အခုတလော Gitbook ကို HTML 5 စာအုပ်အတွက် သုံးဖြစ်တယ်။ Gitbook ကို Hacker News မှာ တွေ့ပြီးကတည်းက HTML 5 စာအုပ်ကို gitbook နဲ့ ရေးမယ်ဆိုပြီး ဆုံးဖြတ်ဖြစ်တယ်။ လက်ရှိ ရေးထားတာတွေ အကုန်ကို markdown ပြန်ပြောင်းပြီး gitbook format လုပ်လိုက်တယ်။ အဲဒီတုန်းက gitbook ဟာ static web နဲ့ pdf ပဲ generate လုပ်လို့်ရသေးတယ်။ epub ကို generate လုပ်လို့ မရသေးဘူး။ သူတို့ epub version အတွက် လုပ်နေတယ်လို့ github issue မှာ ဖြေထားတာကို တွေ့မိတယ်။
Gitbook ကို အဓိက developer နှစ်ယောက်ဖြစ်တဲ့ SamyPesse နဲ့ AaronO က github issue မှာ အမြဲဖြေပေးနေသလို ချက်ခြင်းဆိုသလို bug တွေကို fix လုပ်ပေးတာကြောင့် gitbook ကို ပိုပြီး အာရုံစိုက်မိတယ်။ သူတို့က Codebox က founder တွေ ဖြစ်မှန်း သတိထားမိတယ်။
အဲဒီတုန်းက မေးခွန်းတစ်ခု ကိုယ့်ဘာသာကိုယ် မေးမိတယ်။ ဘာလို့ gitbook ကို opensource လုပ်တာလည်း။ နောက်ပြီး gitbook က issue တွေကို အလေးထားပြီးတော့ အမြန်ဆုံး ကြိုးစားပြီး fix လုပ်တာလည်း။ CodeBox မှာလည်း bugs fix တွေ လုပ်နေသလို gitbook မှာလည်း bug fix လုပ်တာ ဒီနှစ်ယောက်ပဲ ဖြစ်နေတယ်။ CodeBox ကတော့ ဝင်ငွေရမယ့် လမ်းရှိနေပါပြီ ဒါပေမယ့် ဘာလို့ အချိန်ကုန်ခံပြီး gitbook လုပ်နေမှန်း စဉ်းစားမရအောင်ပဲ။
ပြီးခဲ့တဲ့ အပတ်က bugs report ကို github issue မှာ တင်ထားပြီး ဒီအပတ်မှာ ပြန် စမ်းကြည့်ပေးဖို့ SamyPesse က ပြောတယ်။ ပြီးတော့ စာအုပ်ကို Gitbook.io မှာ တင်ဖို့ ပြောတယ်။ အဲဒီတော့မှ gitbook.io ကို ဝင်ကြည့်မိတယ်။ online ebook store ပုံစံ သွားနေမှန်း အဲဒီ အချိန်မှ ရိပ်မိတော့တယ်။ leanPub ပုံစံ နဲ့တူတယ်။ သို့ပေမယ့် သူက developer foucs ဖြစ်ပြီးတော့ developer တွေ အတွက် ပိုအဆင်ပြေတယ်။ LeanPub က ကျွန်တော့်အတွက် အဆင်မပြေဘူး။ format အသစ်ကို လေ့လာနေရသလို ဖြစ်နေပေမယ့် Gitbook ကတော့ တကယ်ပဲ ရိုးရှင်းလွယ်ကူတယ်။
ကျွန်တော်တို့တွေဟာ Opensource project အကြီးကြီးတွေ လုပ်ပြီဆိုရင် ဘယ်ကနေ ဝင်ငွေ ရမလဲ ဆိုတဲ့ business plan ကို နောက်ပိုင်း မဖြစ်နေ ထည့်စဉ်းစားဖို့လိုလာပြီ။ Project တစ်ခု ရေရှည်ရပ်တည်ဖို့ ဒီ project ကို focus ထားပြီး လုပ်နေဖို့အတွက် ပုံမှန် ဝင်ငွေ ရှိဖို့လိုတယ်။ Opensource ပဲ ဖြစ်ဖြစ် free ပဲ ဖြစ်ဖြစ် ဝင်ငွေရမယ့် business plan ဒါမှမဟုတ် ဒီ project ကနေပြီးတော့ ဘာတွေ ထပ်ပြီး လုပ်နိုင်မလဲဆိုတာကို စဉ်းစားဖို့လိုတယ်။
ဥပမာ။။ gitlab ဆိုရင် opensource ပါပဲ။ သို့ပေမယ့် နောက်ပိုင်း နာမည်ရလာတဲ့ အခါမှာ Enterprise Edition ထွက်လာပါတယ်။ Enterprise တွေဟာ ပိုက်ဆံထက် အချိန်ကို ပိုတန်ဖိုးထားတယ်။ git hosting အတွက် developer တစ်ယောက် ငှားပြီး ပြင်လိုက် update လုပ်လိုက် လုပ်နေမယ့် အစား gitlab သို့မဟုတ် stash ကို အသုံးပြုလိုက်တာ ပိုအဆင်ပြေပါလိမ့်မယ်။
