ဘဝတစ်ခုကို အောင်မြင်ခြင်း၊ မအောင်မြင်ခြင်းဆိုတာ ငွေကြေးတစ်ခုတည်းနဲ့ တိုင်းတာလို့ မရသလို အခြားသူတွေရဲ့ အမြင်နဲ့လည်း တိုင်းတာလို့ မရဘူး။ ခေတ်ကာလတစ်ခုလုံးမှာ ချမ်းသာသူတွေကို မီဒီယာတွေက ပိုမိုဖော်ပြနေကြတာကြောင့် ချမ်းသာခြင်းဟာ အောင်မြင်မှုလို့ လူအများက ထင်လာကြတယ်။ အခုခေတ် တရုတ်ဇာတ်လမ်းတို အများစုမှာတောင် စည်းစိမ်နဲ့ အရှိန်အဝါ (Wealth & Status) ကို အောင်မြင်မှုအဖြစ် ပုံဖော်တာ မကြာခဏ တွေ့ရတယ်။

ဒါပေမယ့် အောင်မြင်မှုဆိုတာ နောက်ဆုံးတော့ ကိုယ့်စိတ်နဲ့ကိုယ် ကျေနပ်ရောင့်ရဲနိုင်ခြင်းနဲ့ပဲ ပိုဆိုင်လိမ့်မယ်။ အခြားသူတွေရဲ့ ဆုံးဖြတ်ချက်တွေက ကိုယ့်ဘဝရဲ့ အဓိပ္ပာယ်ကို အဆုံးအဖြတ်မပေးနိုင်ဘူး။

ဥပမာ — တစ်နေ့လုံး စက်ရုံထဲရုန်း၊ ညကျရင် ဘားမှာ အရက်သောက်၊ အိပ်ရာဝင်၊ နောက်နေ့ အလုပ်ပြန်သွားနဲ့ လည်နေတဲ့ ဘဝ။ နောက်တစ်ခုကတော့ မနက်မိုးလင်း လယ်ထဲဆင်း၊ နေ့လည် ထမင်းစားပြီး တစ်ရေးတမောအိပ်၊ ညနေကျ အပေါင်းအသင်းတွေနဲ့ စကားလက်ဆုံကျရင်း နေ့စဉ် ဘဝကို ရိုးရိုးရှင်းရှင်း ဖြတ်သန်းနေတဲ့ ဘဝ။ ဒီဘဝနှစ်ခုထဲမှာ ဘယ်ဘဝက ပိုကောင်းတယ်ဆိုတာ ဘယ်လိုပေတံနဲ့ တိုင်းတာမလဲ။

ဒီလိုပဲ ၁၈၈၅ ခုနှစ်လောက်က လန်ဒန်နဲ့ မန္တလေးရဲ့ လူမှုဘဝတွေကို ကြည့်ရင် စက်မှုအခြေခံလူ့အဖွဲ့အစည်း (Industrial Society) နဲ့ ရိုးရာလူ့အဖွဲ့အစည်း (Traditional Society) ဆိုပြီး တန်ဖိုးထားမှုတွေ မတူကြဘူး။ ဗြိတိသျှတို့ရဲ့ အမြင်မှာတော့ ဒါကို “မတိုးတက်တာ” လို့ မြင်နိုင်ပေမယ့်၊ ဗုဒ္ဓဘာသာအခြေခံတဲ့ မြန်မာ့လူမှုအသိုင်းအဝိုင်းမှာတော့ ရောင့်ရဲခြင်းနဲ့ စိတ်အေးချမ်းမှုကိုပဲ ပိုပြီး တန်ဖိုးထားခဲ့ကြတယ်။

တကယ်တော့ “သတ်မှတ်ချက်” ဆိုတာ တိုင်းတာဖို့ အသုံးပြုတဲ့ ပေတံပေါ် မူတည်နေတယ်။ ပြဿနာက အဲဒီပေတံကိုပဲ အမှန်တရားလို သတ်မှတ်လိုက်ကြတာ။ အခုခေတ်မှာလည်း လူတစ်ယောက်ရဲ့ ဘဝကို ငွေရှိရမယ်၊ အလုပ်အကိုင်ကောင်းရမယ်၊ Status ရှိရမယ် ဆိုတဲ့ စံနှုန်းတွေနဲ့ တိုင်းတာနေကြတယ်။ ဒါပေမယ့် သူ ဘယ်လောက် စိတ်ချမ်းသာနေလဲ ဆိုတာကိုတော့ မတိုင်းတာကြဘူး။

“ငါ ဘဝမှာ နေပျော်နေရဲ့လား” ဆိုတဲ့ မေးခွန်းကို မေးဖို့ လူတွေ မေ့နေကြတယ်။

လူတစ်ယောက်နဲ့ တစ်ယောက် ဘဝရည်မှန်းချက်တွေကလည်း မတူကြဘူး။ Master တက်တုန်းက Professor တစ်ယောက် ပြောဖူးတာ သတိရမိတယ်။ သူ့အတွက် ဘဝမှာ အရေးကြီးဆုံးက နေ့တိုင်း ညဘက် ၉ နာရီလောက် အိပ်ရေးဝဝ အိပ်ရဖို့ပဲတဲ့။ တခြားသူတွေအတွက် ရယ်စရာဖြစ်နိုင်ပေမယ့် သူ့အတွက်တော့ ဒါက အရေးကြီးဆုံးပဲ။ ဒါကို မှားတယ်လို့လည်း ပြောလို့ မရဘူး။

ကိုယ့်ပေတံ၊ ကိုယ့်စံနှုန်း (Standard) နဲ့ အခြားသူတစ်ယောက်ရဲ့ ဘဝကို တိုင်းတာလို့ မရဘူး။ သူ့ဘဝက သူ့ရွေးချယ်မှုတွေ၊ သူပျော်ရွှင်ခြင်း မပျော်ရွှင်ခြင်းကလည်း သူ့ကိစ္စပဲ။ အရေးကြီးဆုံးက ကိုယ်သွားချင်တဲ့ လမ်းကို သိနေဖို့ပဲ။

လူတိုင်းမှာ မတူညီတဲ့ အိပ်မက်တွေ ရှိကြတယ်။ တချို့က ငွေကြေးချမ်းသာချင်တယ်။ တချို့က မိဘကို ကောင်းကောင်းမွန်မွန် ထားနိုင်ရင် ကျေနပ်နေပြီ။ တချို့ကတော့ ဘဝကို အေးအေးလေးပဲ ဖြတ်ကျော်ချင်ကြတယ်။

တစ်ယောက်နဲ့ တစ်ယောက် တန်ဖိုးထားမှုတွေ မတူတာကို နားမလည်တဲ့အခါ “သူမှားတယ်၊ ငါမှန်တယ်” ဆိုတာတွေ ဖြစ်လာတယ်။ ကိုယ့်ပေတံနဲ့ တခြားသူကို သွားတိုင်းသလို၊ တခြားသူတွေရဲ့ စံနှုန်းတွေနဲ့လည်း ကိုယ့်ကိုယ်ကို ပြန်တိုင်းတာမိကြတယ်။

အရေးကြီးဆုံးက —

ကိုယ်ဘာဖြစ်ချင်လဲ။

ကိုယ်သွားနေတဲ့ လမ်းက ဘာလမ်းလဲ။

ကိုယ်လုပ်နေတဲ့အရာတွေက ကိုယ်တကယ်လိုချင်တဲ့ ဘဝအတွက်လား၊ ဒါမှမဟုတ် အခြားသူတွေ လိုချင်တာကို ကိုယ်လိုက်လုပ်နေတာလား ဆိုတာ သိနေဖို့ပဲလိုတယ်။

နောက်ဆုံး ချုပ်ရရင်တော့ —

“အပ္ပမာဒေန သမ္ပာဒေထ”

သတိရှိရှိနဲ့ ကိုယ့်အကြောင်းကိုယ် သိနေဖို့က အဓိကပဲ။

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading