြောင်းပဲ ဖြစ်ဖြစ်လာမေးရင် အခုအချိန်မှာ သေချာသိမှာ မဟုတ်ဘူး။ iOS အကြောင်းမေးရင်တော့ ပျော်ပျော်ကြီး ဖြေချင်သလိုပေါ့။

တစ်ခါတစ်လေ မမေးခင်မှာ research လေးတွေ လုပ်ရတာလေးတွေရှိတယ်။ အထူးသဖြင့် stackoverflow တို့လို နေရာတွေမှာ မေးခွန်းတစ်ခု မေးတော့မယ် ဆိုရင် ဒီမေးခွန်းက ရှိပြီးသားလား ဒီအတွက် အဖြေကော ရှိပြီလားဆိုပြီး ရှာဖွေပြီးမှ မေးတာ အဆင်ပြေတယ်။ နောက်မို့ဆိုရင်တော့ ကိုယ်ပျင်းတာ လူသိတယ်။

ငယ်ငယ်က ဆရာပြောခဲ့သည့် မေးခွန်းကို နောက်ပိုင်း online learning တွေ တက်သည့်အခါ နောက်ပြီး iOS ကို Stanford University က သင်တာကို ကြည့်ပြီးမှ သဘောပေါက်လာတယ်။ ကိုယ်သိချင်တာ နောက်ပြီး ဆရာကလည်း တကယ်သိမယ့် အရာကို မေးဖို့ လိုတယ်။ ကျွန်တောတို့ ကျောင်းသား ဘဝက ဆရာသင်တာကို လိုက်ကူးတာကလွဲပြီး ဘာမှထွေထွေ ထူးထူး မရှိဘူး။ ဖြစ်နိုင်လား မဖြစ်နိုင်လား ဆိုတာလည်း မစဉ်းစားဘူး။ ဆရာသင်တာ အကုန် အမှန် ဒါအမှန်ကြီးလို့ပဲ ယူဆပြီး သင်ယူခဲ့တာတွေ အခုအချိန်မှာ ပြန်သတိထားမိတယ်။ သို့ပေမယ့်လည်း မေးခွန်းမေးတာကို အထွန့်တက်တယ်လို့ ယူဆသည့် ပညာရေး အသိုင်းအဝိုင်းမှာ ကြီးပြင်းခဲ့တော့ နောက်ပိုင်း ပွဲတွေမှာလည်း လူငယ်တွေ မေးခွန်းမေးတာ အရမ်းရှားတယ်။ ပွဲပြီးမှ တစ်ယောက်ခြင်းစီ လာပြီး မေးတာကို သတိထားမိတယ်။ သူအဲဒီအပိုင်းကို တကယ်သိတယ်။ ကိုယ်လည်း သိချင်တယ်ဆိုရင် လူကြားထဲမှာလည်း ရဲရဲ ဝံ့ဝံ့ မေးရဲဖို့ လိုတယ်။ သို့ပေမယ့် ကိုယ့်မေးခွန်းကိုတော့ ကိုယ်ပြန်ဆန်းစစ်ဖို့တော့ အရင်လိုအပ်တာပေါ့။ ဒီအကြောင်းအရာနဲ့ သက်ဆိုင်သည့် မေးခွန်းဟုတ်မဟုတ်ကတော့ အရေးပါပါတယ်။ မေးပါ။ ဒါမှ ပိုသိလာမှာပါ။ သိသည့်သူက ပြောပြလိုက်တာဟာ တစ်ခါတစ်လေ တစ်နေ့လုံး ရှာပြီး ထိုင်ဖတ်ရတာထက် ပိုမြန်ပါတယ်။ သို့ပေမယ့် တူညီသည့် မေးခွန်းတော့ ထပ်ခါ ထပ်ခါ မဖြစ်ပါစေနဲ့။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading