အခုတလော စိတ်ခံစားချက်တွေ တော်တော်လေးများနေတာနဲ့ စာမရေးဖြစ်ဘူး။ ပြီးခဲ့တဲ့ ၂ ပတ် ကျော်ကျော်လောက်က facebook မှာ Pirate ကိစ္စတွေ တော်တော်ဆွေးနွေးဖြစ်တယ်။ မြန်မာတွေ ရေးထားတဲ့ မြန်မာတွေအတွက် App ကို pirate လုပ်တာနဲ့ ပတ်သက်ပြီးတော့ပေါ့။

မြန်မာတွေ အတွက် App

မြန်မာတွေ ရေးထားတဲ့ မြန်မာတွေအတွက် App လို့ဆိုလိုက်တာနဲ့ ဈေးကွက် ဘယ်လောက်ကြီးသလဲဆိုတာကို ခန့်မှန်းနိုင်မှာပါ။ ဟုတ်ပါတယ်။ မြန်မာနိင်ငံ တစ်နိုင်ငံလုံး မပြောနဲ့ ပြည်တွင်းက မြို့ကြီးတွေလောက်ပဲ ဈေးကွက်ရှိတာပါ။ ဈေးကွက် များများစားစား မရှိပါဘူး။

နောက်တချက်က App store ပေါ်မှာ တင်ရောင်းတဲ့ Myanmar App တွေပေါ့။ သူကတော့ ဈေးကွက်က နိုင်ငံတကာက မြန်မာတွေ အဓိက ရှိတယ်။ သို့ပေမယ့် ပြည်တွင်းမှာ ရောင်းတဲ့ ဈေးလောက်ဆိုရင် ဝယ်မယ့်သူ နည်းသွားပြီ။ ပြည်တွင်းမှာ App တစ်ခုကို 5000 နဲ့ ဆိုလည်း အသုံးတည့်ရင် ဝယ်တာပဲဗျ။ တနည်းပြောရင် $6 ဝန်းကျင်လောက် သုံးဖို့ ဝန်မလေးကြဘူး။ App store မှာတော့ အများအားဖြင့် $0.99 , $1.99 ဝန်းကျင်တွေလောက်ပဲ ရောင်းလို့ရပါတယ်။ $5 လောက်နဲ့ တင်ရောင်းရင်လည်း ဖြစ်နိုင်ပါတယ်။ App Store မှာကတော့ user feed back ကို ချက်ခြင်း ရနိုင်တယ်။

ဈေးကွက်တစ်ခုနဲ့ တစ်ခုတော့ မတူဘူးပေါ့။ အဲဒီလို ဈေးကွက်သေးသေးမှာ မြန်မာတွေ အတွက် အဓိက ရည်ရွယ်ပြီးတော့ ရေးတဲ့ App တွေရဲ့ ဈေးကွက်က အရမ်းကျယ်ပြန့်တာ မဟုတ်သလို အကျိုးအမြတ်လည်း ကြီးကြီးကျယ်ကျယ် ရသွားနိုင်ဖို့ အလွန်ခက်ပါတယ်။

Online App Store တွေ မှာ ရောင်းချရင်လည်း အနည်းဆုံး $100 ပြည့်မှသာ ၁ လ ကို ၁ ကြီမ် Apple ကနေ ပြန်လွှဲပေးတာပါ။ ဒါကြောင့် App တွေ ဖန်တီးပြီး ရပ်တည်နိုင်ဖို့ဆိုတာ လွယ်ကူလှတဲ့ အလုပ်တော့ မဟုတ်ပါဘူး။

Pirate App တွေနဲ့ ကျွန်တော်

Pirate အခွေတွေဆိုတာကို computer စသုံးကာစက မသိတာ အမှန်ပဲ။ Windows 3.1 ကို သုံးတုန်းက အဲဒီ အထဲမှာ ပါလာတဲ့ game တွေ app တွေ အရန်သင့်ပါလာပြီးသားလို့ ထင်ထားတယ်။ ပြီးတော့ Windows 95 ရောက်လာတယ်။ Windows 95 ကိုလည်း အသိတစ်ယောက်ကို သွင်းသွားပေးလို့ ဒီအသုံးသုံးလိုက်တာပဲ။ MS Office က Windows မှာ ပါလာတဲ့ အရန်သင့် application လို့တောင် ထင်မှတ်ထားပါတယ်။ နောက်ပိုင်း Windows 98 တုန်းက သူငယ်ချင်းဆီက StarCraft ကို ငှားပြီး သွင်းဆော့ခဲ့တယ်။ ပြီးတော့ သူ့ကို အခွေပြန်ပေးလိုက်တယ်။ ကျွန်တော့် အတွက်တော့ ငှားဆော့တာပေါ့။
ပြီးတော့ XP ပေါ့။ XP ရောက်တော့ ကိုယ့်ဘာသာကိုယ် အခွေတွေ ဝယ်ဝယ်ပြီး သွင်းတတ်နေပြီ။ ၁၀တန်း စာမေးပွဲဖြေပြီးကာစ ဗိုလ်တထောင် ကောလိပ်မှာ Diploma တက်တော့ ဆရာက pirate ခွေတွေ အကြောင်း ရှင်းပြတဲ့ အချိန်မှပဲ ငါတို့ သုံးနေတာ ခိုး သုံးနေတာပါလား ဆိုတာကို သဘောပေါက်တော့တယ်။

သို့ပေမယ့် မူရင်း Application တွေ မဝယ်နိုင်သလို မြန်မာမှာလည်း မဝယ်နိုင်တဲ့ အတွက် Pirate သုံးတာ အပြစ်မရှိဘူးလို့ ယူဆလိုက်တယ်။ First Year ပြီးတော့ ISS မှာ Linux တက်မှပဲ Open Source အကြောင်းတွေ သိတော့တယ်။ Linux ဘာကြောင့် ပေါ်လာရတယ်။ Copyright , CopyLeft စတာတွေ ကို ဖတ်မှပဲ နည်းနည်းသဘောပေါက်လာတယ်။ အဲဒီတုန်းက Linux ဆိုရင် Red Hat ပဲရှိသေးတယ်။ Ubuntu က အခု လို ခေတ်မစားသေးဘူး။ Fedora ကလည်း ထွက်ကာစပဲ ရှိအုန်းမယ်ထင်တယ်။ Red Hat ကို အဓိက သင်တော့ အခြား OS အကြောင်းတွေ သိပ်မသိလိုက်ဘူး။

အဲဒီ အချိန်မှ Pirate ဆိုတာကို နည်းနည်းသဘောပေါက်လာတယ်။

မြန်မာနိုင်ငံမှာ အခွေဆိုင်တိုင်းလိုလို Pirate တွေပဲ ရောင်းချပါတယ်။ သို့ပေမယ့် မြန်မာနိုင်ငံက ထုတ်တဲ့ အခွေတွေကိုတော့ Pirate ရောင်းချတာ မတွေ့ရပါဘူး။ အနည်းနဲ့ အများကတော့ ကိုယ့်ပြည်တွင်းထုတ်ကို ခိုးမသုံးဘူးဆိုတဲ့ ဆန္ဒလေးတွေ ရှိကြပါတယ်။

သူလည်းခိုး ငါလည်းခိုး

ဗုဒ္ဓဘာသာမှာဆိုရင် ငါးပါးသီလ ထဲမှာ သူများ ပစ္စည်းခိုးတာ မလုပ်ရဘူးဆိုတာ ပါပါတယ်။ အဖေနဲ့ အမေ ကို ကျွန်တော် ပြောနေကျ။ ကျွန်တော့်အတွက် ငါးပါးသီလမှာ ခိုးတာကတော့ စောင့်ထိန်းရ တော်တော်ခက်တယ်ဗျာ။

တခြားတော့ မဟုတ်ဘူး။ လက်ရှိ ကြည့်နေတဲ့ One Piece , Naruto စတာတွေက တရားဝင်တွေ မဟုတ်ဘူး။ တနည်းပြောရင် သူများ ခွင့်မပြုပဲနဲ့ ခိုးကြည့်တာပေါ့။ One Piece , Naruto တို့ အပတ်စဉ် ကြည့်လို့ရအောင် ဖန်တီးပေးထားတဲ့ site တွေကို ကျေးဇူးတင်နေသလို ကိုယ့်ကိုယ် သူခိုးဖြစ်နေပါလား ဆိုပြီး ကြည့်လိုက်တိုင်းမှာ သတိလေးကတော့ ခဏခဏ ဝင်နေမိတာ အမှန်ပဲ။

