ကျောင်းတော်သို့ ရောက်ခဲ့ပြန်တယ်

ဒီတစ်ခေါက် ရန်ကုန်ပြန်တာ ခဏလေးဖြစ်ပေမယ့် လူကြုံပေးစရာရှိတာရယ် အမှတ်စာရင်း ကိစ္စရယ်ကြောင့် ကျောင်းကိုတော့ ရောက်ဖြစ်ခဲ့သေးတယ်။ စာမေးပွဲ ဖြေချိန်မို့နဲ့တူတယ် ဂိတ်ပေါက်ကလည်း အေးဆေးပဲ။ စကားတွေ အများကြီးလည်း ပြောစရာမလို။ ကားနံပတ်နဲ့ လာရင်းကိစ္စလေးဖြည့်ပေးလိုက်ရုံပဲ။ ကျောင်းထဲရောက်တော့ လန့်သွားတာပဲ။ သံစကာတွေ အပြည့်ဖြစ်နေလို့ဗျာ။ လူက အစက နည်းနည်းကြောင်သွားသေးတယ်။ ငါနေရာများ မှားနေပြီလားလို့ပေါ့။ တော်သေးတာပေါ့ ဝင်ပေါက်နေရာတွေမှာတော့ တံခါးလို လုပ်ထားလို့ပါ။ ကားရပ်ကွင်းကတော့ အရင်အတိုင်းပါပဲ။ မညီမညာ မြေပြင်မှာ သဲတထပ်ထပ်နဲ့ ပူထူထူဖြစ်နေဆဲပဲ။ ကျောင်းရဲ့ မြင်ကွင်းတွေက ဘာမှမပြောင်းလဲပေမယ့် ပြောင်းလဲသွားတာကတော့ သံတိုင်တွေပါပဲ။ လူကလည်း အားအားယားယား စဉ်းစားမိသေးတယ်။ ဘာလို့ ဒီလို လုပ်ရတာလဲပေါ့။ ဖြစ်နိုင်တာ ၂ ခု သွားစဉ်းစားမိတယ်။ ၁ ခုက လုံခြုံရေးအရ တစ်ခုခုဖြစ်ရင် တံခါးတွေအကုန် သော့ခတ်လို့ရအောင်လားပေါ့။ အဲဒါကတော့ မဖြစ်နိုင်ဘူး။ တံတိုင်တွေက အဲလောက် မခိုင်ဘူးဗျ။ ၃ ချက် ၄ ချက်လောက် လူ အင်အားနဲ့ ဖြိုလို့ရပါတယ်။ ဒါကြောင့် မဖြစ်နိုင်ဘူး။ နောက်တချက်က ဘောင်တွေပေါ်မှာ မထိုင်ချင်လို့လားပေါ့။ အဲဒါကတော့ ဖြစ်နိုင်ခြေရှိတယ်။ကျွန်တော်တို့ ကျောင်းတက်ကတည်းက ပြောလာတာ။ လက်တန်းတွေပေါ်မထိုင်နဲ့။ ဘောင်တွေမှာ တက်မထိုင်နဲ့လို့။ ပြောလည်း မရဘူး။ ကျောင်းသားတွေက ထိုင်နေကြတာပဲ။ ဒါကြောင့် ဒီလိုလုပ်လိုက်တာဖြစ်နိုင်တယ်။ ကိုယ့်ဘာသာကိုယ် အားလို့ လျှောက်စဉ်းစားနေတာပါ။ ကျောင်းက အိမ်သာထဲကို ရောက်တော့ အကုန်ပြန်ပြင်ထားတာပဲ။ တံခါးတွေလည်း ပြန်ပြင်ထားတယ်။ ကြွေအိုးတွေလည်း ပြန်သုတ်ထားတာပဲ။ အရင်ကဆို ကွမ်းတံတွေး တွေနဲ့ဗျာ။ တကယ့်ကို ရွှံ့ဖို့ကောင်းပါတယ်။ ကျောင်းမှာက ကွမ်းမစားသင့်ဘူးထင်တာပဲ။ ညစ်ပတ်လို့ဗျာ။ စားတယ်ဆိုလည်း ကြွတ်ကြွတ်အိပ်လေးနဲ့ ဖြစ်ဖြစ်ထွေးပေါ့။ အခုတော့ အိမ်သာတွေ သေးပေါက်တဲ့နေရာတွေမှာ ထွေးထားတယ်။ ပြီးတော့ ရေလည်း ပြောင်အောင် ဆေးမချဘူး။ အခုတော့ ပြန်ဆေးထားတာ တွေ့ရပေမယ့် အချို့နေရာတွေမှာ ကွမ်းတံတွေးတွေ တွေ့နေရတုန်းပဲ။

ဘာပဲပြောပြောလေ။ ကျောင်းက ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ။ ကျောင်းကိုတော့ ညစ်ညစ်ပတ်ပတ်ဖြစ်အောင် မလုပ်သင့်ဘူးလို့ထင်တာပဲ။ ယောက်ျားလေးအိမ်သာထဲမှာလည်း မှန်တွေ ဘာတွေ ပြန်ရှိလာပြီ။ ငါတို့နှစ်တုန်းကလိုတော့ မှန်တွေ အလကား ခွဲမပစ်စေချင်ဘူး။ တစ်ခုခု ဒေါသထွက်တုန်း မကျေနပ်တိုင်း ကျောင်းအိမ်သာက မှန်ကို ခွဲပစ်တာ အဆင့်တန်းနိမ့်ကျတယ်လို့ မြင်မိတာပဲ။ ဒါတွေကလည်း ပြီးသွားပါပြီလေ။ ကျောင်းမှာ အင်တာနက်ရတယ်လို့ သတင်းကြားမိပေမယ့် အဲနေ့ကတော့ wireless တောင် မတွေ့ခဲ့ရဘူး။ ကျောင်းကို တခေါက်ရောက်တော့လည်း ကျောင်းတော်ကြီးကို လွမ်းမိသလိုရှိသား။ ကျောင်းတော်ကြီးရဲ့ ကျေးဇူးတွေရှိသလို ဆရာ ဆရာမတွေရဲ့ ကျေးဇူးတွေလည်း ရှိပါတယ်။ တတ်သာမတတ်သာ အပထား။ ကိုယ်ဘယ်လောက် ပညာယူနိုင်လဲပေါ်မှာပဲ မူတည်ပြီး ကိုယ့်အတွက် အကျိုးဘယ်လောက်ရှိလဲဆိုတာ ဖြစ်လာတာပဲ။

အခြားနိုင်ငံတွေလောက် ပညာရေးမကောင်းတဲ့အတွက် ကိုယ့်ဂျူနီယာတွေကိုတော့ အခြားနိုင်ငံက ကျောင်းသားတွေထက် ၅ ဆ လောက် ပိုကြိုးစားစေချင်တယ်။ ကိုယ့်နိုင်ငံက ကျောင်းသားတွေ ၅ဆ လောက် အားစိုက်ကြိုးစားမှ အခြားနိုင်ငံက ကျောင်းသားတွေကို မှီရုံလောက် မှီနိုင်မှာပါ။ ကြိုးစားတယ်ဆိုတာ စာတွေပဲထိုင်ဖတ်နေတာ ထိုင်ကျက်နေတာကို ပြောတာမဟုတ်ပါဘူး။ သူများနိုင်ငံမှာ ဘာတွေ ပြောင်းလဲသွားပြီ အခု ဘာနည်းပညာတွေ ဖြစ်လာပြီ စတာတွေကို ခေတ်နဲ့ အမှီလိုက်နိုင်ဖို့ ၊နောက်ပြီးတော့ လုပ်ငန်းခွင်ဝင်တဲ့အခါ ကိုယ့်မှာ အဆင်သင့်ဖြစ်နေအောင် ကြိုးစားသင့်တယ်။ ကျောင်းကလူတွေ မေးနေကျ စကားရှိတယ်။ ကျောင်းပြီးရင် ဘာလုပ်မှာလဲ။ အဲဒီ့ မေးခွန်းထက် ကျောင်းတက်နေတုန်း ဘာတွေ လုပ်နေလဲ ဆိုတဲ့ မေးခွန်းမျိုး ဖြစ်သင့်တယ်။ ကျောင်းပြီးမယ့်ကိစ္စကို ခဏထားလိုက်။ ကိုယ်ကျောင်းတက်နေတုန်း ဘာတွေလုပ်နေလဲ။ ဘာတွေလေ့လာနေလဲ။ ဘယ်လိုမျိုးဟာတွေကို အဓိက ဖတ်နေလဲ။ ဒါတွေကို အရင်ကိုယ့်ကိုယ်ပြန်မေးကြည့်လိုက်ရင် ကျောင်းပြီးရင် ဘာလုပ်မလဲဆိုတဲ့ အဖြေက အလိုလိုရှိပြီးသားပါ။

