Job Market

Meta က လူ အယောက် ၈၀၀၀ လောက် ဖြုတ်လိုက်တယ် ဆိုတဲ့ သတင်းတွေ ဖတ်မိတယ်။ အဲဒီထဲမှာ Developer ဘယ်နှစ်ယောက်ပါမလဲတော့ သေချာ မသိဘူး။ ဒါပေမယ့် job market ထဲကို လူတွေ ထပ်ဝင်လာတာတော့ သေချာတယ်။ တခြား အလုပ်ရှာနေတဲ့သူတွေ အနေနဲ့လည်း ex-Meta သမားတွေ၊ ex-Big Tech သမားတွေ နဲ့ ပြိုင်ပြီး အလုပ်ရှာရမယ့် သဘော ဖြစ်သွားတယ်။

ဟိုးအရင်ကတည်းက ပြောခဲ့ဖူးတယ်။ Programming က သင်ရတာ အရမ်းခက်ခဲတဲ့ အထဲမှာ ပါမနေဘူး။ တခြား profession တချို့လို entry barrier အရမ်းမြင့်တဲ့ အလုပ်တော့ မဟုတ်ဘူး။ Laptop တစ်လုံး၊ internet တစ်ခု ရှိရင် စလေ့လာလို့ရတယ်။ အဲဒါကြောင့်လည်း self-learning နဲ့ developer ဖြစ်လာတဲ့သူတွေ အများကြီးရှိတယ်။ Bootcamp ကနေ တက်လာတဲ့သူတွေ၊ degree မရှိပေမယ့် အလုပ်လုပ်နိုင်တဲ့သူတွေလည်း အများကြီးရှိတယ်။

Code ရေးဖို့အတွက် academic အကုန်လုံး တတ်နေဖို့ မလိုဘူး။ အလုပ်ဖြစ်အောင် ရေးနိုင်ဖို့ လိုတယ်။ ဒါကြောင့်လည်း လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကစပြီး company တွေက degree ထက် skill ကို ပိုကြည့်လာကြတာပဲ။ စျေးကွက်ကလည်း အမြန်ကြီးလာတယ်။ Developer ဖြစ်ချင်တဲ့လူတွေလည်း အများကြီး ဖြစ်လာတယ်။

ဒါပေမယ့် AI ခေတ်ရောက်လာတော့ ပြဿနာက အဲဒီမှာ စလာတာပဲ။

Programming က digital work တစ်ခုပဲ။ Code က text ပဲ။ Requirement က text ပဲ။ Bug report က text ပဲ။ Documentation ကလည်း text ပဲ။ ဒါကြောင့် AI ကို train ပေးရတာ၊ AI နဲ့ assist လုပ်ရတာ တခြား physical profession တွေထက် ပိုလွယ်တယ်။

အဲဒါကြောင့် “ခိုင်းတာပဲလုပ်နိုင်တဲ့ developer” တွေက ပိုပြီး risk များလာတယ်လို့ မြင်တယ်။ Ticket ပေးလိုက်ရင် code ရေးမယ်။ Bug ပြောလိုက်ရင် fix မယ်။ ဒါပေမယ့် system ကို မစဉ်းစားဘူး။ Product impact ကို မစဉ်းစားဘူး။ User problem ကို မစဉ်းစားဘူး။ Architecture ကို မမြင်ဘူး။ ဒီလို role တွေက AI နဲ့ ပိုပြီး overlap ဖြစ်လာပြီ။

Programmer ကို ခန့်တယ်ဆိုတာ code ရေးဖို့တစ်ခုတည်း မဟုတ်တော့ဘူး။ Management ခိုင်းတာလုပ်ဖို့ပဲဆိုတဲ့ အဆင့်မှာ ရပ်နေရင်တော့ အန္တရာယ်များလာပြီ။ အခုနောက်ပိုင်း AI ကလည်း ခိုင်းတာ တော်တော်များများ လုပ်လာနိုင်ပြီ။ အဲဒီအခါမှာ လူတစ်ယောက်ရဲ့ value က “ငါ code ရေးတတ်တယ်” ဆိုတာထက် ပိုလိုလာတယ်။

အခုနောက်ပိုင်း Manager တွေ ကိုယ်တိုင် code ကို AI သုံးပြီး ပြန်ရေးလာကြတယ်။ အရင်က Developer ကနေ manager ဖြစ်လာပြီး ကြာလာတဲ့အခါ logic ပဲ ကျန်ပြီး code မရေးတော့တဲ့သူတွေ ရှိတယ်။ အခုတော့ AI ကြောင့် သူတို့ ကိုယ်တိုင် လိုချင်တာကို ပြောပြီး ပြန်ပြင်နိုင်တဲ့ အဆင့် ဖြစ်လာတယ်။ တနည်းပြောရင် company တွေမှာ junior level role တွေ အများကြီး လျော့ချလို့ရလာတဲ့ သဘောပဲ။

ခက်တာက layoff လုပ်တဲ့အခါ company တွေက ဘယ်လိုလူကို ထားသင့်လဲ၊ ဘယ်လိုလူကို ဖြုတ်သင့်လဲ ဆိုတာ အမြဲတမ်း သေချာသိနေတာ မဟုတ်ဘူး။ တချို့က KPI ကြည့်တယ်။ တချို့က salary ကြည့်တယ်။ တချို့က org chart ကြည့်တယ်။ တချို့က team တစ်ခုလုံးကို ဖြုတ်လိုက်တာပဲ။ တကယ်တော်တဲ့လူတွေပါ သွားတာလည်း ရှိတယ်။

ဥပမာ “I was laid off by Atlassian” ဆိုတဲ့ video ကို ကြည့်မိတယ်။ အစကတော့ layoff အကြောင်း ပြောမယ် ထင်နေတာ။ တကယ်တမ်းကြည့်လိုက်တော့ system design တစ်ခုလုံး ပြန်သင်ပေးလိုက်သလိုပဲ။ အရမ်းကောင်းတယ်။ အဲဒီလိုလူမျိုးတောင် layoff ထဲပါသွားတယ်ဆိုတော့ “system design ကောင်းရင် အလုပ်မပြုတ်နိုင်ဘူး” ဆိုတဲ့ အတွေးတောင် မမှန်တော့ဘူးလို့ ခံစားရတယ်။ ဒါပေမယ့် အဲဒီလို အရည်အသွေး ပြနိုင်ရင် အလုပ် ပြန်ရှာရဖို့ကလည်း သိပ်ခက်မယ် မထင်ဘူး။

တနည်းပြောရင် market ထဲမှာ talent တွေ အရမ်းများလာတယ်။ Junior တွေ၊ ကျောင်းပြီးကာစ လူတွေ၊ career switch လုပ်တဲ့သူတွေ အတွက် အလုပ်ရှာရတာ ပိုခက်လာနိုင်တယ်။ အရင်လို “code ရေးတတ်ရင် အလုပ်ရမယ်” ဆိုတဲ့ခေတ် မဟုတ်တော့ဘူး။

Software engineering က သေသွားတာ မဟုတ်ဘူး။ ပုံစံ ပြောင်းသွားတာ။ Company တွေက developer မလိုတော့တာ မဟုတ်ဘူး။ လူနည်းနည်းနဲ့ များများ လုပ်နိုင်လာတာ။ Organization တွေက ပိုကျစ်လစ်လာတာ။ AI ကို tool အနေနဲ့ သုံးနိုင်တဲ့သူ၊ system ကို နားလည်တဲ့သူ၊ business problem ကို technical solution အဖြစ် ပြောင်းနိုင်တဲ့သူ၊ communication ကောင်းတဲ့သူ၊ ownership ယူနိုင်တဲ့သူတွေကတော့ လိုနေဦးမှာပဲ။

နောက်ထပ် ဖြစ်နိုင်တာတစ်ခုက AI restructuring ကြောင့် layoff ဖြစ်သွားတဲ့ talented developer တွေထဲက တချို့ဟာ startup တွေ စလာနိုင်တယ်။ Product အသစ်တွေ ထွက်လာနိုင်တယ်။ အရင်က company ကြီးထဲမှာပဲ နေနေတဲ့ talent တွေ market ထဲ ပြန်ထွက်လာတဲ့အခါ innovation အသစ်တွေ ပြန်မြင်ရနိုင်တယ်။

တကယ်တန်းတော့ ဒီခေတ်မှာ survive လုပ်နိုင်ဖို့ code ရေးတတ်တာ တစ်ခုတည်း မလုံလောက်တော့ဘူး။ Network ကောင်းဖို့လိုတယ်။ Communication ကောင်းဖို့လိုတယ်။ AI ကို သုံးတတ်ဖို့လိုတယ်။ System thinking ရှိဖို့လိုတယ်။ Product sense ရှိဖို့လိုတယ်။

အရင်က developer တစ်ယောက်ရဲ့ value က “ငါ ဘယ်လောက် code ရေးနိုင်လဲ” ဖြစ်ခဲ့တယ်။

အခုတော့ “ငါ AI နဲ့ ပေါင်းပြီး ဘယ်လောက် value ပိုထုတ်နိုင်လဲ” ဖြစ်လာပြီ။