Manga ကိစ္စကတော့ ပြောရခက်တယ်။ Manga က ဂျပန်လို အရင်ထွက်တယ်။ ထွက်ထွက်ခြင်းကို ဘာသာပြန်တဲ့ အဖွဲ့က ပြန်ပြီးတော့ တင်ထားပေးတာ။ တနည်းပြောရင် English version ကို ဝယ်ဖတ်မယ်ဆိုရင်တောင် စောင့်ပြီးမှ ဝယ်လို့ ရမှာ ဖြစ်တဲ့အတွက်ကြောင့် Manga ကိစ္စက ခိုးဖတ်တယ်လို့ ဆိုလို့ မရဘူးလား ရလား ကျွန်တော်လည်း မသိဘူး။

ကဲထားပါလေ။ ကျွန်တော် Developer ဖြစ်ပြီးတဲ့ နောက်ပိုင်း App တွေကို ရောင်းပြီးတဲ့ နောက်ပိုင်းမှာ Development ပိုင်း ဘယ်လောက် ခက်တယ်ဆိုတာကို နားလည်လာတယ်။ Marketing တွေ ဘယ်လောက်လုပ်ရတယ်။ ငွေကြေးတွေ ဘယ်လောက် မြုပ်နှံ ရတယ်ဆိုတာကို နားလည်လာတယ်။ ဒါကြောင့် App တွေကို ခိုးမသုံးတော့ဘူး။

လက်ရှိ မဝယ်နိုင်တဲ့ Photoshop ကလွဲလို့ အကုန်လုံးနီးပါးက Free သို့မဟုတ် ဝယ်ထားတာတွေပဲ။

နေ့စဉ်သုံးဖြစ်တဲ့ Application တွေမှာဆိုရင်

  • OS ဖြစ်တဲ့ Lion ကတော့ Mac book pro ဝယ်လို့ Free ရထားတာ။
  • iWork ကတော့ စလုံး စရောက်တုန်းက ဝယ်ထားတာ။ App Store versoin တော့ မဝယ်ထားပါဘူး။
  • FTP အတွက် ForkLift ကို ဝယ်သုံးထားတယ်။
  • TextEditor ကတော့ sublime Text 2 free ရတုန်းမို့ သုံးနေပါတယ်။

ဘာကြောင့် ဝယ်သုံးရတာလဲလို့ မေးရင် ရှက်လို့ပါ။ ဟုတ်ပါတယ်။ ကိုယ်တိုင် App တွေ ရေးပြီး ရောင်းမှပဲ App တစ်ခု ထွက်ဖို့ ဘယ်လောက် ပင်ပန်းတယ်ဆိုတာကို နားလည်ပါတယ်။ နောက်ပြီး support နဲ့ နောက် version update အတွက် အမြဲလုပ်ရပါတယ်။

ဒီဒုက္ခတွေကို နားလည်လို့ပါ။

ကျွန်တော့် Ornagi နဲ့ Ornagaime ကို cracked လုပ်ပြီး shared ထားတာတွေ့တော့ တွေ့တွေ့ခြင်းမှာ တချက်ဒေါသထွက်သွားတယ်။ နောက်တော့ စိတ်မကောင်းဖြစ်မိသွားတယ်။ ပြီးမှ စဉ်းစားကြည့်လိုက်တော့ cracked လုပ်တာ သုံးနေတဲ့ သူတွေက ဝယ်မှ မသုံးနိုင်တာ။ သုံးကြပါစေလို့ ပဲ သဘောထားလိုက်တော့တယ်။ ဝယ်မသုံးနိုင်ဘူးဆိုတာကလည်း ပိုက်ဆံ ကုန်မှာ စိုးရိမ်ပူပန်လို့ ဒါမှမဟုတ် ပိုက်ဆံကုန်ခံပြီး ဝယ်ရမှာ မတန်ဘူးထင်လို့ ၊ App store ကနေ ဝယ်မရလို့ ၊ iTunes Gift Card ဝယ်မရလို့ စတဲ့ အကြောင်း အမျိုးမျိုးကြောင့်ပေါ့ဗျာ။

