AI Agent နဲ့ အနာဂတ်

ဒီနေ့ X မှာ Gumroad founder က သူတို့ Junior နဲ့ Mid level တွေ မခေါ်တော့ဘူး ဆိုပြီး Share ထားတာ တွေ့တယ်။

သူ share ထားတာလေး က စိတ်ဝင်စားဖို့ ကောင်းတယ်။ Project တစ်ခုလုံးကို token နဲ့ ကြည့်ရင် Gumroad လို project ကြီးတောင် 2M token ပဲ ရှိတယ်။​ Token ဆိုတာ English စာ လုံး ၄ လုံးကို 1 Token လို့ အကြမ်း မှတ်လို့ရတယ်။

Claude 3.5 Sonnet , o3-mini ရဲ့ context windows က 200K tokens ရှိတယ်။ တနည်းပြောရင် Claude 3.5 Sonnet နဲ့ o3-mini က တစ်ကြိမ်မှာ 200K tokens ထိ ကို analyst လုပ်နိုင်တယ်လို့ အကြမ်းအားဖြင့် ဆိုလို့ရမယ်။ နောက်တနည်းပြောရင် Claude 3.5 Sonnet နဲ့ o3-mini က 200K tokens ပဲ ရှိသည့် project တစ်ခုလုံးကို တစ်ခါ ဖတ်ရုံ နဲ့ နားလည် တယ် လို့ ဆိုရမှာပေါ့။ Gemini 1.5 Pro ဆိုရင် 1M context windows ရတယ် ပြောတာပဲ။

တနည်းပြောရ ရင် code တွေကို AI ကို အကုန် ဖတ်ခိုင်း။ ပြီးမှ လိုတာ ခိုင်းမယ် ဆိုတော့ သဘောပေါ့။ ခိုင်းတတ်ဖို့ လိုတယ်။ AI က ပေးတာ မှန်မမှန် ကို ဆုံးဖြတ်နိုင်သည့် အတွေ့အကြုံ ရှိရမယ်။ ဒါကြောင့် Senior level တွေ လိုနေသေးတယ်။

သူ share ထားသည့် video လေး က စိတ်ဝင်စားဖို့ ကောင်းတယ်။

AI Tools ကို သုံးပြီး နောက်ဆုံး component code ထိ ထုတ်သွားတာ ကို ဥပမာ ပြထားတာပါ။ သေးသေးလေးပေမယ့် AI ကို ဘယ်လို ခိုင်းရမလဲ အလုပ်ဘယ်လိုလုပ်လဲ ဆိုတာ ကို မြင်သွားရတယ်။

ဒီနေ့ပဲ Github က Copilot Agent ထုတ်ပြလာတယ်။​ Project တစ်ခုလုံးကို analyst လုပ်ပြီး feature တွေ အလိုလိုထည့်ပြသွားတာ။ Demo ဆိုတော့ မိုက်တာပေါ့။​ Unit Test တွေပါ ရေးပြသွားတော့ မိုက်လှချည်လားပေါ့။

Github Issue တွေကိုလည်း Copilot ကို Assign ပေးပြီး PR တွေ ပါ လုပ်လို့ရတော့ တော်တော် မိုက်တာ။ ပုံမှန် အားဖြင့် junior တွေကို bug fixing အတွက် အဓိက ခေါ်ကြတာ များတယ်။ ပြီးမှ code review လုပ်။ code merge လုပ်ပေါ့။ အဲဒီ အလုပ်တွေကို Github Copilot က လုပ်ပေးသွားတော့ amazing ပဲ။

လက်ရှိတော့ ကျွန်တော့်ဆီမှာ စမ်းမရသေးတော့ ထွက်လာသည့် အချိန် စမ်းကြည့်မှ ဘယ်လောက် ကောင်းလဲ သိရမှာပဲ။

AI Agent က တကယ် အသုံးဝင်ခဲ့ ရင် အရင်က Senior + Junior နဲ့ လုပ်ပြီး ၁ လ လောက်မှ ပြီးမှာကို senior developer တစ်ယောက် တည်းနဲ့ ၁ ပတ် လောက် ဆိုရင် ပြီးပြီ အထိ ဖြစ်လာတာပဲ။

အဲဒီတော့ Junior Developer တွေ အလုပ်လက်မဲ့ဖြစ်ကုန်မှာ။ နောက်ပြီး junior မရှိပဲ senior ဘယ်လို ဖြစ်မှာလဲ ဆိုပြီး ပြောကြတာတွေ ရှိကြတာပဲ။ သမာရိုးကျ ပုံမှန် code ရေးနေတာထက် နောက်တဆင့် AI ကို အသုံးချပြီး code ရေးသည့် အဆင့်ထိ တက်လာရမှာပဲ။

နောက်ပြီး AI တွေကြောင့် junior developer တွေ ကိုယ်တိုင် product တွေ အများကြီး လုပ်လာနိုင်တယ်။ အရင်က backend developer , frontend developer ဆိုပြီး ခွဲထားတယ် ။ အခု full-stack developer က လူတိုင်း လုပ်နေကြသည့် အလုပ်ဖြစ်နေပြီ။ လွန်ခဲ့သည့် ၁၆ နှစ်လောက်တုန်းက ဒါက senior level မှ​လုပ်တာ ဖြစ်ပေမယ့် အခုခေတ်ကတော့ junior level အစ full-stack developer တွေ ဖြစ်နေပြီ။ တနည်းပြောရင် ခေတ် တွေက ပြောင်းလာတာပဲ။

ကျွန်တော်တို့ ခေတ်တုန်းကတော့ founder တွေ က senior မငှားနိုင်သည့် အခါ junior နဲ့ mid level လောက်ငှားပြီး product တွေ လုပ်ကြတယ်။ အခု နောက်ပိုင်း သိသည့် startup တွေက AI နဲ့ တင် ချပြီး product တွေ လုပ်နေတာ တွေ့ရတာပဲ။ လူတွေအများကြီး မလိုပဲ product တွေ ထုတ်ကြတာ မျက်စိ ရှေ့တင်ပဲ။ အရင် Product တစ်ခု ထုတ်ဖို့ Team တစ်ခု လိုတယ်။ အခု ခေတ်ကတော့ founder ကိုယ်တိုင် code တွေကို AI အကူအညီ နဲ့ ချပြီး product တွေ ထုတ်သည့် ခေတ် ဖြစ်ကုန်ပြီ။

ဒါကြောင့် Junior developer ဖြစ်နေလည်း ကိုယ်ပိုင် product တွေ ထုတ်ပြီး အတွေ့အကြုံယူလို့ရတယ်။​ ပုံမှန် product တွေ ထက် AI နဲ့ Integrate လုပ်သည့် product တွေ ထုတ်ပြီး အတွေ့အကြုံယူလို့ရတယ်။ AI တွေက စျေးကြီးပေမယ့် local မှာ run လို့ရသည့် small AI model တွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ ခေတ်က စာအုပ်နဲ့ library ကနေ လေ့လာခဲ့ရတယ်။ နောက်ပိုင်း internet ။ အခု နောက်ပိုင်း AI ကြောင့် အများကြီး မြန်မြန်လေ့လာလို့ ရနိုင်ပါတယ်။ ကျွန်တော်တောင် React ကို chatgpt , claud ကနေ တဆင့် လေ့လာခဲ့ရတာပဲ။

Junior ဆိုတာ ပုံမှန် အားဖြင့် intern ပြီးပြီး လုပ်ငန်း အတွေ့အကြုံ မရှိသေးသည့် အဆင့်ပါ။ ဒါကြောင့် အတွေ့အကြုံတွေကို ကိုယ်ပိုင် project တွေ လုပ်ပြီး သင်ယူဖို့ လိုတယ်။ နောက်ပိုင်းမှာ လူတိုင်း AI integration လုပ်လာမှာ ဖြစ်သည့် အတွက် ကြောင့် ကိုယ့်မှာ AI integration နဲ့ ပတ်သက်သည့် အတွေ့အကြုံရှိရင် အလုပ်ရှာသည့် အခါမှာ ပိုပြီး အားသာ မှု ရှိပါတယ်။ AI ကို သုံးပြီး ဘယ်လို ခိုင်းရမလဲ AI ကို ကိုယ့် product တွေ မှာ ဘယ်လို integration လုပ်ရမလဲ သိသည့် သူတွေ ဟာ ပိုပြီး အဆင်ပြေလာမှာပါ။

Junior ကနေ ချက်ခြင်း Senior မဖြစ်နိုင်သလို Senior ဆိုတာလည်း နှစ်တွေ ကြာပြီး ဒီလောက ထဲမှာ ဒုက္ခတွေ ခံပြီး မှ ဖြစ်လာတာပါ။ တနည်းပြောရင် ဒီလောက ကို စိတ်မပျက်ပဲ ဆက်ရှိနေလို့ Senior level ဖြစ်လာတာပါ။ ဒါတွေကို ဖြတ်ကျော်ရမှာပါ။ ဒါပေမယ့် Mid level ကို ရောက်ဖို့ ကတော့ Freelance project တွေ လုပ် ကိုယ်ပိုင် product လုပ်ရင်း နဲ့ ရလာနိုင်တယ်။ နောက်ပြီး တစ်ယောက်တည်း လုပ်တာ ထက် သူငယ်ချင်းတွေ စုပြီး freelance project တွေ လုပ်ပြီး အတွေ့အကြုံယူလို့ရပါတယ်။

ဒါကြောင့် developer က လခ ကောင်းတယ် ဆိုပြီး ဝင်လာသည့် သူတွေ။ နောက်ပြီး အရမ်းခက်ခက်ခဲခဲ မလုပ်ချင်သည့် သူတွေ အတွက် အလုပ်က ရဖို့ မလွယ်တော့ဘူး။ ဒါပေမယ့် ဝါသနာပါတယ် လေ့လာမှု အားကောင်းသည့် သူတွေ အတွက် က ပိုပြီး ကောင်းမွန် သည့် အနာဂတ် ဖြစ်လာမှာပဲ။ AI Agent တွေ ကြောင့် ကိုယ်ပိုင် product တွေ ကို တစ်ယောက်တည်း နဲ့ ရေးနိုင်လာနိုင်မှ ဖြစ်သည့် အတွက် အပိုဝင်ငွေတွေလည်း တိုးလာနိုင်ပါတယ်။