လေထဲမှာ ဝဲပျံသွားတဲ့ စကားလုံးတွေကို
ဖမ်းဆုတ်လို့ မရနိုင်ခဲ့ဘူး…
ရေးချလိုက်တဲ့ စာသားတွေဟာ…
အသက်မဝင်ခဲ့ဘူး …
ငါ့ထွက်သက် နဲ့ ဝင်သက်ကတော့
စည်းချက်မှန်လျက်ပဲ…
အခန်းကျဉ်းထဲလဲလှောင်းနေရင်း…
လမသာတဲ့ ကောင်းကင်ကြီးကို …
ငေးကြည့်ရင်းနဲ့…
ကြယ်တွေလည်း ရှိမနေပါဘူး..
ရှင်းလင်းနေတဲ့ ကောင်းကင်ကြီးပေါ့…
ကြယ်တွေ စုံတဲ့ အခါ …
ကြယ်တွေကိုသာ လူတွေ မြင်ကြတယ်..
ကြယ်တွေလှပဖို့အတွက် နောက်ခံ …
မည်းမှောင်နေတဲ့ ကောင်းကင်ကိုတော့
လစ်လျူရှုထားတာလား…
ကောင်းကင်ကြီး မည်းနေလို့များလားကွာ…
ကြယ်တွေလှပဖို့အတွက် …
သူမည်းနက်နေပေးရတာပါ..
အချိန်အခါတွေ ပြန်ပြောင်းသတိရရင်း…
အခုအချိန်မှာတော့ ငါ ငိုရှိုက်ဖို့ အသံတွေက…
ဆွံ့အ သွားပြီ…
ထွက်သက် နဲ့ ဝင်သက်ဟာ…
ငါ့ဘဝရဲ့ အဖော်ပဲ…
သူတို့တွေ စည်းချက်မှန်နေသ၍…
ငါ အသက်ရှင်နေသေးတယ်…
မနက်ဖြန်အတွက် မစဉ်းစားချင်ဘူး…
မနက်ဖြန်အတွက် မတွေးထားချင်ဘူး…
ဒီလိုနဲ့ပဲ မနက်ဖြန်တွေ ရောက်လို့လာပြီလေ….
ငါ့အသက်တွေလည်း တစ်ရက်ကြီးလာလေပြီ….
Leave a Reply