နောက်ထပ် သဘောကျတာကတော့ Basecamp ပဲ။ basecamp project ကနေ Ruby On Rail ပေါ်ပေါက်လာပြီးတော့ ROR ရဲ့ အောင်မြင်မှုနဲ့ အတူ basecamp ဟာ အောင်မြင်လာတယ်။ ROR ကို basecamp က sponsored ပေးထားသလို ကျွန်တော် 37signals ရဲ့ basecamp ကို သိလာတာလည်း ROR ကို sponsored ပေးထားတဲ့ company အနေနဲ့ စသိလာတာပါ။
ပုံမှန် opensource library လေးတွေ အနေနဲ့ကတော့ developer တိုင်း အတွက် အသုံးဝင်ပါတယ်။ ဒီ opensource project တွေဟာ ကိုယ့်ရဲ့ resume မှာ အထောက်အပံ့ ဖြစ်စေပါတယ်။ ကိုယ့်ရဲ့ project ကို free , opensource ပေးလိုက်ပြီဆို ကိုယ်ဘယ်လောက်ထိ တောင့်ခံနိုင်မလဲ ? မတောင့်ခံနိုင်တော့ရင် ဆက်လုပ်မယ့် သူတွေ ရှိသလား ? မရှိဘူးဆိုရင်တော့ ကိုယ့် project ဟာ သေသွားမှာပဲ။ Project တစ်ခု သေသွားပြီဆိုရင် ဒီ project အတွက် လုပ်ခဲ့တဲ့ အတွေ့အကြုံတာ ကျန်ခဲ့တယ်။ တခြား အချိန်တွေ လူပင်ပန်းတာတွေ အကုန် project နဲ့ အတူ မျောသွားပါပြီ။ ဒါကြောင့် နောက်ပိုင်း တစ်ခုခု လုပ်မယ်ဆိုရင် ငါဘယ်လောက်ထိ လုပ်နိုင်မလဲ ? ဒါလုပ်လို့ ဘာတွေ အကျိုးကျေးဇူးတွေ ရနိုင်မလဲ။ ဒါကို ဘယ်က ထောက်ပံ့ပေးမလဲ ? စတာတွေကို ထည့်စဉ်းစားဖြစ်လာတယ်။
Opensource လုပ်လိုက်ပြီဆိုတာနဲ့ အောင်မြင်ခဲ့ရင်လည်း bugs fix လုပ်တာ။ pull request ကို merge မလုပ်ခင် code review လုပ်တာ။ စတာတွေနဲ့ အချိန်တွေ ပေးရတယ်။
ငယ်ရွယ်တုန်းမှာတော့ ဘယ်တော့မှ project ဘယ်လောက်ထိ အသက်ဆက်မယ်ဆိုတာကို မစဉ်းစားခဲ့သလို စဉ်းစားစရာလည်း မလိုပါဘူး။ တက္ကသိုလ်ကျောင်းသားဘဝမှာ project တွေ များများလုပ်ရင်း အတွေ့အကြုံယူခဲ့ရတာပဲ။ ရေရှည်အတွက် အထောက်အပံ့ ဖြစ်တဲ့ project ရှိသလို မလုပ်ဖြစ်တော့တဲ့ project တွေလည်း အများကြီးပါ။
ငယ်ရွယ်စဉ်မှာ ငွေကြေးအတွက် သိပ်ပြီး မစဉ်းစားပါနဲ့။ ကိုယ့်ရဲ့ resume ကောင်းအောင် opensource project များများရေး။ အခြား opensource တွေကို လေ့လာ။ code ဝင်ကူရေးပေး။ စတာတွေဟာ ကိုယ့်အတွက် အတွေ့အကြုံ အသစ်တွေ အများကြီးရလာစေပါတယ်။ သို့ပေမယ့် အလုပ်တစ်ခု အတည်တကျလုပ်ပြီဆိုရင်တော့ opensource project တွေဟာ ညမအိပ်ခင်မှာ ရေးတဲ့ code တွေ ၊ code ရေးနေတာ ပျော်လို့ ရေးတဲ့ code တွေ ဖြစ်သွားပါတယ်။ opensource ဖြစ်ပေမယ့် business plan ကောင်းကောင်းရှိပြီး အကောင်အထည်ဖော်နိုင်ခဲ့ရင်တော့ ကိုယ်ဝါသနာပါရာ ကိုယ်လုပ်ရင်း ဝင်ငွေရတာပေါ့ဗျာ။ ကျွန်တော့်အတွက်တော့ ပါရမီရှင် ဆိုတာ ကိုယ့်ဘဝရဲ့ ပထမ ဦးစားပေး အလုပ်နဲ့ ကိုယ်လုပ်ချင်တာနဲ့ တထပ်တည်းကျနေတဲ့ သူတွေပဲ။
Leave a Reply