ကဗျာ
-
ရှေ့ရပ်နေထွက်ပြီး… နောက်အရပ်က နေဝင်တာ… အနောက်အရပ် အသုံးမကျလို့လား.. ဓူဝံကြယ် မြောက်ဘက်မှာ ရှိတာ ဘက်လိုက်ခြင်းလား… သောကြာကြယ် ထူးခြားနေတာ…. သူ အစွမ်းထက်လို့များလား.. ညဘက်မှ လထွက်သာ လက နေမင်းကို ကြောက်လို့များလား.. တိမ်တွေဖုံးလို့ ကြယ်တွေပျောက်…. ကြယ်တွေ ကြောက်လို့များလား… အကြောင်းကြောင့် အကျိုးတွေ ဖြစ်နေတာ… မတူညီတာ မတူညီတာပဲ… နေမင်းက လရဲ့ ခံစားချက်ကို ခံစားပေးလို့မရဘူး.. လကလည်း နေမင်းရဲ့ ဘဝကို နားလည် မပေးချင်ဘူး.. နေမင်းက သူ့ အလင်းရောင်နဲ့ မာန်တက်တယ်.. လမင်းကလည်း သူ့အလင်းရောင်နဲ့ မာန်တက်တယ်.. လမင်း အလင်းနဲ့ နေမင်း အလင်း… နေမင်းဘဝ နဲ့ လမင်းဘဝ မတူညီဘူး..
-
လေထဲမှာ ဝဲပျံသွားတဲ့ စကားလုံးတွေကို ဖမ်းဆုတ်လို့ မရနိုင်ခဲ့ဘူး… ရေးချလိုက်တဲ့ စာသားတွေဟာ… အသက်မဝင်ခဲ့ဘူး … ငါ့ထွက်သက် နဲ့ ဝင်သက်ကတော့ စည်းချက်မှန်လျက်ပဲ… အခန်းကျဉ်းထဲလဲလှောင်းနေရင်း… လမသာတဲ့ ကောင်းကင်ကြီးကို … ငေးကြည့်ရင်းနဲ့… ကြယ်တွေလည်း ရှိမနေပါဘူး.. ရှင်းလင်းနေတဲ့ ကောင်းကင်ကြီးပေါ့… ကြယ်တွေ စုံတဲ့ အခါ … ကြယ်တွေကိုသာ လူတွေ မြင်ကြတယ်.. ကြယ်တွေလှပဖို့အတွက် နောက်ခံ … မည်းမှောင်နေတဲ့ ကောင်းကင်ကိုတော့ လစ်လျူရှုထားတာလား… ကောင်းကင်ကြီး မည်းနေလို့များလားကွာ… ကြယ်တွေလှပဖို့အတွက် … သူမည်းနက်နေပေးရတာပါ.. အချိန်အခါတွေ ပြန်ပြောင်းသတိရရင်း… အခုအချိန်မှာတော့ ငါ ငိုရှိုက်ဖို့ အသံတွေက… ဆွံ့အ သွားပြီ… ထွက်သက် နဲ့ ဝင်သက်ဟာ… ငါ့ဘဝရဲ့ အဖော်ပဲ… သူတို့တွေ စည်းချက်မှန်နေသ၍……
-
ငါတို့ဟာ သူရဲကောင်း… ငါတို့ဟာ အောင်မြင်သူ… ငါတို့ဟာ ရှေ့ဆက်သူ… ငါတို့ဟာ ဦးဆောင်သူ… ငါတို့ဟာ ခေါင်းဆောင်တွေပဲ… ငါတို့ဟာ အနာဂတ်… ငါတို့ဟာ အတိတ်….
-
သူများတွေ ဂိမ်းဆော့တဲ့ ၅ တန်းအရွယ် ငါ game ဆော့တယ်… သူများတွေ ဂိမ်းဆော့ဆဲ ၆ တန်းအရွယ် ငါကတော့ လက္ခဏာစာအုပ်တွေနဲ့ ရူးခဲ့တယ်… သူများတွေ ကောင်မလေးတွေ အကြောင်းပြောကြတဲ့ ၈ တန်း အရွယ် ငါ မျက်လှည့်ကို အရူးအမူးပဲ…
-
ငါ့ဟာငါ လောင်ကျွမ်းနေတာ… မင်းတို့ကို အလင်းပေးဖို့မဟုတ်ဘူး… ငါ့ဟာငါ လင်းထိန်းနေတာ… မင်းတို့ကို မနက်ဆိုတာ ဖန်တီးဖို့မဟုတ်ဘူး… ငါ့ဟာငါ ပူလောင်နေတာ… မင်းတို့အတွက် ပိုးသတ်ဖို့ မဟုတ်ဘူး… ငါဟာ့ငါ ပူပြင်းနေတာ… မင်းတို့ အဝတ်လှမ်းဖို့ မဟုတ်ဘူး…