လူ့ဘဝမှာ အသက် ၈၀ လောက် နေရခဲ့ရင် အခုအချိန် ဘဝ တစ်ဝက် ရောက်ပြီ ဆိုရမှာပဲ။ ဒီအသက်အရွယ်မှာ သိလိုက်တာက များများအိပ်ဖို့ပဲ။
ငယ်ငယ်က အလုပ်ကို ၂ ည လောက် မအိပ်ပဲ လုပ်နိုင်တယ်။ စင်္ကာပူ အလုပ်ဝင်တုန်းက ၁ ည လုံး အိမ်မပြန်ပဲ ရုံးမှာ အိပ်ပြီး နောက်နေ့ deployment အတွက် လုပ်ခဲ့တာ တစ်ခေါက် နှစ်ခေါက် မကဘူး။ စင်္ကာပူမှာ လုပ်ခဲ့သည့် အချိန်တွေမှာ 2C2P က လွဲလို့ ကျန်သည့် company တွေ ရုံးမှာကော အိမ်မှာကော ညလုံးပေါက် လုပ်ခဲ့ရတာတွေ ကြီးပဲ။ အိပ်ချိန်ဆိုတာ အတော်ရှားတယ်။ လူက alert ဖြစ်နေပြီး အလုပ်လုပ်နေရတာ မှန်တယ်လို့ ထင်ခဲ့တာ။
အခုအချိန်မှာ သိလိုက်ရတာ အဲဒါက မှန်ကန်နေတာ မဟုတ်ဘူး။
ညလုံးပေါက် အလုပ်လုပ်ရတယ် ဆိုတာ production down ဖြစ်တာလိုမျိုး အရေးပေါ် အခြေအနေ မဟုတ်ရင် management ညံ့လို့ပဲ။ ကိုယ်က time management ညံ့တာ၊ estimation လွဲတာ၊ management ကို ပြန်မညှိနိုင်တာတွေကြောင့်လည်း ဖြစ်တယ်။ ငယ်ငယ်တုန်းက လုပ်နိုင်တာကို ဂုဏ်ယူနေတာ မှားနေမှန်း COMQUAS ကို စလုပ်သည့် အချိန်မှ သိတယ်။ Deployment တွေ ညဘက် လုပ်ရပေမယ့် deployment မဟုတ်သည့် tasks တွေကို ညဘက်တွေ လုပ်နေရတာ management ညံ့လို့ အပြင် developer time management အားနည်းလို့ပဲ။
ည ၂ နာရီ ၃ နာရီ လောက် အိပ်ရပေမယ့် လန်းဆန်းနေတာက အလုပ်လုပ်နိုင်စွမ်း မြင့်နေတာ မဟုတ်ဘူး။ အိပ်ရေးပျက်သည့် အချိန်မှာ stress hormones တွေ မြင့်လာပြီး ခဏတာ alert ဖြစ်နေတတ်တာ။ ဒါပေမယ့် judgment တွေ၊ decision making တွေ၊ focus တွေက ကျလာနေပြီးသား။
အဲဒီအချိန်မှာ ဘာပြဿနာ ဖြစ်လဲ ဆိုတော့ priority ဆိုတာ မရှိတော့ဘူး။ အလုပ်တွေ အကုန် သိမ်းကျုံးလုပ်နေတာ။ ပြီးသွားဖို့ အဓိက ပဲ ဖြစ်သွားတယ်။ အခုအချိန် စဥ်းစားမိရင် အရမ်း risk များတယ်။ အမှားတွေ များနိုင်တယ်။
ဒါကြောင့် အဲဒီတုန်းက duct tape programmer ဖြစ်ခဲ့တာပဲ။ Code အတော်များများက duct tape code တွေ ဖြစ်ခဲ့တယ်။ အလုပ်ပြီးဖို့က အဓိက ဖြစ်နေသည့် အတွက် maintainability, scalability, architecture တွေကို သိပ်မစဥ်းစားနိုင်ဘူး။
နောက်ပြီး Survival Mode ဖြစ်နေလို့ လက်ရှိ ဘဝမှာ လုပ်နေသည့် tasks တွေ done ဖြစ်ဖို့ပဲ priority တွေ ဖြစ်ပြီး တစ်ခြားဘာမှ ဂရုမစိုက်နိုင်တော့ဘူး။ အရေးကြီးသည့် စာအုပ်တွေ ဖတ်ချိန် နည်းခဲ့တယ်။ Technology အသစ်တွေ လေ့လာချိန် နည်းခဲ့တယ်။ Long-term investment လုပ်ရမည့် အရာတွေကို မလုပ်နိုင်တော့ဘူး။ အလုပ်တွေ သိမ်းကျုံးလုပ်နေတာကြောင့် လက်ရှိ task တွေ ပြီးဖို့ကလွဲပြီး တစ်ခြားအရာတွေကို မမြင်တော့ဘူး။ အဲဒီ အခါမှာ ပေါင်းသင်းဆက်ဆံရေး ပြဿနာတွေ ဖြစ်ကုန်တာပဲ။
အိပ်ချိန်မှာ အကြွေးဆိုတာ ရှိတယ်။
ပုံမှန် လူ တစ်ယောက်က ၇ နာရီ သို့မဟုတ် ၈ နာရီ လောက် အိပ်သင့်တယ်။ အိပ်ချိန် လျော့သွားသည့် အခါ sleep debt ဆိုတာ စတင် စုလာတယ်။
လူတော်တော်များများ ထင်တာက weekend မှာ တစ်ခါတည်း အကြာကြီး အိပ်လိုက်ရင် အကြွေး ပြေသွားမယ်လို့ ထင်ကြတယ်။ တကယ်တော့ အဲဒီလို မဟုတ်ဘူး။ Weekend catch-up sleep က ကူညီနိုင်ပေမယ့် chronic sleep deprivation ကို အပြည့်အဝ ပြန်မဖြည့်ပေးနိုင်ဘူး။ အိပ်ချိန် အကြွေးကို တဖြည်းဖြည်း ပြန်ဆပ်ရတာ။ ချေးငွေကို installment နဲ့ ဆပ်ရသလိုပဲ။
မဆပ်ခဲ့ရင် micro sleep တွေ ဖြစ်နိုင်တယ်။ Micro sleep ဆိုတာ ကိုယ်မသိလိုက်ပဲ စက္ကန့် အနည်းငယ်လောက် အိပ်ပျော်သွားတာမျိုး။ တစ်ခုခု အာရုံစိုက်နေရင်း sleep mode ဝင်သွားတာမျိုး။ အလုပ်လုပ်နေရင်း မျက်စိဖွင့်ထားပေမယ့် စက္ကန့် အနည်းငယ်လောက် အိပ်သွားတာ။ ကားမောင်းသည့် အခါမှာ micro sleep ဖြစ်သွားရင် ပြဿနာ အကြီးကြီး ဖြစ်သွားနိုင်တယ်။ အိပ်ချိန် အကြွေး မဆပ်သည့် အတွက် တစ်ခါတစ်လေ ကြီးမားသည့် ပေးဆပ်မှုတွေ ဖြစ်သွားနိုင်တယ်။
ည ၄ နာရီ လောက် ပုံမှန် အိပ်တာကနေ ပုံမှန် အိပ်ချိန် ပြန်ပြောင်းတာ လွယ်တာတော့ မဟုတ်ဘူး။
Survival Mode ကနေ Rest Mode ဖြစ်သွားသည့် အခါမှာ အရေးမကြီးဘူး ထင်တာတွေ နောက်မှ လုပ်တာ။ ကိုယ့်ဘာသာ အပျင်းကြီးတယ် ထင်လာတာတွေ ဖြစ်လာကော။ အရေးမကြီးရင် နောက်နေ့မှ လုပ်။ အခုအချိန် အရေးကြီးတာ၊ လုပ်ချင်တာ၊ လုပ်နိုင်တာတွေ ပဲ ရွေးလုပ်လာသည့် အတွက် work done ကျလာတယ်လို့ ခံစားရတာတွေ ဖြစ်လာပြန်ကော။
ဒါပေမယ့် ၁ လ ၂ လ လောက် ကြာလာသည့် အခါမှာ ပိုကောင်းသည့် ဆုံးဖြတ်ချက်တွေ ချနိုင်လာတယ်။ ပိုကောင်းသည့် အလုပ်တွေ လုပ်နိုင်လာတယ်။ Quality ပိုကောင်းလာတယ်။
လူ့ဦးဏှောက်က အကျင့် တစ်ခုကို ၂၁ ရက်နဲ့ တည်ဆောက်နိုင်တယ် ဆိုတာ popular myth တစ်ခုပါ။ တကယ်တမ်း habit တစ်ခု ဖြစ်လာဖို့က ရက်အနည်းငယ်ကနေ လပေါင်းများစွာ ကြာနိုင်တယ်။ အိပ်ချိန် ပြန်မှန်အောင် လုပ်တာလည်း အချိန်ပေးရတယ်။ ခန္ဓာကိုယ်ကို ပြန် train လုပ်ရတယ်။
ကိုရဲမြတ်သူ ပြောသလို ဘဝမှာ အိပ်မက် ကြီးကြီး မက်ဖို့ များများ အိပ်ဖို့ လိုတယ်။
မအိပ်ခြင်းရဲ့ အကြွေးတွေက နောက်ပိုင်းကျရင် အတိုးနဲ့ ပေါင်းပြီး ဆပ်ရမှာပဲ။