တကယ်လို့ ကိုယ့်ရဲ့ App က $0.99 ပေးဖို့ ထိုက်တန်တယ်ဆိုရင် ဝယ်မှာပါ။ Apple က 0.99 ရဲ့ 30% ကို ပေးရပြီး 70% ကိုပဲ developer က ရတာပါ။ တနည်းပြောရင် 0.99 နဲ့ ရောင်းလို့ရရင် 0.70 သာ developer က ရပြီး ကျန်တာကို Apple က ယူပါတယ်။

ခိုးမသုံးဘူးလား ? ခိုးသုံးမရအောင် လုပ်ထားပေါ့။

Facebook က group တွေမှာ ခိုးတဲ့ ကိစ္စနဲ့ ပြဿနာ တက်တုန်းက ပြန်ပြန်မေးကြတဲ့ စကားလုံးက Developer က ကော ခိုးမသုံးဘူးလား ? ခိုးမသုံးချင်ရင် ခိုးလို့ မရအောင် လုပ်ထားပေါ့ ။

ကျွန်တော်က ခိုးမသုံးဘူးလားဆိုတာကိုတော့ အပေါ်မှာ ပြောဖူးပါတယ်။ ခိုးသုံးမရအောင် လုပ်ထားပေါ့ ဆိုတဲ့ စကားလုံးကို ပြောတဲ့ သူတွေကတော့ လုံးဝ end user တွေ ဖြစ်တဲ့ အတွက်ကြောင့် ဒီလိုပြောတာ လက်ခံနိုင်ပါတယ်။

Apple က App တွေက crackulous နဲ့ crack လွယ်လွယ်လုပ်လို့ရပြီး လူတိုင်းကို လွယ်လွယ် ပြန် share လို့ရအောင် ဖန်တီးထားပါတယ်။ ဒါဟာ Apple နဲ့ပဲ သက်ဆိုင်ပါတယ်။ Apple ကိုယ်တိုင်က ဘာမှ သေသေချာချာ မကိုင်တွယ်နိုင်တဲ့ အတွက်ကြောင့် ကျွန်တော်လည်း ဘာမှ မလုပ်နိုင်ပါဘူး။ Programming မှာ jailbreak လုပ်ထားတဲ့ Phone ဆို ဖွင့်မရအောင် လုပ်ထားရင် ရပါတယ်။ သို့ပေမယ့် ဒါဟာ ဝယ်သုံးတဲ့ user တွေကိုပါ ထိခိုက်နိုင်တာကြောင့် တော်တော်များများ App တွေ မှာ ထည့်မထားပါဘူး။

ခိုးသုံးတာကို ကာကွယ်ဖို့က In App Purchases ပါ။ In App Purchases ထည့်လိုက်ပြီးတော့ ဒီ feature တွေလိုရင် ဝယ်သုံးပါဆိုပြီး ထည့်လို့ရတယ်။ သို့ပေမယ့် ပြဿနာက ဘာလည်းဆိုတော့ promo code တွေ အလုပ်မလုပ်တာပါ။ ကျွန်တော့် အနေနဲ့ Give Away တွေ ပေးလို့မရတော့ပါဘူး။

Free ပေးပြီး ကြော်ငြာထည့်ဆိုတာကလည်း ထင်သလောက် ထိရောက်မှုမရှိပါဘူး။ ကြော်ငြာကို click တယ်ဆိုတာ တော်တော် ရှားပါတယ်။ ကိုယ် သဘောကျတဲ့ Product လောက်ပဲ နှိပ်ပြီး ကြည့်တတ်ကြတာပါ။ သို့ပေမယ့် နိုင်ငံတကာ ဈေးကွက်အတွက်ဆိုရင်တော့ ကြော်ငြာက အဆင်ပြေလောက်ပါတယ်။ မြန်မာ ဈေးကွက်တစ်ခုတည်းဆိုရင်တော့ အားကိုးလောက်တဲ့ အနေအထားမှာ မရှိသေးပါဘူး။

Android မှာဆိုရင်လည်း apk file ကို လွယ်လွယ် ပြန်ထုတ်ပြီး ပြန်ပေးလိုက်လို့ရပါတယ်။

ပြည်တွင်းမှာ ရောင်းတယ်ဆိုရင်တော့ serial number နဲ့ လုပ်ရင်ရပါတယ်။ App store မှာ တင်ရောင်းသလိုတော့ crack လွယ်လွယ်မရအောင် ဖန်တီးထားနိုင်တာပေါ့။ သို့ပေမယ့် ရအောင် crack လုပ်မယ့် မြန်မာတွေ ရှိပါတယ်။

ခိုးသုံးတာ ကာကွယ်ဖို့ ?

ခိုးသုံးတာကို ကာကွယ်ဖို့ ဥပဒေတွေ ရှိသင့်ပါတယ်။ Megaupload site ပိတ်ခံထိလိုက်တာ ခိုးကူးလောကမှာ pirate လောကမှာ တော်တော်ထိခိုက်သွားတယ်။ ကျွန်တော်ဆိုလည်း ကာတွန်းကားတွေ အများကြီး ကြည့်လို့မရတော့ဘူး။ Megaupload ကြောင့် အခြား site တွေကလည်း sharing ကို ပိတ်လိုက်ကြတယ်။ ဒါဟာ ဥပဒေ အသက်ဝင်ခြင်းလို့ ဆိုလည်း မမှားပါဘူး။

သို့ပေမယ့်လည်း pirate လောကကြီးက မပျက်သုန်းသွားပါဘူး။ pirate တွေက ရှိနေဆဲပါပဲ။ warez site တွေမှာလည်း တင်နေဆဲပါပဲ။ ဒါပေမယ့် နာမည်ကြီး sharing တွေ ပိတ်သွားတာကြောင့် link တော်တော်များများကတော့ အလုပ်မလုပ်တော့ဘူး ဆိုရမှာပဲ။ premium ဝယ်ပြီး download ချနေတဲ့ သူတွေလည်း ထိခိုက်သွားတာ အမှန်ပါ။ သို့ပေမယ့်လည်း Torrent Site တွေက အခုထက်ထိ အလုပ်လုပ်နေဆဲပဲ။ အသုံးပြုနေကြပါပဲ။ SOPA နဲ့ပတ်သက်ပြီး ဆန္ဒပြကြတာလည်း အသိဆုံးပါ။

ခိုးသုံးတာ ကာကွယ်ဖို့ ဥပဒေထက် ခိုးသုံးတာဟာ ရှက်ဖို့ ကောင်းတယ်ဆိုတာ နားလည် သဘောပေါက်တာဟာ ကာကွယ်ခြင်းထက် ပိုကောင်းပါတယ်။ ခိုးသုံးတဲ့သူဟာ မတတ်နိုင်လို့ မဝယ်တာလို့ ပဲ လွယ်လင့် တကူ မှတ်ယူရမှာပဲ။ ခိုးတဲ့ အလုပ်ဟာ အလွန်ရှက်စရာကောင်းတယ်ဆိုတာကို ကျွန်တော်တို့ လူငယ်လောကမှာ မပြန့်နှံ့တာကြောင့်လည်း ပါမှာပေါ့။ ခိုးသုံးတယ်ဆိုတာကို ရှက်စရာ လို့ မြင်လာတဲ့ တနေ့ ခိုးသုံးတာတွေလည်း လျော့ချဖို့ ကြိုးစားလာပါလိမ့်မယ်။

သေချာတာကတော့ ခိုးကူးတွေကြောင့်တော့ Product တစ်ခု မပျက်စီးပါဘူး။

နောက်ပြီးတော့ ခိုးသုံးသူတော်တော်များများဟာ Developer တွေ မဟုတ်ပါဘူး။ နောက်ပြီး App တွေကို ရောင်းဖူးကြတာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီ ခံစားချက်တွေ နားမလည်ကြပါဘူး။ နားလည်အောင်လည်း ပြောလို့လည်း မရပါဘူး။ သူတို့ ကိုယ်တိုင် App တွေရေးပြီး စီးပွားဖြစ် ဖြန့်တဲ့ အခါမှာ နားလည်လာပါလိမ့်မယ်။ ခံစားတတ်လာပါလိမ့်မယ်။

သင်ဟာ customer လား product လား ?

Free model နဲ့ ပတ်သက်ပြီး ဆွေးနွေးတဲ့ အထဲမှာ အဲဒီ စကားလုံးက တော်တော်လေး လူသုံးများလှပါတယ်။

If you’re not paying for it you’re not the customer; you’re the product being sold

– Andrew Lewis

Geek & Poke website မှာ ဆွဲထားတဲ့ Free Model အကြောင်းလေးပါ။

free model

http://geekandpoke.typepad.com/geekandpoke/2010/12/the-free-model.html

ကျွန်တော်တို့က Free ဆိုရင် သဘောကျတယ်။ အားပေးတယ်။ သို့ပေမယ့် ကျွန်တော်တို့ သတိမထားမလိုက်တာက ကျွန်တော်တို့ ကိုယ်တိုင် ရောင်းကုန် product အနေနဲ့ နောင်တချိန်မှာ ဖြစ်သွားတာပဲ။ Google ကိုပဲ ကြည့် facebook ကိုပဲ ကြည့်။ ကျွန်တော်တို့ဟာ သူတို့ရဲ့ ရောင်းကုန် product တွေပါ။ ကျွန်တော်တို့ ရှိနေတဲ့အတွက်ကြောင့် ကျွန်တော်တို့ သုံးစွဲတဲ့ နှုန်းပေါ်မှာ မူတည်ပြီး ကြော်ငြာတွေ ပြန်ရောင်းစားနေတာပေါ့။

အဲလိုပဲ Crack App တွေကို သွင်းရင် သတိထားရပါတယ်။ Virus သို့မဟုတ် Trojan တွေ ထည့်ထားလိုက်ရင် ကျွန်တော်တို့ သိလိုက်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ အနေနဲ့ အလကားသွင်းဖို့ အာရုံစိုက်နေတဲ့ အတွက်ကြောင့် virus alert တွေ တက်လာလည်း ပိတ်လိုက်ကြပါတယ်။ anti-virus က crack file ကို virus လို့ သိပြီး ဖျက်ချလိုက်ရင် ဒါမှမဟုတ် အလုပ်လုပ်ခွင့် ပိတ်လိုက်ရင် ကျွန်တော်တို့တွေ crack လုပ်လို့ မရတော့ဘူး။ ဒါကြောင့် အဲလို တက်လာရင် ကျွန်တော်တို့တွေ ပိတ်ထားလိုက်တတ်ပါတယ်။ အခု အချိန်မှာ ပြန်စဉ်းစားမိရင်တော့ အနည်းနဲ့ အများတော့ အန္တရယ် ရှိပေမယ့် အဲဒီ အချိန်တုန်းကတော့ ရွေးချယ်စရာလည်း မရှိခဲ့ပါဘူး။

ကျွန်တော်တို့တွေ ဘယ်သူမှ သူများ ပစ္စည်း ခိုး မသုံးချင်ဘူးဆိုတာ ယုံကြည်ပါတယ်။ အကြောင်းကြောင်း ကြောင့် ခိုးသုံးနေကြတယ်။ သို့ပေမယ့် တက်နိုင်သလောက် လျော့ချဖို့ ကြိုးစားနိုင်ပါတယ်။ ကျွန်တော့်လို Discount တွေကို စောင့်တယ်။ Discount ရာသီချိန်တွေ ဖြစ်တဲ့ Chirstmas တို့ New Year တို့ဆိုရင် လိုချင်တဲ့ App တော်တော်များများက Discount ချတတ်တယ်။ အဲဒီ အချိန် အဓိက ဝယ်ဖြစ်တယ်။ နောက်ပြီး Free App A Day လိုမျိုး စောင့်ကြည့်ပြီး download ချပါတယ်။

13 responses to “Pirate Apps ?”

  1. အစ်ကိုတော့ ခိုးသုံးတဲ့ ဟာတွေတော့ တော်တော်ကို လျှော့ချနိုင်ခဲ့တယ်။ Photoshop ကတော့ သုံးနေရတုန်းပဲ။ Text editor အနေနဲ့ sublime free version လေးသုံးပြီး အခုရေးနေတာအဆင်ပြေနေတုန်းပဲ။ app တွေလဲ ဝယ်သုံးဖြစ်တာများတယ်။ မြန်မာပြည်ကသူတွေကတော့ တော်တော်နားဝင်အောင်ပြောရလိမ့်မယ်လို့ ထင်တယ်။

  2. Myint Kyaw Thu Avatar

    End User တွေက pirate ကို သုံးချင်လို့ သုံးနေတယ်လို့ မမြင်ဘူး။ အထူးသဖြင့် app တခု 0.99 US$, DVD တခွေဖိုးတောင် မရှိတဲ့ ဈေးနှုန်းကို ပိုက်ဆံမတတ်နိုင်လို့ ဝယ်မသုံးဖူးဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ တကယ်လို့ အဲဒီပိုက်ဆံက developer အတွက် အကျိုးရှိစေတယ်ဆိုရင် ပိုလို့တောင် ဝယ်သုံးကြအုန်းမှာ။ အရင်က ကျွန်တော်တို့ ဝယ်သုံးချင်လို့တောင် ဝယ်သုံးလို့ မရဘူး။ အခု gift card တွေလဲ ပေါပေါဝယ်လို့ရနေပြီ။ End user ကို educated လုပ်ပေးရင် ရနေပြီ။ ကြားထဲက တတ်ရောင်ကား၊ crack လုပ်နေတဲ့ လူယုတ်မာ တစုကြောင့်သာ မလိုအပ်ပဲ educated လုပ်ရတာ ခက်နေတာ။ crack လုပ်တာကို ရှက်တတ်အောင် အရင်လုပ်ရမယ်။

    1. Developer မဖြစ်ခင်တုန်းက IDE တွေ Softwares တွေကို ဝယ်သုံးခဲ့ပါသလား။ Window ကိုရော လိုင်စင်နဲ့စသုံးခဲ့ပါသလား…

      1. before comment, please read my post again. I already explain it.

        Pirate App တွေနဲ့ ကျွန်တော်

        လက်ရှိ မဝယ်နိုင်တဲ့ Photoshop ကလွဲလို့ အကုန်လုံးနီးပါးက Free သို့မဟုတ် ဝယ်ထားတာတွေပဲ။

        I still use Photoshop pirate version.

  3. ပေတူး Avatar
    ပေတူး

    မြန်မာပြည် idevice ကိုင်တဲ့သူတွေထဲက အများစုမှာ itunes account မရှိပါ။ free account တစ်ခုဖွင့်ဖို့ မလွယ်တာ မြန်မာပြည်ကနေ လုပ်ဖူးတဲ့သူတွေ သိမှာပါ။ itunes account မရှိလို့ idevice တွေ မသုံးရတော့ဘူးလား။ google play စတိုးကို မြန်မာပြည်ကနေ ဖွင့်မရတဲ့ အခြေအနေတွေကို သိကြမယ်ထင်ပါတယ်။ ပိုက်ဆံအတော် အသင့်တတ်နိုင်တိုင်း အဲသည် account တွေ ဖွင့်လို့ မရပါ။ ဝ.၉၉ ဆိုတာ မြန်မာငွေ တစ်ထောင် မရှိပါ။ အခြေအနေအမျိုးမျိုးကြောင့် သုံးနေရတာကို သိကြမယ်ထင်ပါတယ်။။ကျွန်တော်တို့တွေ ဘယ်သူမျ သူများပစ္စည်း ခိုးမသုံးချင်တာ အမှန်ပဲပေါ့။

    1. It is not difficult to open free iTunes account in Myanmar. Just a few minutes. It shouldn’t be the excuse to use pirated softwares.

