ငယ်ငယ်က Programming မှာ သဘောအကျဆုံးအပိုင်းကတော့ Regular Expression ပဲ။ Regular Expression ကို အပိုင်နိုင်ဆုံး သုံးခဲ့တာက Rabbit Converter ရေးတုန်းကပါ။ ဘာကြောင့် သဘောကျခဲ့တာလဲဆိုတော့ pattern ဆိုတဲ့ သဘောတရားကို စမြင်လာလို့ပါ။

ဥပမာ search and replace လုပ်မယ်ဆိုရင် loop ပတ်ပြီး string တစ်ခုချင်းစီ စစ်နေမယ့်အစား Regular Expression နဲ့ဆို code က တိုသွားတယ်၊ ရှင်းသွားတယ်။ အဲဒီကနေ “Pattern ကို နားလည်ရင် ပြဿနာတော်တော်များများကို ရိုးရိုးလေး ဖြေရှင်းလို့ရတာပဲ” ဆိုတာကို သဘောပေါက်လာတယ်။

Pattern ဆိုတာ Programming တစ်ခုတည်းမှာ ရှိတာမဟုတ်ဘူး။ လူသားတွေရဲ့ အသက်ရှင်သန်မှုမှာလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။

ငယ်ငယ်တုန်းကတော့ Pattern ဆိုတာကို သီးသန့် မသင်ခဲ့ရဘူး။ ဒါပေမယ့် အခုကလေးတွေကို ကြည့်လိုက်ရင် သင်္ချာမသင်ခင်မှာတောင် pattern တွေကို အရင်မြင်တတ်အောင် သင်ပေးတာတွေ့ရတော့ သဘောကျမိတယ်။

လူသားတွေက ရှေးခေတ်ကတည်းက pattern တွေကို ရှာဖွေရင်း အသက်ရှင်ခဲ့ကြတာပါ။

ဥပမာ…

* ဖားတွေ အော်နေပြီဆိုရင် မိုးရွာနိုင်တယ်။
* ငှက်တွေ ရုတ်တရက် ပျံထွက်သွားရင် အန္တရာယ်တစ်ခုခု ရှိနိုင်တယ်။
* တိရစ္ဆာန်ခြေရာ တစ်မျိုးတွေ့ရင် အနီးအနားမှာ အဲဒီတိရစ္ဆာန် ရှိနိုင်တယ်။

ဒီလို observation တွေကို မှတ်သားပြီး နောက်တစ်ခါ အသုံးချရင်း လူသားတွေ အသက်ရှင်လာခဲ့ကြတာပဲ။

ကောင်းကင်က နေ၊ လ၊ ကြယ်တွေကို ကြည့်ပြီး pattern တွေကို မှတ်သားကြတယ်။ အဲဒီ observation တွေကို အခြေခံပြီး ပြက္ခဒိန် (calendar) တွေ ဖန်တီးလာကြတယ်။ ကြယ်အစုအဝေးတွေကိုလည်း မှတ်ရလွယ်အောင် တိရစ္ဆာန်၊ လူ၊ ပစ္စည်း စတဲ့ ပုံစံတွေနဲ့ အမည်ပေးခဲ့ကြတယ်။ အဲဒါတွေက နောက်ပိုင်းမှာ zodiac constellation တွေ ဖြစ်လာတာပါ။

လူတွေက မရှင်းပြနိုင်သေးတဲ့ အရာတစ်ခုကို တွေ့ရင် အဖြေတစ်ခုခု ရဖို့ ကြိုးစားတတ်တယ်။ အဲဒီအတွက် pattern တွေကို အသုံးပြုကြတယ်။

ဒီလိုပဲ လူ့ဘဝကို နားလည်ဖို့ ကြိုးစားတဲ့အခါ Astrology လို စနစ်တွေလည်း ပေါ်လာတယ်။ ကြယ်တွေရဲ့ pattern တွေကို အသုံးပြုပြီး လူ့ဘဝနဲ့ ဆက်စပ်ဖို့ ကြိုးစားခဲ့ကြတာပါ။

သိပ္ပံနည်းကျ စမ်းသပ်ချက်တွေအရတော့ လူတစ်ယောက် မွေးဖွားတဲ့အချိန်က ကြယ်တွေရဲ့ တည်နေရာနဲ့ ကိုယ်ရည်ကိုယ်သွေးကြား တိုက်ရိုက်ဆက်စပ်မှုရှိတယ်ဆိုတဲ့ အထောက်အထားတော့ မတွေ့ရသေးပါဘူး။ ဒါပေမယ့် လူသားတွေက နားလည်ရခက်တဲ့ အရာတွေကို pattern တွေနဲ့ အဓိပ္ပာယ်ဖော်ချင်တဲ့ သဘောထားကတော့ အမြဲရှိနေပါတယ်။

ဗေဒင်ဟောသူတွေ အတွေ့အကြုံများလာတာနဲ့အမျှ လူတွေရဲ့ အသက်၊ အဝတ်အစား၊ မျက်နှာအမူအရာ၊ စကားပြောပုံ စတဲ့ အချက်တွေကို ကြည့်ပြီး ခန့်မှန်းနိုင်လာတတ်တယ်။ Psychology မှာတော့ ဒါကို Cold Reading လို့ ခေါ်ကြတယ်။

ဒါက မှော်ပညာမဟုတ်ဘူး။ အရင်ကတွေ့ဖူးတဲ့ pattern တွေကို အခြေခံပြီး မြန်မြန်ဆုံးဖြတ်တာပါ။

တကယ်တော့ ကျွန်တော်တို့ အားလုံးလည်း နေ့တိုင်း လုပ်နေကြတာပဲ။

ဥပမာ…

ရပ်ကွက်ထဲမှာ “အဖေက အရက်သမားဆို သားသမီးတွေလည်း ဆိုးမှာပဲ” ဆိုပြီး လွယ်လွယ်သတ်မှတ်လိုက်တာမျိုး။

ဒါဟာ အချက်အလက် အပြည့်အစုံ မသိသေးခင် Pattern နဲ့ ဆုံးဖြတ်လိုက်တာပါ။

လူ့ဦးနှောက်က စွမ်းအင်ကို ချွေတာချင်တယ်။ အရာအားလုံးကို အကြောင်းအကျိုးလိုက်ပြီး အချိန်ယူ စဉ်းစားနေရင် စွမ်းအင်အများကြီး ကုန်မယ်။

ဒါကြောင့် အရင်တွေ့ဖူးတဲ့ pattern တွေကို ပြန်အသုံးချပြီး ဆုံးဖြတ်လိုက်တာက ပိုမြန်တယ်။

ရှေးခေတ် အမဲလိုက်တဲ့အချိန်မှာတော့ ဒီလို မြန်မြန်ဆုံးဖြတ်နိုင်တာက အသက်ရှင်ဖို့ အရေးကြီးတဲ့ စွမ်းရည်တစ်ခုပဲ။

Pattern က အမြဲမမှန်ဘူး။

တစ်ခါတလေ ဆက်စပ်မှု ရှိတာ ကို ဖြစ်စေသည့် အကြောင်းတရား လို့ ထင်မိတတ်တယ်။

ဥပမာ…

“သူဌေးကြီးတွေ မနက် ၄ နာရီထတယ်။ ဒါကြောင့် မနက် ၄ နာရီထရင် အောင်မြင်မယ်။”

ဆိုတဲ့ အတွေးမျိုး။

တကယ်တော့ မနက်အစောထတာက အောင်မြင်မှုရဲ့ အကြောင်းရင်း မဟုတ်ဘူး။ လူတစ်ယောက် ရဲ့ အလေ့အကျင့်တစ်ခုသာ ဖြစ်နိုင်တယ်။

မဟုတ်ရင် မနက်အစောကြီးထသည့် ပဲပြုတ်သည် အားလုံး သူဌေးဖြစ်နေကြပြီပေါ့။

ဒီလိုပဲ…

ငယ်ငယ် က လူကြီးတွေ ဆီက အမြဲ​ကြားနေကြ စကား တစ်ခုရှိတယ်။

“ဂျပန်တွေ အလုပ်ကြိုးစားတယ်။ ဒါကြောင့် ဂျပန် နိုင်ငံ ဟာ အောင်မြင်တယ်။”

တကယ်တော့ အဲဒီ​ အဆို က လည်း မှန် မနေ ဘူး။

World Cup ကို ကြည့်ရင် ဂျပန်အသင်းက စည်းကမ်းကောင်းတယ်၊ ကြိုးစားတယ်၊ Team Work ကောင်းတယ်။ ဒါပေမယ့် အခုအချိန် ထိ Champion မဖြစ်သေးဘူး။

Result တစ်ခုအတွက် ကြိုးစားမှုက အချက်တစ်ချက်ပဲ။

အဲဒီအပြင် ကစားသမားတွေရဲ့ အရည်အသွေး၊ မျိုးရိုးဗီဇ၊ နည်းဗျူဟာ၊ ပြိုင်ဘက်၊ ရာသီဥတု၊ ကံအကြောင်းမလှမှု စတဲ့ ထိန်းချုပ်မရတဲ့ အချက်တွေ အများကြီး ပါဝင်နေတယ်။

လောကမှာ Result တစ်ခုဟာ အကြောင်းတစ်ခုတည်းနဲ့ ဖြစ်လာတာ ရှားပါတယ်။

ဒါကြောင့် “ဒီလိုလုပ်ရင် အောင်မြင်မယ်” ဆိုတဲ့ One Size Fits All လမ်းကြောင်းဆိုတာ မရှိသလောက်ပဲ။

Pattern တွေက အသုံးဝင်တယ်။

ဒါပေမယ့် Pattern က Reality မဟုတ်ဘူး။ Reality ကို နားလည်ဖို့ ဦးနှောက်က အသုံးပြုတဲ့ Shortcut တစ်ခုပဲ။

လူသားတွေက မသေချာမှု နဲ့ Chaos ကို မကြိုက်ဘူး။ အချက်အလက် အပြည့်အစုံ မရှိသေးတဲ့အခါ Pattern တွေနဲ့ အလွယ်ဆုံး အဖြေရှာတတ်ကြတယ်။

ဒါပေမယ့် Pattern တစ်ခုတွေ့တိုင်း “ဒါက အမှန်တရားပဲ” လို့ မယူဆတာက ပိုအရေးကြီးပါတယ်။

အနည်းဆုံးတော့ ဆင်ခြင်ဥာဏ်ကို pattern recognition နဲ့တွဲသုံးဖို့ လိုတယ်။

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading