Ornagai v3 Website ကို ပြီးအောင် လုပ်နေတာ ရယ် နောက်ပြီးတော့ ရုံးမှာ android developer တစ်ယောက် ခွင့်ယူသွားတာ ရယ်ကြောင့် အိမ်မှာကော ရုံးမှာပါ အားလပ်ချိန် မရှိသလောက်ပဲ။ ဒါကြောင့် facebook ကို login လည်း မဝင်ဖြစ်ဘူး။ ဖုန်း နဲ့ iPad ထဲမှာလည်း ရှုပ်လို့ ဆိုပြီး ဖျက်ထားလိုက်တယ်။ အရင်တုန်းကတောင် Facebook personal ကို မသုံးဖြစ်ရင်အောင် Page လေး ကို သုံးဖြစ်သေးတယ်။ အခုတော့ Facebook Page app ကိုတောင် ဖျက်ထားလိုက်တော့ facebook ဆိုတာ နဲ့ တော်တော်လေး ဝေးသွားတယ် ဆိုရမယ်။
Facebook နဲ့ ဝေးသွားတော့ လူတွေ အကြောင်း မြန်မာနိုင်ငံအကြောင်းတော့ မသိတော့ဘူး။ Twitter ကိုတော့ ပုံမှန် သုံးဖြစ်တယ်။ အဓိက နည်းပညာ သတင်းတွေနဲ့ developer တွေ ကို ပဲ follow လုပ်ထားတော့ နည်းပညာ အကြောင်းလောက်ပဲ သိတာ များတယ်။ မြန်မာ နိုင်ငံက ဂျာနယ်တွေ သတင်းစာတွေက twitter မသုံးတာကြောင့် မြန်မာ နိုင်ငံက သတင်းတွေ လည်း မသိသလောက် ဖြစ်သွားတယ် ဆိုတာ အမှန်ပဲ။
သူများတွေ Facebook ပေါ်မှာလေ လို့ ဆိုလိုက်ရင်တော့ ကိုယ်ကတော့ ကြောင်တိကြောင်တောင် ဘာမှ မသိတာ အမှန်ပဲ။ နောက်ပြီးတော့ သူငယ်ချင်းတွေ အကုန်လုံး နီးပါး နဲ့ အဆက်ပြတ်သွားတယ်။ သူငယ်ချင်းတွေ နဲ့ ပတ်သက်ပြီးတော့ ဘာဆို ဘာမှ မသိတော့တာ အမှန်ပဲ။
Facebook မသုံးတော့ အနည်းဆုံးတော့ စိတ်ချမ်းသာ မှုရှိတယ်။ အလုပ်ပို တွင်တယ်။ တခြား အကြောင်းအရာတွေ မသိပေမယ့် ကိုယ့် အကြောင်း ကိုယ် ပို သိလာတယ်။ ကိုယ့် လုပ်နိုင်စွမ်းရည် ကိုယ် ပို သိလာတယ်။ အချိန်ပို ရလာတယ်။ သူများ အကြောင်းထက် ကိုယ့် အကြောင်းကိုယ် ပို စိတ်ဝင်စား မှု ရှိလာတယ်။ ဘယ်အရာ မဆို ကောင်းကျိုး နဲ့ ဆိုးကျိုးတော့ ရှိတာပဲ။
Facebook မသုံးတဲ့ နောက်ပိုင်း လူတွေ ဖုန်းလေးတွေ ကိုင် ပြီးတော့ ကြည့်ကြည့်နေတာ ကို ပိုပြီး သတိထားမိလာတယ်။ ရုံးသွား ရုံးပြန် podcast နားထောင်တဲ့ အကျင့် ပြန်ရလာတယ်။ အိမ်ခါနီး အချိန်မှာ အရင်ကလို facebook လေး ခဏ ကြည့်လိုက်တာ ဆိုတာ ထက် manga လေး ဖတ်လိုက်အုံးမယ်။ စာအုပ်လေး ဖတ်လိုက်အုံးမယ်ဆိုတာလေး ပြောင်းလဲ သွားတာ သတိထားမိတယ်။ စာအုပ် ဖတ်ရင်တော့ အိပ်ပျော် သွားပေမယ့် manga ဖတ်ရင်တော့ Chapter 1 ကနေ ထွက်ပြီးသလောက်ထိ တစ်ခါတည်း ဖတ်ဖြစ်တဲ့ အတွက် ည ၂ နာရီ လောက်မှ အိပ်ဖြစ်တယ်။ အဲဒါက facebook စွဲတာ ထက် ပိုဆိုးတယ်။
Facebook မသုံးတဲ့ အတွက် လူကတော့ online ပေါ်မှာ social မရှိတော့ တာ အမှန်ပဲ။ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း အကြောင်း မသိတော့ သလို တိုင်းပြည်အကြောင်းကလည်း သတင်း website သွားဖတ်ကြည့်မှ ပဲ သိတော့တယ်။
Leave a Reply to Tuang PiCancel reply