      1. ဆင်ခြေမဟုတ်ဘူး။ ကျတော်တို့ တကယ်ကြုံတွေ့နေရတာ။ မယုံရင် ခင်ဗျား အိုင်ကျူးအကောင့်ဖွင့်ပေးပါမယ်လို့ ပြောကြည့်။။ လူတွေ ဘယ်လောက် ဖွင့်ပေးဖို့ တောင်းဆိုမလဲဆိုတာကို ခင်ဗျားသိပါလိမ့်မယ်။

  4. ယခုပြောနေကျတယ့် Pirate App သုံးတာတွေကိုအားတော့ မပေးပါဘူးဗျာ။ သို့ပေမယ့်လဲ ကျွန်တော်တို့ မြန်မာတွေအတွက် iDevice (iPad, iPhone & iPod) တွေပေါ်မှာ မြန်မာစာဖတ်တာတို့ မြန်မာစာရိုက်တာတို့ အတွက် JailBreak ကမလုပ်မနေလုပ်နေရတာပါ ။ ကျွန်တော့် အမြင်နဲ့လေ့လာမိသလောက်ကတော့ Jailbreak လုပ်ပီးပီစိုရင် Original App သုံးတာ မရှိသလောက်ပါပဲ။

  5. ကျွန်တော်တို့ပြင်နိုင်အောင်ကြိုးစားကြရပါဦးမည်…

  6. ကျွန်တော် ဝယ်သုံးချင်ပါတယ်.. ရောင်းသူကို ပိုက်ဆံပေးဖို့ ကြိုးစားနေရတာက သုံးနေတဲ့ App ရဲ့ တန်ဖိုးထက် အရမ်းကို များနေလို့ပါ။ ဒါကြောင့် သုံးချင်လို့ ခိုးသုံးနေရတာပါ။ ကျွန်တော်လည်း နယ်မြို့မှ မဟုတ်ဘဲ တိုင်းတပါးမှာ ဆိုရင် ဝယ်သုံးဖြစ်မှာပါ။

  7. I am using Gimp instead of Photoshop

    1. you are lucky :) I can’t because current App icons and UI designs are drawing with Photoshop. It’s using Layer properties a lot and can’t use with GIMP :(

  8. အလေ့အကျင့် လုပ်ယူရပါမယ်။ အနည်းဆုံးတော့ ကိုယ်နိုင်ငံက dev တွေရဲ့ app တွေကိုတော့ ဝယ်သုံးသင့်တယ်လို. ထင်ပါတယ်။ Developer တွေကို လေးစားပါတယ်။Crackers တွေ အနေနဲလဲ ကိုယ်နိုင်ငံက app တွေတော့ လက်ရှောင်သင့်တယ် ထင်တာပဲ(သိတ်တော့ မထင်ပါ) Cracked app တွေကတော့ ရှိနေအုံးမှာပါပဲ။ Playstore က apk တွေ cracked မလုပ်ခံထားရတဲ့ premium application မရှိသလောက်ပါပဲ။ Dev တွေကလဲ app တွေကို Free version, Premium version အနေနဲ ၂ မျိုးထုတ်သွား၇င် အဆင်ပြေမှာပါ။ နေရာတကာ ဝယ်သုံးနိုင်ဖို.ကလဲ အဆင်မပြေနိုင်ပါ။
    အခုလောလောဆယ်တော့ မကောင်းမှန်း သိပေမဲ့ သုံးနေရပါသေးတယ်။ ဒိတော့ အခုလောလောဆယ် ရသေ့စိတ်ဖြေ တွေးထားတာလေးတော့ ၇ှိတယ်။ “အို….ငါက.. အင်တာနက်ကိုတော့ ပိုက်ဆံပေးပီး ဝယ်သုံးထားတာပဲ အင်တာနက်ထဲပါလာတာတော့ ငါ့ဟာပဲ ကိုယ်ကို service လုပ်တာပဲ၊ ဒေါင်းမှာပဲ၊ မဒေါင်းစေချင် မသုံးစေချင်ရင် အင်တာနက်ပေါ် မတင်နဲပေါ့ မရောက်စေနဲ၊ အိမ်မှာပဲ ထုတ်ပီး သိမ်းထား.. “

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.