ဘာပဲပြောပြော ကျောင်းတော်ကြီးကို ဝေးဝေးလံ့လံ့သွားလိုက်ရပေမယ့် ကျေနပ်သလိုလိုတော့ ဖြစ်လာခဲ့ပါတယ်။

3 responses to “ကျောင်းတော်သို့ ရောက်ခဲ့ပြန်တယ်”

  1. ဝေးဝေးလံလံ ကျောင်းတော်ကြီးဆိုရင်တော့ ..
    မှတ်ပါသေးတယ်။ ဒဂုံကျောင်းတော်ကြီးမှာ..နေပူပူကျဲတဲ ငါးခြောက်လှမ်းခဲ့ရတဲ့ ကျောင်းသား ဘဝကိုပေါ့။
    ခုတော့ ကျောင်းတွေ အားလုံး ဝေးဝေးလံလံပါပဲ ဦးစေတန်ရဲ့။

    အင်း ဦးစေတန်ရဲ့ ပိုစ့်ဖတ်ပြီး လွမ်းသလိုလို ရှိလာတယ်။
    တက္ကသိုလ်ကျောင်းသားတွေတောင်ဖြစ်နေပြီဆိုတော့ သန့်ရှင်းဖို့လိုတယ်လို့တော့ ထင်မိတယ်။ အရင်ကထက် သန့်ရှင်းတယ် ဆိုရင်တော့ တိုးတက်လာပြီလို့ ခေါ်မယ်နော်။

    ကျောင်းပြီးရင် ဘာလုပ်မှာလဲ? အဲဒီ့ မေးခွန်းထက် ကျောင်းတက်နေတုန်း ဘာတွေ လုပ်နေလဲ ဆိုတဲ့ မေးခွန်းမျိုး ဖြစ်သင့်တယ်။ သိပ်မှန်တယ် ဗျို့။ အဲတာကြောင့် ခုဘာမှ ဖြစ်မလာတာလေ..။ ဒါပေမယ့် ဘဝအတွက် အားကိုးလို့ရမယ့် အတက်ပညာ တစ်ခုတော့ တက်ထားသင့်တယ် မဟုတ်လား။

    1. ဟုတ်… အသက်မွေးဝမ်းကြောင်းပညာကတော့ တတ်ထားဖို့လိုတယ်.. အသက်မွေးဝမ်းကြောင်း ပညာဆိုတာက ကျောင်းပညာကို ခေါ်တာမဟုတ်ပါဘူး. ကိုယ့်ကို ထမင်းကျွေးမယ်ပညာတစ်ခုတော့ တတ်ထားသင့်တယ်.. နောက်မို့ဆို ကျောင်းပြီးတာနဲ့ စပြီး ယောင်ခြောက်ဆယ် ဖြစ်တော့တာပဲ..

  2. အင်း ကျောင်းမှာ wireless ရပေမယ့် ၈ နာရီ ကနေ ၈ နာရီ ခွဲ တခါ ၁၀ နာရီ ကနေ ၁၀ နာရီခွဲ တခါ ၁ နာရီ ကနေ ၁ နာရီခွဲ တစ်ခါ လားပဲရတာဗျ :P

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.