ဒီနေ့ Android လေး စမ်းလုပ်ကြည့်မယ်ဆိုပြီး Android SDK တွေသွင်းပြီးတော့ Tutorial တွေ ဖတ်ကြည့်လိုက်တော့။ ဖတ်လည်း ဖတ်ကြည့်လိုက်ကော တော်တော်လန့်သွားတယ်။ လက်ရှိ iOS မှာ စဉ်းစားထားတဲ့ Logic တွေနဲ့ မတူတော့ မနည်းပြန်ဖတ်ရတယ်။ Java ဖြစ်တာကြောင့် သိပ်ခက်ခဲလှတယ် မဟုတ်ပေမယ့် လူကတော့ ကြောက်လန့်သွားတာ အမှန်ပါ။ မှတ်မှတ်ရရ Python ကို စဖတ်ခဲ့တဲ့ အချိန်ကို သွားသတိရမိတယ်။
ကိုစိုးမင်း Python နဲ့ script တွေရေးပေး converter တွေ ရေးပေးတုန်းက အရမ်းသဘောကျခဲ့တာ။ Python ရဲ့ Speed က ကျွန်တော် PHP run တာထက် အများကြီးတာတယ်။ code တွေကလည်း တိုတိုလေးတွေ။ ဒီလိုနဲ့ပဲ Python လေ့လာမယ်ဆိုပြီး ချလိုက်တာပဲ။ စစတွေ့ချင်းမှာ လူက လန့်သွားတာပဲ။ ဒီစိတ်လေးကို အဲဒီတုန်းက သတိမပြုမိဘူး။ အခုနောက်ပြီး တစ်ခုခုကို လေ့လာပြီဆိုရင် အဲဒီ စိတ်ကလေး အရင်ပေါ်ပေါ်လာတယ်။ လန့်သွားတဲ့ စိတ်ကလေးပေါ့။ ငါလုပ်နိုင်ပါ့မလား။ ငါ နားလည်ပါ့မလားဆိုတဲ့ စိတ်လေး။ တနည်းပြောရင် မကောင်းတဲ့ စိတ်လေးလို့ပဲ နာမည်တပ်ရမလား မသိ။ လေ့လာနေရင်း နားမလည်တော့ဘူးဆိုရင် အဲဒီ စိတ်ကလေးက မလုပ်နဲ့တော့။ လက်လျှော့လိုက်တော့ ဆိုပြီး တွန်းအားတွေ ပေးလာတာကို ဂရုထားမိတယ်။ အဲဒီ စိတ်လေးက ကျွန်တော် တစ်ယောက်တည်းမှာ ဖြစ်ဟန် မတူပါဘူး။ အခြား developer တွေမှာလည်း အနည်းနဲ့ အများဖြစ်ကြမယ်တူတယ်။ သတိလေးထားရင် မြင်လာလိမ့်မယ်။
Android SDK ကို သွင်းတာနဲ့တင် အချိန်တော်တော်ကုန်သွားတယ်။ အစပိုင်း Android သဘောတရားကို အနည်းငယ်သိအောင် လုပ်လိုက်ရတယ်။ မေ့နေတဲ့ Java ကို နည်းနည်းလည်း ပြန်စဉ်းစားရတယ်။ အဲဒီ ကြောက်စိတ်လေးက အစပိုင်းမှာ ခံနေတာ။ အခုထက်ထိ အဲဒီ ကြောက်စိတ်လေး အားငယ်စိတ်လေးက ရှိနေတုန်းပဲ။ အဲဒီ စိတ်လေးကပဲ ဒါမလုပ်နဲ့။ ငါအရင် တတ်ထားတဲ့ ဟာကမှ ကောင်းတယ်။ ပိုသင့်တော်တယ် ဆိုပြီး တွန်းအားလေးတွေ မသိမသာပေးနေတယ်။ တစ်ချက်တစ်ချက် နားမလည်လိုက်ရင် လေ့လာချင်စိတ်တွေ ပျောက်ပျောက်သွားတယ်။
အခုတော့ အားတဲ့ အချိန်လေး ၁ ပတ်ကို နည်းနည်းလောက်ပေးပြီး Android လေး လေ့လာမယ်လို့ စဉ်းစားထားတယ်။ အဓိကတော့ Android ဟာ လက်ရှိမှာ အောင်မြင်နေတဲ့ Mobile Platform ဆိုတာ ငြင်းလို့မရတာ အမှန်ပဲ။ နောက်ပြီး သူ့ရဲ့ Market သဘောတရားကိုလေ့လာချင်တာ လည်း ပါတယ်။ Apple ရဲ့ Market သဘောတရားကို သဘောပေါက်ပေမယ့် အခုအချိန်ထိ အောင်မြင် ကျော်ကြားတဲ့ App တစ်ခုကို မရေးနိုင်သေးဘူး။ ရေးဖို့လည်း ကြိုးစားနေတယ်။
Android ရဲ့ Market က Apple ရဲ့ Market ထက်စာရင် ပိုပြီး ပြိုင်ဆိုင်မှု များမလားမသိ။ သေချာတာကတော့ Developer အရေအတွက် ပိုများလိမ့်မယ်။ ဘာပဲပြောပြော Android ကိုတော့ စာလေး ဖတ်လိုက် Simulator လေးမှာ စမ်းကြည့်လိုက်နဲ့ လုပ်နေပါတယ်။
Leave a Reply to Nganuchaung TharCancel reply