Sid Meier’s Civilization 4

Empire တစ်ခု ထူထောင်ဖို့ဆိုတာ မလွယ်ဘူးဆိုတာကို တကယ်နားလည်လာစေနိုင်တဲ့ game ပါ။ Empire ကြီးတစ်ခု မဖြစ်ခင် ကိုယ့်နိုင်ငံကို အင်းအားတောင့်တင်းပြီး ကာကွယ်ဖို့ကလည်း လိုတယ်။ ဒီ game ကစားရင်တော့ တစ်ယောက်နဲ့ တစ်ယောက် idea မတူလောက်ပါဘူး။ ကျွန်တော်ကတော့ အရင်ဆုံး အင်အားတောင့်တင်းလာအောင် လုပ်။ ပြီးရင် နယ်မြေအသစ်ရှာ။ အိမ်နီးချင်းတွေနဲ့ ငြိမ်းချမ်းရေးယူထား။ အိမ်နီးချင်းဆိုပေမယ့် တကယ်ယုံလို့ရတာမှ မဟုတ်တာ။ ပထမပွဲက ငြိမ်းချမ်းရေးယူထားတယ်ဆိုပြီး အေးအေးဆေးဆေး စီးပွားရေး တက်အောင်ပဲ လုပ်နေတာ။ စစ်အင်အားကို ထားကို မထားတာ။ အဲမှာ ဟိုဘက်အိမ်နီးချင်းကလည်း သူတို့ အင်အားတောင့်သွားတော့ စစ်ကြေငြာပြီးတိုက် ဒီဘက်ကလည်း တိုက်။ ကြားမှ ညှပ်လိုက်တော့ လုံးဝက မတောင့်ခံနိုင်လိုက်ဘူး။ နောက်တစ်ခေါက်ကတော့ အဲလိုမရတော့ဘူး။ ကိုယ်တိုင် အင်အားတောင့်အောင်လုပ်ထားတယ်။ နယ်စပ်တွေမှာ တပ်တွေ အပြည့်ချထားတယ်။ သူမကျူးကျော်ရင်တောင် ကိုယ်က ကျူးကျော်ဖို့ အသင့်အနေအထားလောက်ရောက်အောင် တပ်ကို ချထားတယ်။ ကမ်းနားမှာရှိတဲ့ မြို့တွေဆိုလည်း သတိထားရတယ်။ သဘောင်္နဲ့လာပြီး စစ်သားတွေ ချသွားတာတွေရှိတယ်ဗျ။ ဒါကြောင့် စစ်အင်အားကိုပဲ တစ်ချိန်လုံး research လုပ်လိုက်။ စစ်တပ်အသစ်ထုတ်လိုက်။ အင်အားလည်းကောင်း။ နိုင်ငံလည်း ကြီးသွားတော့မှ။ တခြားဟာတွေကို ဆက်ပြီး research လုပ်နိုင်တော့တယ်။ အဲလိုမျိုးရအောင်လုပ်ရတာတောင် မလွယ်ဘူး။ အချိန်အကြာကြီးပေးရတယ်။ အလုပ်သမားတွေအများကြီးကို ထိန်းချုပ်နေရတယ်။ လူဆိုတာ တကယ်မကောင်းတဲ့ အမျိုးပဲဗျာ။ ကိုယ့်ကိုယ်ကိုတောင် မကောင်းဘူးဆိုတာ အဲဒီ game ကစားမှပဲ သိတော့တယ်။ အင်အားကလည်းကောင်းလာ။ နောက်ပြီး စီးပွားရေးကလည်းကောင်း။ တခြားနိုင်တွေထက်လည်း လက်နက်တွေက ရှေ့ပြေးနေဆိုတော့ လူက မနေတတ်တော့ဘူး။ အိမ်နီးချင်းက အင်အားနဲတဲ့ နိုင်ငံက မြေကို လိုချင်လာရော။ ဟုတ်တယ်လေ။ ကိုယ့်မှာ မြေက မလောက်တော့ဘူး။ ဒါနဲ့ပဲ နယ်စပ်က တပ်တွေကို ထပ်ဖြည့်ပြီး သိမ်းလိုက်ရော။ အော်…. တော်တော်လေးကို လောဘကြီးပါလားနော်လို့ ကိုယ့်ကိုယ်ကိုတောင် သိလိုက်ရတယ်။ တစ်ဖက် အိမ်နီးချင်းပြီးတော့ အဲဒီမြေကိုကောင်းအောင်လေးလုပ်ရင်း ကိုယ့်မှာက ရဟတ်ယာဉ်တွေ အမြှောက်တွေ ရှိလာတော့ နည်းနည်းလူစွာလုပ်ချင်လာပြန်ကော။ နောက်ထပ် အိမ်နီးချင်းဖြစ်တဲ့ နိုင်ငံကို ကြည့်လိုက်တော့ အခုမှ ဓားလေးတွေ မြှားလေးတွေ။ ကိုယ့်မှာက ရဟတ်ယာဉ်တွေ သေနတ်တွေနဲ့ဆိုတော့ အနိုင်ကျင့်ချင်လာရော။ ဒါနဲ့ပဲ ထပ်ပြီးတော့ သိမ်းလိုက်ပြန်ပါကော။ ကိုယ့်ကျွန်းမှာ နေရာပြည့်ရတော့ တခြားကျွန်းသွားသိမ်းဖို့ စဉ်းစားနေသေးတာ။ လူဆိုတာ ဒီလိုကြီးပါပဲလား။ ငါဆိုရင် ဒီလိုလုပ်ချင်မှ လုပ်မှာလို့ ပြောခဲ့ဘူးပေမယ့် ဒီ game ကစားမိတော့ ငါလည်း ဒီလိုပဲ လုပ်မိပါလားနော် ဆိုပြီး သိလိုက်ရပါတယ်ဗျာ…

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading